DVB Logo
Home
မြန်မာသတင်း
သက်တမ်းလွန် မှတ်ပုံတင်မဲ့ ဆေးဝါးများနှင့် စားသောက်ကုန် တန်ဖိုးသိန်း ၃၀ ကျော် မီးရှို့ဖျက်ဆီး
DVB
·
September 5, 2017
Donate to DVB

မြိတ်မြို့တွင် သက်တမ်းလွန်၊ မှတ်ပုံတင်မဲ့ လူသုံးကုန်ဆေးဝါးတွေနဲ့ စားသောက်ကုန်တွေကို စက်တင်ဘာလ ၄ ရက်နေ့ နေ့လယ် ၂ နာရီခွဲအချိန်ခန့်က ကလွင်နယ်မြေ အမှိုက်ကန်မှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

မြိတ်မြို့က လူသုံးကုန်ဆေးဝါး အရောင်းဆိုင်တွေနဲ့ ကျောင်းမုန့်ဈေးတန်းက မုန့်ဆိုင်တွေကို သြဂုတ်လကုန်အထိ ခရိုင်အစားအသောက်နဲ့ ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီမှ သွားရောက်စစ်ဆေးခဲ့ရာ စားသုံးရန် မသင့်တော်တဲ့ ဆေးဝါးတွေနဲ့ အစားအသောက် အများအပြား တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

ခရိုင်အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီ အတွင်းရေးမှူး ဒေါက်တာဇင်မေဌေးက “မြိတ်ခရိုင် AA Medical Products.Ltd က ဆေးဝါး ၁၀၄ မျိုးနဲ့ ကျမတို့အဖွဲ့က သြဂုတ်လ တလထဲမှာ ဆေးဆိုင်တွေကို သွားရောက်စစ်ဆေးခဲ့တဲ့ မှတ်ပုံတင်မဲ့ဆေးဝါး ၁၄ မျိုး၊ သက်တမ်းကုန် ဆေးဝါး ၉ မျိုးနဲ့ စပ်ဆေး ၁ မျိုး၊ ပြီးတော့ ကျောင်းကျန်းမာရေးအဖွဲ့နဲ့အတူ ကျောင်းမုန့်ဈေးတန်းတွေကို စစ်ဆေးတော့ စားသောက်လို့ မသင့်တဲ့ မုန့် ၂ မျိုးနဲ့ သက်တမ်းလွန် အစားအသောက် ၁၇ မျိုး၊ တန်ဖိုးငွေ ၃,၀၁၇,၁၅၄ ကျပ်ကို သိမ်းဆည်းပြီး မီးရှို့ဖျက်ဆီးပါတယ်" လို့  ပြောပါတယ်။

စားသောက်ရန်မသင့်တဲ့ အစားအသောက်တွေ၊ သက်တမ်းလွန် အစားအသောက်တွေနဲ့ မှတ်ပုံတင်မဲ့ ဆေးဝါးတွေကို စစ်ဆေးရာမှာ လုပ်ငန်းရှင်တွေကို ပထမအကြိမ်အနေနဲ့ ခံဝန်လက်မှတ်ထိုးခိုင်းပြီး ပစ္စည်းတွေကို သိမ်းဆည်းခဲ့ပါတယ်။

နောက်ထပ်စစ်ဆေးတွေ့ရှိပါက အမျိုးသားအစားအသောက်ဥပဒေအရ ကော်မတီရဲ့ အဆုံးအဖြတ်နဲ့ အရေးယူသွားမယ်လို့ လုပ်ငန်းရှင်တွေကို သတိပေး ပြောကြားထားတယ်လို့လည်း   ဒေါက်တာ ဇင်မေဌေးက ပြောပါတယ်။

မြိတ်ခရိုင်မှာ စားသုံးရန်မသင့်တဲ့ ဆေးဝါးတွေကို ပြီးခဲ့တဲ့ ၂လ ခန့်က ရွေ့လျားဓာတ်ခွဲခန်း အသုံးပြုကာ ဈေးတွေမှာ လိုက်လံစစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

သတင်း - မြတ်ထွဋ်(မြိတ်)

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013