DVB Logo
Home
မြန်မာသတင်း
သနားစဖွယ် သင်းကွဲဆင်မလေးကို ဝင်္ဂဘော်ဆင်စခန်းသို့ ပို့ဆောင်မည် (ရုပ်သံ)
DVB
·
September 4, 2017
သနားစဖွယ် သင်းကွဲဆင်မလေးကို ဝင်္ဂဘော်ဆင်စခန်းသို့ ပို့ဆောင်မည် (ရုပ်သံ)
Donate to DVB

ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်၊ မြစ်တရာသစ်တောကြိုးဝိုင်းထဲမှာ အဖော်မဲ့ သင်းကွဲနေတဲ့ အသက် ၈ လအရွယ် ဆင်မလေးတကောင်ကို တွေ့ရှိထိန်းသိမ်ထားပြီး မကြာခင် ပဲခူးတိုင်းက ဝင်္ဂဘော်ဆင်စခန်းကို ပို့ဆောင်သွားမယ်လို့ သစ်တောဦးစီးဌာနက သိရပါတယ်။

မြစ်တရာကြိုးဝိုင်းထဲမှာ ဆင်မလေးတကောင် တောဆင်အုပ်မရှိဘဲ သင်းကွဲဆင်အဖြစ် အဖော်မဲ့ သွားလာနေတယ်လို့ သြဂုတ်လ ၃၁ ရက်နေ့က ဒေသခံပြည်သူတွေက သတင်းပေးပို့ခဲ့တယ်လို့ ဆိုပါတယ်။

ငပုတောမြို့နယ် သစ်တောဦးစီးဌာနဝန်ထမ်းတွေ၊ တင်းချောင်းကျေးရွာ အုပ်ချုပ်ရေးမှူးပါတဲ့ ပူးပေါင်းအဖွဲ့တို့ဟာ ဆင်မလေးကို ဆင်မုဆိုးတွေရဲ့ အန္တရာယ်မှ ကာကွယ်နိုင်ရေး ရှာဖွေ ဖမ်းဆီးခဲ့ပြီး လတ်တလော တင်းချောင်းကျေးရွာမှာပဲ ထိန်းသိမ်းစောင့်ရှောက်ထားကာ ပဲခူးတိုင်း ဝင်္ဂဘော်ဆင်စခန်းကို ပို့ဖို့ စီစဉ်ဆောင်ရွက်နေတယ်လို့ ငပုတောမြို့နယ် သစ်တောဦးစီးဌာနကနေ သိရပါတယ်။

ငပုတောမြို့နယ် တင်းချောင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးထွန်းလေးက “ဒီဆင်လေး တွေ့ရှိပုံကတော့ ဝါးဘလောက်ကျေးရွာအုပ်စုကနေ လယ်ယာမြေထဲမှာ သားပေါက်လေးတကောင် အဖော်ကွဲနဲ့ တွေ့ရှိရတယ်ပေါ့။ အဲဒါနဲ့ ရွာသားတွေက ရာအိမ်မှူး ဦးဌေးဦးကို အကြောင်းကြားတယ်။ ပြီးတော့ ကျနော်တို့ သွားကြည့်တဲ့အချိန်မှာ သက်ဆိုင်ရာ သစ်တောဦးစီးဌာနရယ်၊ ဒီက ဆင်ချစ်သူအဖွဲ့ရယ် EURU အဖွဲ့ရယ်ပေါ့။ လှမ်းပြီး သတင်းပို့ အကြောင်းကြားတယ်။ ပြီးမှ ဒေါက်တာလင်းလင်းထွန်းတို့အဖွဲ့က တောဆင်ရိုင်းလေးကို လာရောက်ခေါ်ယူ ထိန်းသိမ်းထားတာပါ။ လောလောဆယ် ဒီဆင်ကို သစ်တောနဲ့ မြန်မာ့သစ်လုပ်ငန်းကို လွှဲပြောင်းပေးဖို့ မရှိသေးဘူး။ သစ်တောကလည်း ဒီဆင်လေးကို အနာတွေ ဘာတွေ ကျက်အောင်၊ ကောင်းကောင်းမွန်မွန် ရွှင်ရွှင်လန်းလန်း ဖြစ်အောင် သူတို့စောင့်ရှောက်ပြီးတော့မှ မြန်မာ့သစ်လုပ်ငန်းကို လွှဲမယ်။ မကွေးတိုင်း ဝင်္ဂဘော်ဆင်စခန်းကို ဒီဆင်လေးကို ခေါ်ဆောင်သွားမယ်လို့ သိရတယ်”လို့ ပြောပါတယ်။

ဖမ်းဆီးရမိခဲ့တဲ့ ဆင်မလေးဟာ အသက် ၈ လသားအရွယ်ရှိပြီး အနက်ရောင်ဖြစ်ကာ လုံးပတ် ၅ ပေ၊ အမြင့် ၃ ပေ ၁၀ လက်မ၊ ကျောအရှည် ၃ ပေ၊ အမြီး ၁ ပေ ၁၀ လက်မရှိနေပြီး သူ့ကို မြစ်တစ်ရာကြိုးဝိုင်း အကွက်အမှတ် (၁၉၇)၊ ခန့်မှန်းမြေပုံညွှန်း(FP-564137) နေရာမှာ တွေ့ရှိခဲ့တယ်လို့ သစ်တောဦးစီးဌာန စာရင်းတွေအရ သိရပါတယ်။

ဆင်ဆရာဝန် လင်းလင်းထွန်းက “‘ဒီဆင်ကလေးမှာ စဖမ်းတဲ့အချိန်မှာ ကြိုးနဲ့ချည်ပြီး ဖမ်းရတာဆိုတော့ ကြိုးကွင်းဒဏ်ရာလေးတော့ ရှိတာပေါ့။ အဲဒါကို ကျနော်တို့ အော့ဆီစပရေး ဖျန်းပြီးတော့မှ ကုသပေးပါတယ်။ အခုဆိုရင် အနာနည်းနည်း ကျက်လာပြီ။ ကျနော်တို့ လောလောဆယ် အစီအစဉ်ကတော့ ပဲခူး ဝင်္ဂဘော်ကို ပို့မယ်လို့ စီစဉ်ထားတယ်။ ဝန်ကြီးရုံးကနေ အမိန့်မကျသေးလို့ စောင့်ဆိုင်းနေတာ။ ဆင်ကလေးက သူ့သဘာဝအမှန်အတိုင်းဆို ဒီအရွယ်တွေက နို့စို့တုန်းပဲ ရှိသေးတယ်။ သူက သူ့အမေနဲ့ ဝေးနေတာ ကြာပြီလို့ ယူဆရတာပေါ့နော်။ အဲဒီတော့ သူက သူ့အသက်အရွယ်နဲ့ အပြင်သဘာဝအစားအစာကို ရှာဖွေစားသောက်နိုင်တဲ့အဆင့် ရောက်နေပြီ။ အစာပဲ ပံ့ပိုးပေးလိုက်တော့မယ်။ နို့ကို မတိုက်လည်း ရတယ်ပေါ့” လို့ ပြောပါတယ်။

ငပုတောမြို့နယ် တင်းချောင်းကျေးရွာမှာရှိတဲ့ ငရုတ်ကောင်းတောင်ဒေသဟာ ရခိုင်ရိုးမနဲ့ ဆက်စပ်နေပြီး တောဆင်ရိုင်းအုပ်တွေလည်း မကြာခဏ ဝင်ရောက်လေ့ရှိကာ တောဆင်ရိုင်းပေါက်တွေလည်း တောင်ကျချောင်းရေနဲ့ မျောပါလာတတ်သလို တောဆင်ရိုင်းအုပ်နဲ့ ကွဲကာ လမ်းမှားပြီး မကြာခဏ ရောက်လာတတ်တဲ့ ဒေသတခု ဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

သတင်း - မြမင်းဦး(ပုသိမ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013