DVB Logo
Home
မြန်မာသတင်း
MDCF အဖွဲ့ခေါင်းဆောင်ဦးထင်ကျော်လွတ်မြောက်
DVB
·
September 4, 2017
MDCF အဖွဲ့ခေါင်းဆောင်ဦးထင်ကျော်လွတ်မြောက်
1 / 2
Donate to DVB

 

တပ်မတော်ကို ဝေဖန်ပြောဆိုမှုကြောင့် ပုဒ်မ ၅ဝ၅ (က)နဲ့ ဖမ်းဆီးတရားစွဲဆိုခံထားရတဲ့ ဒီမိုကရေစီရေး စဉ်ဆက်မပြတ်လှုပ်ရှားသူများအဖွဲ့ MDCF ခေါင်းဆောင် ဦးထင်ကျော် ဒီကနေ့ အင်းစိန်အကျဉ်းထောင်ကနေ ပြန်လည်လွတ် မြောက်လာပါတယ်။

တပ်မတော်က သတင်းသမားတွေနဲ့  လူပုဂ္ဂိုလ် ၈ ဦး အပေါ်စွဲဆိုထားတဲ့ အမှုတွေကို ကျေအေးပြီး ပြန်ရုပ်သိမ်းလိုက်ကြောင်း စက်တင်ဘာလ ၁ ရက်နေ့က ထုတ်ပြန်ခဲ့ရာမှာ ဦးထင်ကျော်ရဲ့ အမှုလည်း တခုအပါအ၀င်ဖြစ်ပါတယ်။

ဒီလိုထုတ်ပြန်တဲ့အတွက် ရန်ကုန်တိုင်း မြောက်ဥက္ကလာပမြို့ နယ်တရားရုံးကနေပြီး အမှုရုပ်သိမ်းကာ ပြန်လွှတ်ပေးသလို ရန်ကင်းတရားရုံးမှာလည်း ပုဒ်မ ၄၄၇ နဲ့အမှုရင်ဆိုင်နေရတဲ့ အတွက် ရန်ကင်းတရားရုံးမှာ ကိုယ်ပိုင်ခံဝန်ယူပြီး ပြန်လွတ်မြောက်လာခဲ့တယ်လို့  ဦးထင်ကျော်ရဲ့ ဇနီးမသန်းသန်းမော်က ပြောပါတယ်။

“ထောင်ကနေ ထွက်တာတော့ ၁ နာရီဝန်းကျင်ပေါ့။ မြောက်ဥက္ကလာတရားရုံးမှာ လွှတ်ပေးတာက  ၁ နာရီခွဲ။ အဲဒီကနေပြီးတော့ ရန်ကင်းမှာ အမှုကျန်တာရှိလို့ အာမခံသွားလုပ်တာ။ အခုမှ ပြန်ရတယ်။”

ဒီမိုကရေစီရေး စဉ်ဆက်မပြတ်လှုပ်ရှားသူများအဖွဲ့ MDCF ခေါင်းဆောင် ဦးထင်ကျော်ကိုဟာ ပြီးခဲ့တဲ့ ၂၀၁၆ အောက်တိုဘာလ ၂၁ ရက်က မြောက်ဥက္ကလာပ တရားရုံးရှေ့မှာ ဆန္ဒထုတ်ဖော်ချိန် တပ်မတော်ကို ဝေဖန်ခဲ့တဲ့အတွက် ရန်ကုန်တိုင်း စစ်ဌာနချုပ် က ဒုဗိုလ်မှူးကြီး ဇော်ဇော်က တရားလိုပြုတရားစွဲခဲ့တာပါ။

သူဟာ ၂၀၁၆ အောက်တိုဘာ ၂၆ ရက်နေ့မှာ ဖမ်းဆီးခံခဲ့ရပြီး အင်းစိန်ထောင်ကနေပြီး အမှုရင်ဆိုင်နေရတာ ၁ နှစ်နီးပါးရှိပြီဖြစ်ပါတယ်။

တပ်မတော်က ပြန်လည်ရုပ်သိမ်းလိုက်တဲ့ အမှု ၈ ခုမှာ ၀န်းသိုမြို့နယ် တရားရုံးမှာ ဥပဒေပုဒ်မ-၅၀၂နဲ့ တရားစွဲထားတဲ့ The Daily Eleven အယ်ဒီတာချုပ် ဦးဝေဖြိုးအမှု၊ ဗဟန်းမြို့နယ် တရားရုံးမှာ သတင်းမီဒီယာဥပဒေပုဒ်မ-၂၅(ခ)နဲ့ ဆက်သွယ်ရေး ဥပဒေပုဒ်မ-၆၆(ဃ)တို့နဲ့ တရားစွဲဆိုထားတဲ့ The Voice Daily အယ်ဒီတာချုပ် ဦးကျော်မင်းဆွေနဲ့ ကလောင်ရှင် ဗြိတိသျှကိုကိုမောင်အမှု၊ သီပေါမြို့နယ်တရားရုံးမှာ မတရား အသင်း အက်ဥပဒေပုဒ်မ ၁၇(၁)နဲ့ အမှုဖွင့်ထားတဲ့ ဒီဗွီဘီ အကြီးတန်း သတင်းထောက် ဦးအေးနိုင်၊ ဦးပြည့်ဘုန်းအောင်နဲ့ ဧရာဝတီ အကြီးတန်းသတင်းထောက် ဦးသိန်းဇော်တို့ရဲ့ အမှုတွေ ဖြစ်ပါတယ်။

ဒါ့အပြင် မြောက်ဥက္ကလာပမြို့နယ်တရားရုံးမှာ ရာဇသတ်ကြီး ဥပဒေပုဒ်မ-၅၀၅(က)နဲ့ အမှုဖွင့်လှစ်ခဲ့တဲ့ ဦးထင်ကျော်(ခ) ကျော်ထင်အမှု၊  တောင်ငူ မြို့နယ်တရားရုံးမှာ ဥပဒေပုဒ်မ- ၅၀၅(ခ)နဲ့ အမှုဖွင့်လှစ်ခဲ့တဲ့  တောင်ငူ ဗကသဒုဥက္ကဋ္ဌ ဝေယံသိန်း(ခ)ဗစ်တာ ဦးဆောင်တဲ့ ကျောင်းသားမျိုးဆက်ကေတုအိုးဝေတော်လှန်သံချပ်အဖွဲ့တို့ကို စွဲထားတဲ့ အမှုတွေကိုလည်း ရုပ်သိမ်းပေးခဲ့တာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013