DVB Logo
Home
Lead Story
မြောက်ကလေးရဲ့ ဆန့်ထုတ်လိုက်တဲ့ လက်တံ
DVB
·
September 4, 2017
မြောက်ကလေးရဲ့ ဆန့်ထုတ်လိုက်တဲ့ လက်တံ
Donate to DVB

မြောက်ကိုရီးယားနိုင်ငံကတော့ ပြီးခဲ့တဲ့ အင်္ဂါနေ့ (သြဂုတ် ၂၉ ရက်) က သူ့ရဲ့ တာလတ်ပစ်ဒုံးကျည်တစင်းကို ဂျပန်နိုင်ငံ ဟိုကိုင်းဒိုးကျွန်းပေါ်ကို ကျော်ပြီး ပစိဖိတ်သမုဒ္ဒရာထဲ ကျရောက်အောင် ပစ်လွှတ်ပြလိုက်ရင်း အမေရိကန်နဲ့ သူ့မဟာမိတ်နိုင်ငံတွေကို သတိပေး အစွမ်းပြလိုက်ပြန်ပါပြီ။ အင်္ဂါနေ့ အစောပိုင်းက ပစ်လွှတ်လိုက်တဲ့ ခေတ်မီဆန်းသစ်တဲ့ ဒုံးကျည်ဟာ အမေရိကန်ရဲ့ အာရှဒေသက မဟာမိတ်နိုင်ငံတနိုင်ငံဖြစ်တဲ့ ဂျပန်နိုင်ငံ ဟိုကိုင်းဒိုးကျွန်းပေါ်က ကျော်ပြီး ပစ်လိုက်တာ ဖြစ်လို့ ကျွန်းပေါ်မှာ နေထိုင်ကြတဲ့ ပြည်သူတွေကို အကာအကွယ်ယူကြဖို့ အာဏာပိုင်တွေက သတိပေးရတဲ့အထိ ဖြစ်သွားခဲ့ပါတယ်။ ပစ်ခတ်ပြီးနောက်ပိုင်း ဒါဟာ ‘ပထမခြေလှမ်း’သာ ဖြစ်တယ်လို့ မြောက်ကိုရီးယားနိုင်ငံက သတိပေး ပြောကြားခဲ့ပါတယ်။

အမေရိကန်နိုင်ငံကိုလည်း မြောက်ကိုရီးယားနိုင်ငံအနေနဲ့ အမေရိကန်ရဲ့ စစ်စခန်းတွေ တည်ရှိရာ ဂူအမ်ကျွန်း ဒါမှမဟုတ် ပစိဖိတ်ဒေသက တခြားနေရာတွေကိုလည်း အလွယ်တကူ ပစ်မှတ်ထား ပစ်ခတ်တိုက်ခိုက်နိုင်စွမ်း ရှိတယ် ဆိုတာကို ရှင်းရှင်းလင်းလင်း သတိပေးလိုက်တာလည်း ဖြစ်ပါတယ်။

အဲဒီပစ်ခတ်လိုက်တဲ့ အချိန်ဟာ အမေရိကန်နဲ့ တောင်ကိုရီးယားနိုင်ငံတို့ရဲ့ နှစ်ပတ်လည် ပူးတွဲစစ်ရေးလေ့ကျင့်မှု ပြုလုပ်နေတဲ့အချိန်လည်း ဖြစ်သလို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ရက်ခ်ဆ် တေလာဆန်က တွေ့ဆုံဆွေးနွေးဖို့ ကမ်းလှမ်းပြောဆိုခဲ့ပြီးချိန်လည်း ဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စု သမ္မတ ဒေါ်နယ်လ်ထရမ့်ကတော့ “ကမ္ဘာကတော့ မြောက်ကိုရီးယားနိုင်ငံရဲ့ ခုပေးပို့လိုက်တဲ့ သတင်းစကားကို ဒီနိုင်ငံဟာ သူ့ရဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့ ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေအားလုံးအပေါ် အရေးမစိုက်ဘူးဆိုတာ ပြသလိုက်တာပဲ။ နိုင်ငံတကာ လက်ခံနိုင်စရာ စံနှုန်းအရ လက်သင့်ခံနိုင်စရာမရှိတဲ့ အပြုအမူကို ပြသလိုက်တာပဲ” လို့ ပြောကြားခဲ့သလို “မြောက်ကိုရီးယားနိုင်ငံကို ဒေသထဲမှာ အထီးကျန် ပိုပြီးဖြစ်အောင် လုပ်လိုက်တဲ့၊ ခြိမ်းခြောက်တဲ့၊ မတည်မငြိမ်ဖြစ်စေတဲ့ လုပ်ရပ်တွေပဲ ဖြစ်တယ်”လို့လည်း တုံ့ပြန်ပြောကြားရင်း “ရွေးချယ်စရာတွေက စားပွဲပေါ်မှာ ရှိနေပြီ” လို့လည်း သတိပေးလိုက်ပါတယ်။

ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး နစ်ကီဟာလေကလည်း “လူပေါင်း သန်း ၁၃၀ နေထိုင်တဲ့ ဂျပန်နိုင်ငံလိုမျိုး နိုင်ငံတခုကို ဘယ်လိုနိုင်ငံမျိုးကမှ ဒုံးကျည်တွေကို ကျော်ပြီး မပစ်သင့်ပါဘူး။ ဒါဟာ လက်ခံနိုင်စရာ မဟုတ်ပါဘူး” လို့ ပြောကြားခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စု သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ မြောက်ကိုရီးယားအပေါ် တုံ့ပြန်အရေးယူဖို့ ရွေးချယ်စရာတွေက ဘာတွေလဲဆိုတာ ကြည့်လိုက်တော့…

ပထမ ရွေးချယ်စရာနည်းလမ်းက ချဲ့ထွင်ခြိမ်းခြောက်လာမှုတွေကို ကာကွယ်ရေးစနစ် ချထားဖို့ပါ။

ကာကွယ်ရေးပညာရှင်တွေကတော့ အဲဒီနည်းဟာ အန္တရာယ်အနည်းဆုံး ဖြစ်သလို ထိရောက်မှုအနည်းဆုံး ဖြစ်တာကို ကာလရှည်ကြာ တည်ဆောက်ချထားခဲ့တာတွေဟာ မြောက်ကိုရီးယားနိုင်ငံရဲ့ တိုက်ချင်းပစ်ဒုံးကျည်နဲ့ နျူကလီးယားစမ်းသပ်မှုတွေကို တားဆီးရာမှာ အောင်မြင်မှု မရှိသလောက်ပဲလို့ ဆိုပါတယ်။

အမေရိကန်ပြည်ထောင်စုဟာ သူ့ရဲ့ အငြင်းပွားနေဆဲ မြေပြင်အခြေစိုက် ဒုံးကျည် ကာကွယ်ရေးစနစ် သဒ် (Thaad system) အပါအဝင် မြေပြင်တပ်တွေ၊ လက်နက်ကြီးတွေ၊ သံချပ်ကာယာဉ်တွေကို ထပ်ရွှေ့ပြောင်းဖြည့်ဆည်းပြီး သူ့ရဲ့လိုအပ်မှုအရ လိုလိုလားလား လုပ်ဆောင်နိုင်တာကို ပြသနိုင်ပါတယ်။ ဒါပေမယ့် ပြဿနာက တောင်ကိုရီးယားနိုင်ငံက လက်ရှိ သဒ်အတွက် ဆောင်ရွက်နေမှုတွေကို ယာယီရပ်ဆိုင်းထားခဲ့သလို အမေရိကန်နိုင်ငံရဲ့ မြေပြင်တပ်ဖွဲ့တွေ တိုးမြှင့်ချထားရေးကိုလည်း အပြင်းအထန် ဆန့်ကျင်နေခဲ့တာပါပဲ။

အကြောင်းကတော့ မြောက်ကိုရီးယားကို စိတ်ဆိုးအောင် သွားစသလို ဖြစ်မှာ စိုးရိမ်နေခဲ့လို့ပဲ ဖြစ်ပါတယ်။

လက်ရှိလုပ်နေတဲ့ အမေရိကန်၊ တောင်ကိုရီးယား ၂ နိုင်ငံ ပူးတွဲ စစ်ရေးလေ့ကျင့်မှုတွေ အားလုံးကို မြောက်ကိုရီးယားနိုင်ငံက အဲဒီလုပ်ဆောင်မှုတွေ အားလုံးဟာ မြေပြင်ကနေ ကျူးကျော်ထိပါးလာဖို့ ပဏာမကြိုးစားချက်ပဲလို့ နားလည်ထားလို့ပဲ ဖြစ်ပါတယ်။

မြောက်ကိုရီးယား တနိုင်ငံတည်းတင်မကဘဲ တရုတ်နဲ့ ရုရှားနိုင်ငံတွေကလည်း အရှေ့ဥရောပနဲ့ တောင်နဲ့ အရှေ့တရုတ်ပင်လယ်ပြင်လို နေရာမျိုးတွေမှာ အမေရိကန်ပြည်ထောင်စုအတွက် အခက်အခဲကြုံရအောင် လုပ်နိုင်တဲ့ အင်အားရှိတဲ့ နိုင်ငံတွေ ဖြစ်ပါတယ်။ သူတို့ကလည်း အဲဒီလို အမေရိကန်က မြေပြင်က ကျူးကျော်ဝင်ရောက်ဖို့ ကြိုးစားမှာကို အပြင်းအထန် ဆန့်ကျင် ကန့်ကွက်ထားခဲ့ပါတယ်။

နောက် အမေရိကန်ပြည်ထောင်စုဟာ ကိုရီးယားကျွန်းဆွယ်ဒေသကို ဒုံးကျည်တွေ ပစ်ချနိုင်တဲ့ သူ့ရဲ့ ခရူဇာသင်္ဘောတွေနဲ့ ဖျက်သင်္ဘောတွေ ဖြစ်နိုင်တဲ့ တိုက်ခိုက်ရေး လေယာဉ်တင်သင်္ဘောအုပ်စုတွေကိုလည်း တိုးပြီးချထားနိုင်ပါတယ်။ အဲဒီရေတပ်တွေကို တိုက်လေယာဉ်တွေ၊ ထောက်ပံ့ရေးလေယာဉ်တွေ၊ စောင့်ကြည့်ရေး လေယာဉ်တွေ၊ ဂူအမ်ကျွန်း၊ တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံအခြေစိုက် အကြီးစား ဗုံးကြဲလေယာဉ်ကြီးတွေနဲ့လည်း အထောက်အကူ ပေးနိုင်ပါသေးတယ်။ ဒါပေမယ့် အမေရိကန်ပြည်ထောင်စုရဲ့ ရေတပ်နဲ့ လေတပ်တွေဟာ အီရတ်နဲ့ အာဖဂန်နစ္စတန်နိုင်ငံတွေ အပါအဝင် ကမ္ဘာတဝှမ်းလုံးမှာရှိတဲ့ စစ်ဆင်ရေးလှုပ်ရှားမှုတွေအတွက် အင်အားမြှင့်ချထားမှုတွေကို ပံ့ပိုးကူညီနေရတဲ့ ကြီးမားတဲ့ တာဝန်ကြီးတွေရဲ့ဒဏ်ကို ဆယ်စုနှစ်နဲ့ချီပြီး ခံလာခဲ့ရတဲ့ အခြေအနေမှာ ရှိနေတာကို တွေ့ရပါတယ်။

နောက် အမေရိကန်ပြည်ထောင်စုက သူ့ရဲ့စစ်တပ်ကို တိုးချဲ့ချထားခဲ့ပေမယ့် မြောက်ကိုရီးယားရဲ့ အလျှင်အမြန် ဖွံ့ဖြိုးလာနေတဲ့ နျူကလီးယား အစီအစဉ်တွေနဲ့ ဒုံးကျည်စမ်းသပ်မှုတွေကိုတော့ ရပ်တန့်သွားအောင် မလုပ်နိုင်ခဲ့တာကတော့ ပကတိအခြေအနေ ဖြစ်ပါတယ်။ နိုင်ငံရဲ့ လေပိုင်နက်ပြင်ပကို ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်တွေကို ပစ်ချဖို့ဆိုရင်လည်း အမေရိကန်ပြည်ထောင်စု ရေတပ်ကို ကိုရီးယားကျွန်းဆွယ်ဝန်းကျင်မှာ အဓိက တိုးများလာအောင် ချထားပေးဖို့ လိုအပ်လာမှာ ဖြစ်ပါတယ်။

တခြားပြဿနာတခုကတော့ မြောက်ကိုရီးယားမှာ ကြီးမားတဲ့ ဒုံးကျည်လက်နက်တိုက်တခု ရှိနေပြီး အမေရိကန်ပြည်ထောင်စုရဲ့ ကြားဖြတ်တိုက်ဖျက်ရေး ဒုံးကျည်တွေက အလွန်အမင်း ဈေးကြီးပြီး သင်္ဘောတစီးစီမှာ တင်ဆောင်နိုင်တဲ့ အရေအတွက်ကလည်း အကန့်အသတ် ရှိနေတာပါပဲ။ တကယ်တမ်း တိုက်ခိုက်တဲ့အချိန်မှာ ဒုံးကျည်ပြတ်လပ်သွားပြီး အကာအကွယ်မဲ့ ဖြစ်သွားနိုင်တဲ့အတွက် မူလဆိပ်ကမ်းကို မဖြစ်မနေ ပြန်လှည့်ရမယ့်သဘော ရှိပါတယ်။ ဒါကြောင့် ဒီကာကွယ်ရေးမူဝါဒဟာ အကုန်အကျ များလွန်းသလို မြောက်ကိုရီးယားရဲ့ စိန်ခေါ်မှုအတွက် မလုံလောက်ဘူးလို့ ပြောရမှာပါပဲ။ နောက်ပြီး တိုက်ရိုက်စစ်ရေးပဋိပက္ခဖြစ်ဖို့ အန္တရာယ်လည်း မြင့်တက်လာနိုင်တဲ့အတွက် သုံးလို့မဖြစ်နိုင်ဘူးလို့ စစ်ရေးကျွမ်းကျင်သူတွေက ယူဆပါတယ်။

ဒုတိယ ရွေးချယ်စရာ နည်းလမ်းကတော့ ထိုးခွဲတိုက်ခိုက်မှုပါ။ အမေရိကန်ပြည်ထောင်စု လေတပ်နဲ့ ရေတပ်တွေမှာ ခေတ်မီတဲ့ ထိုးခွဲတိုက်ခိုက်နိုင်စွမ်းရှိတဲ့ လက်နက်တွေ အများကြီးရှိနေပါတယ်။ ပစ်မှတ်ကို တိတိကျကျ ပစ်ခတ်နိုင်တဲ့ တွမ်ဟော့ခ် ဒုံးကျည်တွေကို မြောက်ကိုရီးယားကမ်းလွန်ကနေ ရေငုပ်သင်္ဘောကနေ ပစ်ခတ်တာ။ ဘီ-၂ လို လျှို့ဝှက်ဗုံးကြဲလေယာဉ်တွေ သုံးပြီး မြောက်ကိုရီးယားရဲ့ အဓိက နျူကလီးယားစခန်းတွေနဲ့ ဒုံးကျည်လက်နက်တိုက်တွေကို တိုက်ခိုက်တာမျိုး လုပ်နိုင်ပါတယ်။ မြေအောက်မှာ နက်နက်ရှိုင်းရှိုင်း မြှုပ်ထားတဲ့ မြေအောက်အခိုင်အမာ အဆောက်အဦတွေမှာ ထားတဲ့ တန်ဖိုးကြီး ပစ်မှတ်တွေကိုလည်း ပေါင် ၃၀၀၀၀ လေးတဲ့ ကြီးမားတဲ့ လက်နက်တိုက်ထိုးခွဲတိုက်ခိုက်ရေး (အမ်အိုပီ) ဗုံးကြီးတွေ တိုက်ခိုက်မယ်ဆိုရင် ပျက်စီးမှု အကြီးအကျယ် ဖြစ်မှာကတော့ အသေအချာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် မြောက်ကိုရီးယားနိုင်ငံရဲ့ လေကြောင်းရန်ကာကွယ်ရေးကွန်ရက်ရဲ့ အင်အားကို မှန်းဆဖို့ကလည်း ခက်ခဲလှပါတယ်။ ရုရှားနဲ့ တရုတ်လုပ်မြေပြင်က ဝေဟင်ပစ် ဒုံးကျည်တွေ၊ ပြည်တွင်းဖြစ်ဒုံးကျည်တွေ၊ ရေဒါစနစ်တွေဟာ နှစ်ပေါင်း ၅၀ ကျော်ကာလအတွင်း ဘယ်လောက်ဖွံ့ဖြိုးတိုးတက် များပြားနေပြီဆိုတာ ပြောဖို့ မဖြစ်နိုင်သလောက်ပါပဲ။ အမေရိကန်လေယာဉ်တွေ ပစ်ချခံရလို့၊ ဒါမှမဟုတ် မတော်တဆဖြစ်လို့ပဲဖြစ်ဖြစ် လေယာဉ်မှူးတွေကို ကယ်ဆယ်ဖို့ မဖြစ်နိုင်သလောက်ဖြစ်ပြီး စွန့်ပစ်လိုက်ရမယ့် အနေအထား ရောက်ရမှာပါ။ နောက်အန္တရာယ်တခုက မြောက်ကိုရီးယား ပြည်သူ့တပ်မတော်ဟာ အမေရိကန်ရဲ့ မဟာမိတ်ဖြစ်တဲ့ အနီးကပ်ဆုံး တောင်ကိုရီးယားနိုင်ငံကို လက်တုံ့ပြန်တိုက်ခိုက်မယ်ဆိုရင်လည်း အကြီးအကျယ် ပျက်စီးဆုံးရှုံးအောင် တိုက်ခိုက်နိုင်စွမ်း ရှိနေတာပါပဲ။ အမြဲတမ်းတပ်အင်အား တသန်းကျော်နဲ့ အရန်တပ် အကူတပ် အင်အား ၆ သန်းကျော်ရှိတယ်လို့ တချို့အကဲခတ်တွေက ခန့်မှန်းကြတဲ့အတွက် လက်တုံ့ပြန်လာရင်  လူဦးရေ ၁၀ သန်းကျော် နေထိုင်တဲ့ တောင်ကိုရီးယားနိုင်ငံ မြို့တော်အထိ သမားရိုးကျ ရော့ကက်တွေနဲ့ တိုက်ခိုက်နိုင်တဲ့အတွက် အများကြီး အန္တရာယ်ကြီးပါတယ်။ အသုံးချလို့ရတဲ့ နျူကလီးယားလက်နက် မပါဘဲ၊ အင်အားနဲ့ တောင်ကိုရီးယားကို ကျူးကျော်မဝင်ရောက်ဘဲနဲ့တောင် အမေရိကန်ရဲ့ မဟာမိတ်ဖြစ်တဲ့ တောင်ကိုရီးယားကို မြောက်ကိုရီးယားက အဆုံးသတ်ပစ်လိုက်လို့ ရတယ်လို့ ပြောရင် မမှားနိုင်ပါဘူး။

တတိယ ရွေးချယ်စရာဖြစ်တဲ့ အပြည့်အဝ ကျူးကျော်တိုက်ခိုက်ဖို့ လမ်းကလည်း အမေရိကန်စစ်တပ်ကို အသင့်ဖြစ်ဖို့ လပေါင်းအတော်ကြာ အချိန်ယူရမှာ ဖြစ်သလို တောင်ကိုရီးယားနိုင်ငံရဲ့ အင်အားပြည့် ပူးပေါင်းပါဝင်ဖို့လည်း လိုအပ်ပါတယ်။ အဆိုးဆုံးကတော့ နှစ်ဘက်စလုံးမှာ ထောင်သောင်းချီတဲ့ အသက်တွေ ဆုံးရှုံးရမှာပဲ ဖြစ်ပါတယ်။ ဒါတောင် အမေရိကန်အစိုးရရဲ့ မဟာမိတ်နိုင်ငံတခုဖြစ်တဲ့ ဂျပန်နိုင်ငံ ကြုံတွေ့ရနိုင်တဲ့ မြောက်ကိုရီးယားရဲ့ တိုက်ခိုက်လာနိုင်စရာရှိတဲ့ အန္တရာယ်ကို ထည့်မပြောသေးပါဘူး။

ဒီပဋိပက္ခဟာ အမေရိကန်သမ္မတ၊ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းနဲ့ သူတို့ရဲ့ မဟာမိတ်နိုင်ငံ ခေါင်းဆောင်တွေတင်မက ကုလသမဂ္ဂနဲ့ နိုင်ငံတကာကပါ အလေးထား စဉ်းစားရမယ့် ပဋိပက္ခ ဖြစ်ပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့် ရွေးချယ်စရာရှိတဲ့ ၃ လမ်းလုံးကတော့ နှစ်ဘက်စလုံးအတွက်ရော မဟာမိတ်နိုင်ငံတွေအတွက်ပါ ကြီးမားတဲ့ ဆိုးကျိုးအန္တရာယ် ရှိနေတယ် ဆိုတာကို သတိထားဖို့ လိုအပ်ပါလိမ့်မယ်။         ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013