DVB Logo
Home
မြန်မာသတင်း
ရွှေတူးဖော်မှုကြောင့် တာချီလိတ် နားဟိုင်းလုံရွာနှင့် လယ်ကွင်းများသို့ ရွှံ့နွံများ ၀င်ရောက်
DVB
·
September 4, 2017
ရွှေတူးဖော်မှုကြောင့် တာချီလိတ် နားဟိုင်းလုံရွာနှင့် လယ်ကွင်းများသို့ ရွှံ့နွံများ ၀င်ရောက်
1 / 4
Donate to DVB

 

ရှမ်းပြည်အရှေ့ပိုင်း တာချီလိတ်ခရိုင် တာလေမြို့နယ်ခွဲ မိုင်းလင်းအနောက် နားဟိုင်းလုံကျေးရွာမှာ ရွှေတူးဖော်ရေးလုပ်ငန်းက စွန့်ပစ်မြေစာတွေ မိုးရေတွေနဲ့အတူ ၀င်ရောက်လာလို့ နားဟိုင်းလုံရွာနဲ့လယ်ကွက်တွေထဲ ရွှံ့နွံတွေ ဖုံးလွှမ်းကုန်တယ်လို့ ဒေသခံက ပြောပါတယ်။

ရွာရဲ့ အထက်ဘက် တောင်ပေါ်မှာ ရွှေတူးဖော်ရေးကုမ္ပဏီ ၉ ခုလောက်ရှိပြီး အဲဒီက  စွန့်ပစ်မြေစာတွေ စီးဆင်းလာတာကြောင့် ရွာထဲမှာ ရွှံ့နွံတွေပိတ်နေပြီး အိမ်ခြေအလုံး ၄၀ လောက် ပြောင်းရွှေ့ရမယ့်အနေအထားရောက်နေသလို လယ်မြေဧက ရာနဲ့ချီ ဆုံးရှုံးနိုင်တယ်လို့  ဒေသခံလည်းဖြစ်၊ ရှမ်းတောင်သူလယ်သမားကွန်ရက် အဖွဲ့ဝင်လည်းဖြစ်တဲ့ စိုင်းနွမ်က ဒီဗွီဘီကို ပြောပါတယ်။

“သြဂုတ် ၂ ရက် မနက်အစောကြီးကစပြီး ရွှံ့နွံတွေ စပြီးဝင်လာတယ်။ အမှောင်ထဲမှာ ဘာမှလုပ်လို့မရဘူး။ မိုးလင်းတော့ တရွာလုံး ဗွက်ထနေပြီ။ တချို့အိမ်ဆို အောက်ထပ်တခုလုံး ရွှံ့တွေဖုံးသွားတယ်။ သဘာဝအတိုင်း မိုးရိုးရိုးရွာရင်တော့ ရေတွေပဲ ရှိတာပေါ့။ အခုက သဲတွေရော၊ နုန်းတွေရောပါတယ်။ ရွှေတူးလုပ်ငန်းငန်းကလာတဲ့ မြေစာတွေပေါ့။ အခုရွာမှာ ရွှံ့ဗွက်တွေဝင်လာတော့ ကုမ္ပဏီက ကားတွေနဲ့ လာရှင်းပေးနေပေမယ့် ရွှံ့တွေ တအားများတော့ မနိုင်ဘူး၊ အရင်ကလည်း ဒီလိုဖြစ်ဖူးပေမယ့် ဒီတခါအခြေအနေ တော်တော်ဆိုးတယ်၊ ရွာအထက် ကားလမ်းမကြီးပေါ်ကနေ လှမ်းကြည့်ရင် ရွာကို မမြင်ရတော့ဘူး၊ အိမ်တွေရွှေ့ပြောင်းရမယ့် အခြေအနေရောက်နေတယ်။ အိမ်ကြီးအိမ်ကောင်းတွေ၊ နှစ်ထပ်တိုက် အိမ်တွေလည်း ပါတယ်။”

လားဟူပြည်သူ့စစ်ခေါင်းဆောင်နဲ့ ရွာသူကြီးတို့ ပူးပေါင်းပြီး ရွှံ့ဝင်တဲ့ အိမ်နဲ့ လယ်ကွင်းတွေ စာရင်းကောက်ခံရာမှာ အခြေအနေဆိုးတဲ့ အိမ် ၁၀ လုံး၊ သိပ်မဆိုးတဲ့ အိမ်ခြေ ၃၀ ကျော် ရှိကြောင်း၊ ရွှံ့ဝင်တဲ့ လယ်ကွင်းတွေကတော့ ဧကပေါင်း ၄၀၀ လောက်ရှိမယ်လို့ ဆိုပါတယ်။

အခုလို ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်လာရတာဟာ ရွှေတူးဖော်ရေးကုမ္ပဏီတွေမှာ အဓိက တာဝန်ရှိတာကြောင့် ပြည်သူ့စစ်ခေါင်းဆောင်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးက အဲဒီစာရင်းတွေကို ကုမ္ပဏီထံ တင်ပြပြီး ရွှေတူးဖော်မှုတွေ ရပ်ဆိုင်းဖို့၊ ရွှေ့ပြောင်းရမယ့် အိမ်ခြေအတွက် အစားထိုး နေအိမ် ပြန်ဆောက်ပေးဖို့၊ ကျေးရွာလမ်းမကြီး၊ ဘုန်းကြီးကျောင်းနဲ့ ရွာသင်္ချိုင်းမြေ ပြန်ပြုပြင်ပေးဖို့၊ ပျက်စီးသွားတဲ့ စပါးပင်တွေ တဧကကို ဘတ် ၂ သိန်းခွဲနှုန်းနဲ့ ပြန်လျော်ပေးဖို့ တောင်းဆိုဖို့ လုပ်နေတယ်လို့ စိုင်းနွမ်က ပြောပါတယ်။

အဆိုပါဒေသမှာ ကုမ္ပဏီတွေက ၂၀၁၂ ခုနှစ်ကစပြီး ရွှေတူးဖော်လာခဲ့ရာမှာ ရွာသားတွေက ကန့်ကွက်ဆန္ဒပြမှုတွေ၊ သတင်းစာရှင်းပွဲတွေလုပ်ပြီး  ရှမ်းပြည်နယ်အစိုးရ ထံတိုင်ကြားခဲ့ကြောင်း၊ ၂၀၁၄ ခုနှစ် ဇူလိုင်လက ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် သစ်တောနဲ့ သတ္တုတွင်းဝန်ကြီး ဦးစိုင်းအိုက်ပေါင်းမှ  ညှိနှိုင်းဖြေရှင်းပေးပြီး ရွှေတူးဖော်ရေးလုပ်ငန်းတွေ ရပ်တံ့ဖို့ ညွှန်ကြားထားပေမယ့် အောက်ခြေမှာ ဆက်လက်လုပ်ကိုင်နေတာကြောင့် ခုလို ပတ်ဝန်းကျင်ပျက်စီးတဲ့ ပြဿနာတွေနဲ့ ရင်ဆိုင်နေရတာလို့  စိုင်းနွမ်က ပြောသွားပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး တာချီလိတ်ခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေကလည်း လောေ လာဆယ် ရွှံ့နွံဖယ်ထုတ်ရေးအတွက် အရင်ဆောင်ရွက်နေပြီး အဲဒီနောက်  သက်ဆိုင်ရာ ရွှေတူးဖော်ရေး ကုမ္ပဏီတွေရဲ့ လိုအပ်ချက်တွေကို  ပြန်လည်စိစစ်မယ်လို့ ပြောသွားပါတယ်။

“ပြီးခဲ့တဲ့ ရက်ပိုင်းက မိုးဆက်တိုက်ရွာပြီး တောင်ကျချောင်းရေတွေပါ ၀င်လာတယ်၊ ချောင်းကူး တံတားပိတ်သွားတော့ ရေက လျှံကျပြီး  ရွာအနိမ့်ပိုင်းမှာရှိတဲ့ အိမ်ခြေ ၁၂ လုံးလောက် နုန်းတွေထဲနစ်ဝင်သွားတဲ့သဘောပါ၊ လူတွေတော့ ထိခိုက်ဒဏ်ရာရတာမရှိဘူး၊ အိမ်မွေးတိရစ္ဆာန် ကြက်တို့ဘာတို့တော့ ထိခိုက်နိုင်ပါတယ်။ ခုလောလောဆယ် ကျနော်တို့ မြို့နယ်အုပ်ချုပ်ရေးမှူးရုံး၊ ဆည်မြောင်းဌာန၊ သတ္တုလုပ်ငန်းရှင်အဖွဲ့၊ ရပ်မိရပ်ဖတွေနဲ့ ပူးပေါင်းပြီး ပျက်စီးဆုံးရှုံးမှုတွေ စစ်ဆေးနေတယ်၊ စက်ယန္တရားတွေနဲ့ ရွှံ့နွံဖယ်ထုတ်နေတယ်။ တောင်ပေါ် သတ္တုလုပ်ငန်းက နုန်းတားဆည်တွေလုပ်ထားပေမယ့် မိုးအဆက်မပြတ်ရွာတော့ နုန်းတွေက ဆည်တွေကို ကျော်လာတဲ့ သဘောပါ။ မြို့နယ်ဆည်မြောင်းဦးစီးကလည်း အဲဒါကို သွားစစ်နေပါတယ်။ စည်းကမ်းချက်နဲ့ မညီတဲ့ဟာတွေဆိုရင် ပိတ်ပင်တားဆီးရမှာဖြစ်တယ်။”

အဆိုပါ သတ္တုတူးဖော်ရေးလုပ်ငန်းတွေဟာ နိုင်ငံတော်အစိုးရဆီ တင်ပြလျှောက်ထားပြီး အခွန်ဆောင်ပြီး ဆောင်ရွက်နေတာဖြစ်ကြောင်း၊ ဒါပေမယ့် ပတ်ဝန်းကျင်မှာရှိတဲ့ ကျေးရွာတွေ၊ စိုက်ပျိုးရေးလုပ်ငန်းတွေ ထိခိုက်မှုမရှိအောင် နည်းပညာတွေသုံးပြီး ဆောင်ရွက်ဖို့ စာချုပ်ပါ အချက်တွေအတိုင်း လိုက်နာရမှာဖြစ်ကြောင်း၊ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဌာနဆိုင်ရာ တာဝန်ရှိ သူတွေနဲ့ အဖွဲ့ဖွဲ့ကာ ပြန်လည်စိစစ်ဖို့ ရှိနေတယ်လို့  တာချီလိတ်ခရိုင်မှူးက ပြောသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013