
ထိုင်းနိုင်ငံမှာ ပြည်ပကိုတင်ပို့ရောင်းချမဲ့ ဒူးရင်းသီးတွေထဲ အရည်အသွေးစံချိန်မမီတဲ့ ဒူးရင်းသီး အလေးချိန် ၇ တန်ကျော် စစ်ဆေးတွေ့ရှိတဲ့နောက် ပြည်ပပို့မဲ့ ဒူးရင်းသီးတွေကို တင်းကျပ်စွာ စစ်ဆေးမယ်လို့ သက်ဆိုင်ရာက ထုတ်ပြန်ပါတယ်။
ထိုင်းအရှေ့ပိုင်း ကျန်ထပူရီခရိုင် အမှတ် ၆ စိုက်ပျိုးရေးသုတေသနနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဌာန ညွှန်ကြားရေးမှူး နိုင်းချနားဒွန်းဆန်ထနာဖတ်၊ စိုက်ပျိုးရေးနဲ့ အစားအစာစံချိန်စံညွှန်း ထိန်းချုပ်ရေးဌာန ညွှန်ကြားရေးမှူး နိုင်းကစ်သီကဆဲမ် နိမ့်ဆအတ်နဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေ ဟာ ပြီးခဲ့တဲ့ မေ ၄ ရက်က ကျန်ထပူရီမြို့ ဆလိုင်ရပ်ကွက်နဲ့ ထာ့မိုင်မြို့နယ် ထုန်းပဲန်ကျာရပ်ကွက်ရှိ ဒူးရင်းသီးပွဲရုံကို သွားရောက်စစ်ဆေးခဲ့ကြတယ်။
အဆိုပါနေရာကနေ ပြည်ပကိုတင်ပို့ရောင်းချဖို့ အသင့်ထုတ်ပိုးထားတဲ့ မွန်ထောင်းအမျိုးအစား ဒူးရင်းသီးတွေထဲမှာ အသားနူးညံ့ခြင်း မရှိဘဲ မာကျောနေ၊ ခြောက်သွေ့နေတဲ့ အရည်အသွေး ၃၅ ရာခိုင်နှူန်းသာရှိတဲ့ ဒူးရင်းသီးတွေ ပါရှိတယ်လို့ ဆိုပါတယ်။
တာဝန်ရှိသူတွေက ဂျပ်ဖာပေါင်း ၃၅၀ ဖာ ( အလေးချိန် ၇ တန်ခန့် ) ရှိ စံချိန်မမီတဲ့ ဒူးရင်းသီးတွေ ခွဲခြားဖို့ ညွှန်ကြားပါတယ်။ ဒါ့အပြင် မရင့်သေးဘဲ သက်တမ်းနုနေသေးတဲ့ အလေးချိန် ၁ တန်ခွဲရှိ ဒူးရင်းသီး ၅၂၉ လုံးကိုလည်း ဖယ်ထားပြီး သင်္ကေတအမှတ်အသားပြုကာ ပြည်ပကိုတင်ပို့ရောင်း ချခြင်းမပို့ဖို့ တားမြစ်လိုက်ပါတယ်။
နောက်နောင်ကို အရည်အသွေးရှိတဲ့၊ စံချိန်မီတဲ့ ယုံကြည်စိတ်ချရတဲ့ ဒူးရင်းသီးတွေကိုသာ ပြည်ပကို တင်ပို့ရောင်းချဖို့၊ အခုလို စံချိန်မမီတဲ့အသီးတွေ တင်ပို့ကြောင်း စစ်ဆေးတွေ့ရှိက လုပ်ငန်းလိုင်စင် အနည်းဆုံး ရက်ပေါင်း ၃၀ မှ အများဆုံး ၉၀ ရက်ထိ ရပ်ဆိုင်းခံရမှာဖြစ်တယ်။ စည်းကမ်း ထပ်ချိုး ဖောက်ရင် လုပ်ငန်းလိုင်စင် လုံးဝရပ်နားခံရမယ်လို့ တာဝန်ရှိသူက ပြောပါတယ်။
ထိုင်းနိုင်ငံအရှေ့ပိုင်း ကျန်ထပူရီ၊ အရှေ့မြောက်ပိုင်း နခွန်းရာ့ချ်ဆီမားနဲ့ တောင်ပိုင်း ဆဒွန်းခရိုင်ထဲမှာ ဒီမေလဆန်းပိုင်းက မိုးသက်လေပြင်းသက်ရောက်တာကြောင့် ရင့်မှည့်ဖို့ ရက်ပိုင်းသာ လိုတော့တဲ့ ဒူးရင်းသီးပေါင်း ထောင်နဲ့ချီ ( တန်ဖိုး ဘတ်သန်းနဲ့ချီ ) ဆုံးရှုံးခဲ့ရပါတယ်။
Source: ThaiPBS News / CH3 TV News










