အင်ဒိုနီးရှားရှိ မြန်မာသံရုံး မီးလောင်ဗုံးဖြင့် တိုက်ခိုက်ခံရ
အင်ဒိုနီးရှားနိုင်ငံ မြို့တော်ဂျာကာတာမှာရှိတဲ့ မြန်မာသံရုံးကို မီးလောင်ဗုံးနဲ့ တိုက်ခိုက်ခံခဲ့ရ တယ်လို့ မြန်မာသံရုံးက ဒီဗွီဘီကို ပြောပါတယ်။
ဒေသစံတော်ချိန် တနင်္ဂနွေနေ့ မနက်အစောပိုင်း ၂ နာရီခွဲလောက်မှာ သံရုံးရဲ့ ဒုတိယအထပ်နေရာကို မီးလောင်ဗုံးနဲ့ တိုက်ခိုက်ခံရတာဖြစ်ပြီး ထိခိုက်ပျက်စီးမှု မရှိဘူးလို့ အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက သံမှူး ဦးကျော်စိုးသိန်းက ပြောပါတယ်။
“ ဖြစ်စဉ်ကတော့ ဘာမှကြီးကြီးမားမားမဖြစ်သွားပါဘူး။ တမိုက်လောက်ရှိတဲ့ ပုလင်းလေးနဲ့ ဓာတ်ဆီဗုံး သဘောမျိုးပေါ့နော်။ အဲလိုဟာလေး ပစ်ထည့်သွားတော့ဘာမှ ပျက်စီးတာလည်း မရှိဘူးခင်ဗျ။ ကြမ်းမှာ မီးခိုးငွေ့လေး မည်းသွားတာလေး ၁ ပေ သာသာလေး အဲလောက်ကလေးပဲရှိပါတယ်။ ဖြစ်စဉ်ပြီးတော့ နောက်ပိုင်း ချက်ချင်း ရဲတွေလည်း တဖွဲ့ပြီးတဖွဲ့ရောက်လာပြီးတော့ လုံခြုံရေးနဲ့ပတ်သက်ပြီး ပိုပြီးတော့ ထောက်ပံ့ပေးပါတယ်၊ ”
အင်ဒိုနီးရှားအစိုးရအနေနဲ့လည်း မြန်မာသံရုံးဘက်ကို လုံခြုံရေးအင်အားပိုပြီး ဖြည့်ဆည်းပေးနေသလို ပူးပေါင်းဆောင်ရွက်မှုလည်းကောင်းတယ်လို့ ဦးကျော်စိုးသိန်းက ပြောပါတယ်။
ဒီတိုက်ခိုက်မှုမှာ ထိခိုက်ဒဏ်ရာရသူ မရှိတဲ့အကြောင်းနဲ့ တိုက်ခိုက်မှု ကျူးလွန်သူကို ဖမ်းဆီးရမိဖို့ ကြိုးစားနေတုန်းပဲလို့ ဂျာကာတာရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ အာဂိုယူဝိုနိုက အေအက်ဖ်ပီ သတင်းဌာနကိုပြောပါတယ်။
အင်ဒိုနီးရှားသမ္မတကလည်း ရခိုင်ပြည်နယ် အရေးကိစ္စတွေဆွေးနွေးဖို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရန့်နိုမာဆူဒီကို မြန်မာနိုင်ငံကို စေလွှတ်ထားသလို ဂျာကာတာမြို့မှာ အင်ဒိုနီးရှားနိုင်ငံသားတွေကလည်း ပြီးခဲ့တဲ့ရက်က ဆန္ဒပြခဲ့ကြပါတယ်။
ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကလည်း မြန်မာသံရုံးကို ဗုံးခွဲတိုက်ခိုက်ဖို့ စီစဉ်ခဲ့တယ်လို့ စွပ်စွဲခံရသူ အိုင်အက်စ်အဖွဲ့နဲ့ ဆက်နွှယ်တဲ့ စစ်သွေးကြွတဦးကို အင်ဒိုနီးရှားရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်တုန်းကလည်း သံရုံးကို တိုက်ခိုက်ဖို့ စီစဉ်ခဲ့တဲ့ အစ္စလာမ်မစ်စစ်သွေးကြွတဦးကို အင်ဒိုနီရှား တရားရုံးက ထောင်ဒဏ် ၇ နှစ်ခွဲချမှတ်ခဲ့ဖူးပါတယ်။











