DVB Logo
Home
Lead Story
အစွန်းရောက် အကြမ်းဖက်အဖြေရှာခြင်း၊ လူမျိုးရေး၊ ဘာသာရေး ထောင်ချောက်များနှင့် ဝါးလုံးသိမ်းယမ်းခြင်း အန္တရာယ်
DVB
·
September 3, 2017
အစွန်းရောက် အကြမ်းဖက်အဖြေရှာခြင်း၊ လူမျိုးရေး၊ ဘာသာရေး ထောင်ချောက်များနှင့် ဝါးလုံးသိမ်းယမ်းခြင်း အန္တရာယ်
Donate to DVB

 

ပြီးခဲ့တဲ့ သြဂုတ်လ ၂၅ ရက်နေ့ မနက်ပိုင်းမှာ အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမားတွေဟာ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်မြို့နယ်တွေမှာ လုံခြုံရေးဆောင်ရွက်နေတဲ့ ရဲကင်းစခန်း ၃၀ နဲ့ တောင်ဘဇားကျေးရွာအနီးက နယ်မြေခံ တပ်ရင်းဌာနချုပ်ကို တချိန်တည်း အလစ်ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှာ ရဲတပ်ဖွဲ့ဝင် ၁၀ ဦး တပ်မတော်သား ၁ ဦး လ.ဝ.က ဝန်ထမ်း ၁ ဦးတို့ သေဆုံးခဲ့ရပြီး လုံခြုံရေးတပ်ဖွဲ့ဝင် ၉  ဦးနဲ့ အပြစ်မဲ့ အရပ်သား ပြည်သူအများအပြား ဒဏ်ရာရခဲ့တဲ့ သတင်းကို ဒီဗွီဘီ တီဗွီသတင်းမှာ ကြည့်လိုက်ရပါတယ်။

ဒီသတင်းတွေ ကြားရတော့ တတိုင်းတပြည်လုံး စိတ်သောကရောက်ကြရ၊ ပူပန်ကြရပါတယ်။ လက်သည်းဆိတ်တော့ လက်ထိပ်နာ ဆိုသလို စာရေးသူ အပါအဝင်  မြန်မာနိုင်ငံသားအားလုံး စိုးရိမ်ကြီးစွာ ခံစားကြရပါတယ်။ တချိန်တည်းမှာပဲ တချို့သော ပြည်ပသတင်းဌာနတွေကလည်း မီးလောင်ရာ လေပင့်သလို ဖြစ်အောင် တဖက်စောင်းနင်း ရေးသားပြီး မြန်မာနိုင်ငံရဲ့ ပြဿနာကို ပိုလို့ရှုပ်ထွေးခက်ခဲအောင် အထင်လွဲမှားစေနိုင်တဲ့ သတင်းအရေးအသား ထုတ်လွှင့်မှုတွေ လုပ်ကိုင်လာကြတာကို ဒီဆောင်းပါးကနေ ပြင်းပြင်းထန်ထန် ရှုတ်ချပါတယ်။

ရခိုင်ပြည်နယ်ထဲမှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက် တိုက်ခိုက်မှုဖြစ်စဉ်မှာ ပါဝင်တဲ့ အစွန်းရောက် အကြမ်းဖက်သမားများနဲ့ Arakan Rohingya Salvation Army (ARSA) တို့ကို “အကြမ်းဖက်အုပ်စု"လို့ ပြည်ထောင်စုအစိုးရအဖွဲ့ အတည်ပြုချက်နဲ့ ကြေညာကြောင်း အကြမ်းဖက်မှုတိုက်ဖျက်ရေး ဗဟိုအဖွဲ့က သြဂတ်စ်လ ၂၅ ရက်နေ့ညက သတင်းထုတ်ပြန်ခဲ့ပါတယ်။ အစိုးရအနေနဲ့ အကြမ်းဖက်တိုက်ခိုက်မှု မှန်သမျှကို တားဆီးကာကွယ်သွားမှာ ဖြစ်ပြီး အကြမ်းဖက်မှုမှာ ပါဝင်ကျူးလွန်သူများ၊ ငွေကြေး ထောက်ပံ့သူများ၊ စီစဉ်ဆောင်ရွက်သူများ၊ အားပေးကူညီသူများ အားလုံးကို ဥပဒေနဲ့အညီ အရေးယူသွားမယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးကို အကြမ်းဖက်နည်း သုံးခံရရင် ဘယ်သူမှ မကြိုက်သလို ဘယ်သူမှ လက်ခံမှာ မဟုတ်ပါဘူး။ ဟုတ်တယ်လေ ရခိုင်ပြည်နဲ့ ရခိုင်တိုင်းရင်းသားတွေ ဆိုတာ ကျနော်တို့ သွေးချင်း တိုင်းရင်းသား ညီအကိုမောင်နှမတွေ၊ ဟိုးရှေးအတီအတေ ကာလကတည်းက ပိုင်ဆိုင်နေထိုင်ခဲ့ကြတဲ့ နယ်မြေ မဟုတ်လား။ ကိုယ့်မိသားစုဝင်တယောက်ကို အိမ်နီးချင်းက ကိုယ့်အိမ်ပေါ်တက်လာပြီး ရန်လုပ်တိုက်ခိုက် အကြမ်းဖက်လာတာကိုတော့ ပြတ်ပြတ်သားသား ရှုတ်ချကြရမှာ အကာအကွယ်ပေးရမှာ မိသားစုဝင်တိုင်းရဲ့ တာဝန် ဖြစ်ပါတယ်။

ဒါပေမယ့် ဒီလိုကိစ္စရပ်မျိုးဆိုတာ လက်လွတ်စပယ် ပရမ်းပတာ ဖြေရှင်း တုံ့ပြန်တာမျိုး မလုပ်အပ်ပါဘူး။ အခြေအနေကို ပိုဖြေရှင်းရခက်အောင် မီးလောင်ရာ လေပင့်သလို ဖြစ်အောင် အခွင့်ရတုန်း အပြတ်ရှင်းပစ်တို့၊ အမြစ်ဖြတ် ချေမှုန်းပစ်လိုက် စတဲ့ အဆင်ခြင်မဲ့ ပြောဆိုတိုက်တွန်း လှုံ့ဆော်နေတာတွေ ရှောင်ကြဉ်သင့်ပါတယ်။  တရပ်ကွက်လုံး တမြို့လုံးက စိတ်ဝင်တစား စောင့်ကြည့်နေသလို နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ အာရုံစိုက်ခံနေရတဲ့ ဒီလိုအခြေအနေမျိုးမှာ ပိုလို့တောင် သတိထား ကိုင်တွယ်ဖြေရှင်းကြရမှာပါ။

ပထမဆုံးကတော့ ရခိုင်တိုင်းရင်းသားတွေ အပါအဝင် မိမိသွေးချင်းသားရင်း တိုင်းရင်းသားတွေ အကာအကွယ်ရဖို့ အပြည့်အဝ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ ဒုတိယအဆင့်အနေနဲ့ အများပြည်သူ အားလုံးဘဝတွေ လုံခြုံအေးချမ်းမှုရှိအောင် တရားဥပဒေ စိုးမိုးမှုရအောင် လုပ်ဆောင်ကြရမှာပါ။

အဲဒီတာဝန်ကို လက်ရှိ ပြည်သူ ရွေးကောက်တင်မြှောက်ထားတဲ့ အန်အယ်လ်ဒီ အစိုးရက သတိကြီးကြီးထားလို့ ကိုင်တွယ်ဖြေရှင်းနေတာကို သိလျက်နဲ့ ပြည်သူ့အစိုးရကို ကန့်လန့်တိုက်နေတဲ့ အင်အားစုတွေ၊ နဂိုအခံ လူမျိုးရေး ဘာသာရေး အစွန်းရောက်စိတ် ရှိသူတွေ၊ သွေးဆူတတ်တဲ့သူတွေက ဖြစ်လာတဲ့ အခြေအနေအပေါ် အမြတ်ထုတ်ပြီး မမှန်ကန်တဲ့ နည်းလမ်းတွေနဲ့ အကြမ်းဖက် ပရမ်းပတာဖြေရှင်းဖိ့ တိုက်တွန်းနေကြတာ မီးလောင်ရာ လေပင့်တဲ့သဘော ပြောကြ ဆိုကြ မှတ်ချက်တွေရေး သတင်းတွေ ဖြန့်နေတာဟာ အလွန်အန္တရာယ်ကြီးလှပါတယ်။

အများပြည်သူတွေအနေနဲ့ အဲဒီလို မဆင်မခြင်လုပ်ဖို့ အမုန်းတရားတွေနဲ့ လှုံ့ဆော်နေကြသူတွေထဲက အာဏာပြန်လိုချင်တဲ့ လူတစုနဲ့ စစ်အာဏာရှင်စနစ်ကို ပြန်လည်တမ်းတနေသူတွေရယ်၊ သူတို့ရဲ့ နောက်လိုက်နောက်ပါတွေ ဆင်နေတဲ့ လူမျိုးရေး ဘာသာရေး ထောင်ချောက်တွေထဲ မသက်ဆင်းမိဖို့ သတိထားကြရမှာ ဖြစ်ပါတယ်။

ဘယ်လိုပြဿနာမျိုးမဆို မှန်မှန်ကန်ကန် ဖြေရှင်းနိုင်ဖို့ တရားဥပဒေစိုးမိုးရေး ရှုထောင့်၊ သီလပေါ် အခြေခံတဲ့ ဓမ္မတရား စောင့်ရှောက်ရေးအမြင်နဲ့သာ ဖြေရှင်းနိုင်ပါတယ်။

အဓမ္မတရားအမြင်နဲ့ လက်လွှတ်စပယ် အကြမ်းဖက်တိုက်ခိုက် ရန်စလာသူတွေကို မိမိနိုင်ငံသားကို ထိခိုက်စော်ကားလာတာမို့ မခံချင်စိတ် ပြင်းထန်ပြီး အဓမ္မဝါဒီတွေရဲ့ နည်းလမ်းအတိုင်း လက်လွှတ်စပယ် တုံ့ပြန်ရင်တော့ ကိုယ်လည်း အဓမ္မဝါဒီ ဖြစ်ရတော့တာပါပဲ။

ဒီလိုပြောလို့ အကြမ်းဖက်လာသူတွေကို ရွှေပြည်အေးတရားဟောလို့ လေပြည်လေးနဲ့ ချော့မော့ပြောဆို တားမြစ်ခိုင်းနေတာ မဟုတ်ပါဘူး။ သီလရှိတဲ့ အစိုးရနဲ့အတူ အာဏာစက် ဥပဒေစက် ဓမ္မစက်တွေသုံး၊ နိုင်ငံတကာစံနှုန်းနဲ့အညီ စစ်ရေးအရ အရေးယူပြီး တရားဥပဒေစိုးမိုးအောင် မှန်ကန်တဲ့ နည်းလမ်းတွေနဲ့ စနစ်တကျ တိုင်းပြည်နဲ့ လူမျိုး ဘာသာ သာသနာကို ကာကွယ်စောင့်ရှောက်ပါ။ မခံချင်စိတ် တခုတည်းနဲ့ ပရမ်းပတာ ပညာမဲ့ လူပြိန်းကြိုက်နည်းနဲ့ မကာကွယ်ကြပါနဲ့။ ပညာ အမြော်အမြင်ဉာဏ် ဦးစီးတဲ့ အလုပ်သုံးပါးကံနဲ့ စောင့်ရှောက်စေချင်ပါတယ်။

၁၉၈၈ နောက်ပိုင်းကာလ တချိန်တုန်းက စစ်တပ်ရဲ့ အကြမ်းဖက် ဖြိုခွင်းခံခဲ့ရတဲ့ ကျောင်းသားနဲ့ ပြည်သူတချို့က တောခိုခဲ့ကြပြီး ယိုးဒယားနဲ့ မလေးရှားနယ်စပ်တွေမှာ လက်နက်ကိုင် တော်လှန်ခဲ့ကြပါတယ်။ တချိန်တည်းမှာပဲ တိုင်းပြည် စီးပွားရေးမကောင်းလို့ ရေကြည်ရာ မြက်နုရာ တခြားနိုင်ငံတွေဘက်ဆီ မြန်မာနိုင်ငံသားတွေအလုံးအရင်းနဲ့ ရွှေ့ပြောင်းနေထိုင် စီးပွားရှာကြပါတယ်။ အခုဆို မြန်မာနိုင်ငံသား သန်းချီတဲ့လူဦးရေဟာ တဖက်နိုင်ငံတွေမှာ နေထိုင်နေရဆဲပါ။

အဲဒီအချိန်တုန်းက လက်နက်ကိုင် မြန်မာနိုင်ငံသားတချိုဟာ ဘန်ကောက်မြို့က မြန်မာသံရုံးကို အကြမ်းဖက်စီနင်းပြီး ကမ္ဘာက မြန်မာ့လူ့အခွင့်အရေးကိစ္စကို အာရုံစိုက်လာအောင် အကြမ်းဖက်နည်းလမ်းနဲ့ လုပ်ဆောင်ခဲ့ကြပါတယ်။ အဲဒီ တခါတည်း မဟုတ်ပါဘူး။ မြန်မာနယ်စပ်နဲ့ မဝေးလှတဲ့ ယိုးဒယားနိုင်ငံထဲက ဆေးရုံတရုံကို စီးနင်းခဲ့တာ၊ လေယာဉ်ပြန်ပေးဆွဲတာ… စတဲ့ အကြမ်းဖက်နည်းတချို့ သုံးခဲ့တဲ့ကိစ္စအပေါ် ဟိုးအရင် အလောင်းမင်းတရားခေတ်က လူမျိုးရေးမုန်းတီးမှု အခြေခံနဲ့ ဒီမြန်မာတွေအားလုံးကို အမြစ်ဖြတ် ချေမှုန်းရမယ်လို့ ယိုးဒယားနဲ့ မလေးရှားက ပြောလာကြရင်လည်း စာရေးသူအနေနဲ့ အခုလို ဝါးလုံးသိမ်းယမ်းပြီး လက်လွတ်စပယ် တာဝန်မဲ့ ပြောဆို လုပ်ကိုင်နေကြတာကို လက်မခံသလို ကိုယ့်မြန်မာလူမျိုးဘက်က ပြတ်ပြတ်သားသား ရပ်တည်ပေးခဲ့တာပါပဲ။

ဒီဆောင်းပါးကို နိဂုံးသတ်ရရင် အစွန်းရောက် အကြမ်းဖက်လာတဲ့ ကိစ္စရပ်တွေ၊ လူမျိုးရေး၊ ဘာသာရေးတွေ ရောယှက်နေတဲ့ ပြဿနာတွေကို ကြုံလာတိုင်း မခံချင်စိတ်ကို ရှေ့တန်းတင်ပြီး သွေးတဆူဆူနဲ့ မဆင်မခြင် အကြမ်းဖက် တုံ့ပြန်ဖြေရှင်းရင် ပြဿနာတွေကို မှန်မှန်ကန်ကန် မဖြေရှင်းနိုင်ပါဘူး။ အကြမ်းဖက်နည်းနဲ့၊ အကြောက်တရားနဲ့ ဖြေရှင်းရင် ပြဿနာတွေက ခဏတဖြုတ် ငုပ်လျိုးသွားပေမယ့် တချိန်ချိန်မှာ ပြန်လည်နိုးထလာမှာပါပဲ။ တကယ်ကို ပြဿနာတွေ နောင်မှာပါ ထပ်မံမပေါ်ပေါက်လာအောင် ဖြေရှင်းချင်တယ်။ မိမိ သွေးချင်းသားရင်း ရခိုင်တိုင်းရင်းသားတွေနဲ့ ရခိုင်ပြည်နယ်ကို တည်ငြိမ်အေးချမ်းဖွံ့ဖြိုးစေချင်တယ်ဆိုရင် ပြဿနာဖြစ်လာစေခဲ့တာရဲ့ အရင်းခံ အကြောင်းတရားတွေကို မှန်ကန်တဲ့ နည်းလမ်းတွေနဲ့ သတိကြီးကြီးထားပြီး တဆင့်ချင်း ဖြေရှင်းကြရမှာ ဖြစ်ပါတယ်။

အခုလက်ရှိအာဏာရ အန်အယ်လ်ဒီအစိုးရဟာ သူတို့ ဆောင်ရွက်နိုင်တဲ့ လုပ်ပိုင်ခွင့် အာဏာဘောင် အကန့်အသတ်အတွင်းကနေ သင့်လျော်ပြီး မှန်ကန်တဲ့ နည်းလမ်းတွေနဲ့ ချဉ်းကပ်ဖြေရှင်းနေပါတယ်။ တကယ်တော့ အန်အယ်လ်ဒီအစိုးရ ဖြစ်တည်လာတဲ့ သမိုင်းကြောင်းကို ပြန်လည်စောင်းငဲ့ကြည့်လိုက်ရင် တွေ့ရမှာက ပြည်သူဆန္ဒနဲ့အတူ မွေးဖွားလာတဲ့ အန်အယ်လ်ဒီဟာ စစ်အာဏာရှင်စနစ်ရဲ့ မတရားမှု၊ ဖိနှိပ်မှု၊ အကြမ်းဖက် ဖြေရှင်းမှုတွေကို ပြည်သူတွေနဲ့အတူ ဆန့်ကျင်တွန်းလှန်ရင်း ပေါ်ထွန်းလာခဲ့တဲ့ ပြည်သူ့ပါတီကြီး ဖြစ်ပါတယ်။ ဒီတော့ နိုင်ငံအရေးအရာ ကိစ္စရပ်တွေကို ဖြေရှင်းရာမှာ အန်အယ်လ်ဒီပါတီဟာ ဘယ်သောအခါမှ အကြမ်းဖက်နည်းနဲ့ အနိုင်ကျင့် ဖိနှိပ်ဖြေရှင်းမှာ မဟုတ်ပါဘူး။

အခုလို ဒေသတွင်း လူမျိုးရေး ဘာသာရေးသမိုင်းတွေနဲ့ ရှုပ်ထွေးနက်နဲပြီး အမှားမခံတဲ့ နိုင်ငံရေးကိစ္စရပ်မျိုးဆို ပိုလို့သတိကြီးကြီးထားရင်း တရားဥပဒေစိုးမိုးရေး ရှုထောင့်ကနေ ရခိုင်တိုင်းရင်းသားတွေ အပါအဝင် မြန်မာနိုင်ငံသားအားလုံး ဘဝလုံခြုံရေးကို ပထမဦးစားပေး ရှေ့တန်းတင်ရင်း တပြိုင်နက်ထဲမှာ တရားမျှတတဲ့ နည်းလမ်းတွေနဲ့ ဖြေရှင်းဖို့ ကြိုးစားနေတာကို အကြမ်းဖက်နည်းကိုသာ အားထားယုံကြည်တဲ့ နှလုံးသားမည်းညစ်တဲ့ လူတစုနဲ့ အမြင်ကျဉ်းမြောင်းပြီး အစွန်းရောက်စိတ်ရှိသူတွေက ဝိုင်းဝန်းခြေထိုးလို့ အလွန်အန္တရာယ်ကြီးမားလှတဲ့ လူမျိုးရေး အဓိကရုဏ်း၊ ဘာသာရေးအဓိကရုဏ်းတွေ ဖြစ်ပေါ်လာအောင် ထောင်ချောက်ဆင် လှုံ့ဆော်နေကြတာကို သတိပြု ရှောင်ရှားကြဖို့ လိုပါတယ်။

ဘယ်သူတွေ တရားဘယ်လောက် ပျက်ပါစေ၊ ကိုယ်တိုင် တရားမပျက်စေဘဲ မြန်မာပြည်သူအားလုံး ပြည်သူ့အစိုးရနဲ့အတူ အခု ရင်ဆိုင်နေရတဲ့ ရခိုင်ပြည်အရေး ဆိုတဲ့ အတားအဆီး အခက်အခဲကြီးကို သီလကောင်းအခြေခံ အသိမှန်မှန်နဲ့ ဖြေရှင်း ကျော်လွှားနိုင်ကြပါစေ။

 

မင်းကောင်းချစ်

စက်တင်ဘာ (၁) ရက်နေ့  ၂၀၁၇ ခုနှစ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013