
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ လေးတောင်မြို့ကို စစ်အာဏာရှင်လေတပ်က ၂ ရက်ဆက်တိုက် ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် လူငယ်တယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်အာဏာရှင်တပ်က လေးတောင်မြို့ ပတ်ဝန်းကျင်ကို ဇွန် ၄ ရက်နဲ့ ၅ ရက်တွေမှာ အသေခံ ဒရုန်းတွေနဲ့ ၂ ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး ဇွန် ၅ ရက် ညနေပိုင်းက လေကြောင်း တိုက်ခိုက်မှုမှာ ကျောက်ဖြူမြို့နယ် ကျောက်ပြောက်ကျေးရွာက ရေနံလုပ်သား လူငယ်တယောက် သေဆုံးခဲ့တယ်လို့ ရမ်းဗြဲဒေသခံ တယောက်က ပြောပါတယ်။
“လေးတောင်မြို့အနီး ပတ်ဝန်းကျင်ကို ၂ ရက်ဆက်တိုက် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာ ရှိတယ်။ ၂ ရက်ဆက်တိုက် အသေခံဒရုန်းတွေနဲ့ပဲ ဗုံးကြဲတိုက်ခိုက်တာ။ ပထမရက်ကတော့ နွားတကောင် သေပြီးတော့ ဒုတိယနေ့မှာ ကျောက်ဖြူဘက်က ရေနံလာတူးနေတဲ့ လူငယ်တယောက် သေဆုံးသွားတာ။ သူရဲ့ ရင်ဘတ်မှာ ဒရုန်းဗုံးစထိမှန်ပြီး ဆုံးသွားတာ။”
သေဆုံးသွားသူဟာ ကျောက်ဖြူမြို့နယ်၊ ကျောက်ပြောက်ရွာကနေ လေးတောင်မြို့မှာ ရေနံလုပ်ငန်း လာရောက်လုပ်ကိုင်နေတဲ့ အသက် ၁၉ နှစ်အရွယ် မောင်ကြည်အေး ဖြစ်ပါတယ်။
စစ်အာဏာရှင်တပ်ဟာ လေးတောင်မြို့ အမှတ် ၂ ရပ်ကွက်ရှိ ရေနံကျင်းတွေကို ဇွန် ၅ ရက် ညနေ ၅ နာရီလောက်မှာ အသေခံဒရုန်းတွေနဲ့ ဗုံး ၄ လုံးကြဲချ တိုက်ခိုက်ခဲ့သလို ဆင်တက်မော်တံတားနဲ့ ဇင်ချောင်းဘောင်လန်တောင်ကြားမှာရှိတဲ့ ရေတပ်ကလည်း လက်နက်ကြီး ၇ ကြိမ် ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ ရမ်းဗြဲဒေသခံက ပြောပါတယ်။
လေတောင်းမြို့ဟာ စစ်ပွဲဧရိယာ မဟုတ်သလို ကျောက်ဖြူမြို့နယ်နဲ့လည်း မိုင်ဆယ်ချီ ဝေးကွာလို့ ဒေသခံတွေက စိုးရိမ်မှုတွေ မြင့်တက်နေကြပါတယ်။
နောက်ထပ် ရမ်းဗြဲဒေသခံ အမျိုးသမီးတယောက်က “လေးတောင်မြို့အနီးပတ်ဝန်းကျင်ကို စစ်တပ်က ၂ ရက်ဆက်တိုက်ရှိပြီး ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်တာ။ လေးတောင်က စစ်ပွဲဧရိယာလည်း မဟုတ်သလို စစ်ဘက်ဆိုင်ရာတွေလည်း မရှိဘူး။ စစ်တပ်က အရပ်သားတွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်နေတာ။ ကျောက်ဖြူတိုက်ပွဲဆိုတာလည်း အဝေးကြီးပဲ။ လူတွေကတော့ ၂ ရက်ဆက်တိုက် တိုက်ခိုက်ခံနေကြရတတော့ စိုးရိမ်စိတ်တွေ မြင့်တက်နေကြတယ်” လို့ ပြောပါတယ်။
ဇွန် ၁ ရက် ကလည်း ရမ်းဗြဲမြို့နယ် ပိန္နဲတောင် ကျေးရွာအနီးရှိ စစ်ဘေးရှောင်စခန်းတခုကို စစ်အာဏာရှင်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ရှောင် အမျိုးသား ၂ ယောက် သေဆုံးပြီး ၅ ယောက် ထိခိုက် ဒဏ်ရာရရှိခဲ့ကြပါတယ်။
ရခိုင်ပြည်နယ်က မြို့၊ ရွာတွေကို စစ်တပ်က နေ့စဉ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေလို့ အရပ်သားထိခိုက် သေဆုံးမှုဟာ ဆက်တိုက်မှုတက်လာနေပြီး လေကြောင်းအန္တရာယ် အထူးသတိပြုဖို့ကိုလည်း အာရက္ခတပ်တော်က တိုက်တွန်းထားပါတယ်။










