DVB Logo
Home
မြန်မာသတင်း
ပြည်တွင်းပဲဈေးကွက် မပျက်ရန် အစိုးရနှင့် ပုဂ္ဂလိက ပူးပေါင်းဝယ်မည်
DVB
·
September 2, 2017
ပြည်တွင်းပဲဈေးကွက် မပျက်ရန် အစိုးရနှင့် ပုဂ္ဂလိက ပူးပေါင်းဝယ်မည်
Donate to DVB

အိန္ဒိယက မဝယ်တော့လို့ အရောင်းအဝယ်ရပ်တန့်ခဲ့တဲ့ ပြည်တွင်း ပဲဈေးနှုန်းတွေ လိုတာထက် ပိုမကျစေဖို့ အစိုးရနဲ့ ကုန်သည်တွေ ပူးပေါင်းပြီး ဝယ်ယူဖို့ စီစဉ်နေတယ်လို့ ပဲမျိုးစုံနဲ့ နှမ်းကုန်သည်အသင်း အတွင်းရေးမှူး ဦးမင်းကိုဦးက ပြောပါတယ်။

ပုဂ္ဂလိက လုပ်ငန်းရှင်တွေဘက်က ကျပ် ၅၀ ဘီလီယံ၊ အစိုးရဘက်က ကျပ် ၅၀ ဘီလီယံ၊ စုစုပေါင်း ကျပ် ဘီလီယံ ၁၀၀ (ကျပ်သိန်းပေါင်း တစ်သိန်း) ထည့်ဝင်ပြီး သတ်မှတ် ဈေးနှုန်း တစ်ခုနဲ့ ဝယ်ယူဖို့ စီစဉ်နေတာပါ။

“ရန်ကုန်ကုန်စည်ဒိုင်နဲ့ ပဲနှမ်းအသင်းက ကုန်သည်တွေကတော့ လာမယ့် ၄ ရက်နေ့မှာ ဘီလီယံ ၅၀ ရဲ့ ၁၀ ရာခိုင်နှုန်းကို အပြီးထည့်ဖို့ ပြောထားတယ်။ နယ်က စိတ်ဝင်စားသူတွေကတော့ လာမယ့် ၁၁ ရက်နေ့ အပြီးထည့်ရမှာပါ။ အစိုးရဘက်က ဘီလီယံ ၅၀ ကတော့ တင်ပြထားပါတယ်” လို့ ဦးမင်းကိုဦးက ပြောပါတယ်။

ဝယ်ယူရာမှာ မတ်ပဲ တတန်ကို ကျပ် ၅ သိန်း၊ ပဲစင်းငုံ တတန်ကို ကျပ် ၄ သိန်းနှုန်းနဲ့ ဝယ်ယူမယ်လို့ ကြေညာထားပါတယ်။ ဒီလို ဝယ်ယူမယ်လို့ ကြေညာပြီးနောက်မှာပဲ ဈေးကွက်အတွင်းမှာ ပဲဈေး နည်းနည်း ပြန်တက်လာတယ်လို့ သိရပါတယ်။

“ခုလုပ်တာက ဝယ်ယူရေး ဆိုတာထက်စာရင် ဈေးကွက် မလိုအပ်ဘဲ ယိုင်မသွားအောင် လုပ်တာပါ။ မနေ့ကတော့ မတ်ပဲ တတန်ကို ၆ သိန်းလောက် ပြန်ဖြစ်သွားတယ်။ ပဲစင်းငုံဆို တတန်ကို ၄ သိန်း ၇ သောင်းလောက် ပြန်ဖြစ်သွားတယ်။ ကျနော်တို့ သတ်မှတ်တဲ့ ဈေးနှုန်း အထက်မှာ ရှိတာပေါ့” လို့ ဦးမင်းကိုဦးက ပြောပါတယ်။

လက်ရှိ ပြည်တွင်မှာ မတ်ပဲတန်ချိန် ၃ သိန်းလောက်၊ ပဲစင်းငုံတန်ချိန် ၁ သိန်းလောက် ကျန်နေနိုင်တယ်လို့ ပဲကုန်သည်တွေက ခန့်မှန်းထားပါတယ်။

ပြီးခဲ့တဲ့လကုန်ပိုင်းက ပဲအရောင်းအဝယ်တွေ ရပ်တန့်နေခဲ့ပေမယ့် အခုတော့ ရန်ကုန် ကုန်စည်ဒိုင်မှာ လက်ငင်းငွေချေဖို့၊ ကိုယ်ပိုင်ပဲကို ရောင်းဝယ်ကြဖို့ စတဲ့ စည်းကမ်းချက်တွေနဲ့ ရောင်းဝယ်နေပြီ ဖြစ်ပါတယ်။

နယ်တွေမှာလည်း ပဲအရောင်းအဝယ်တွေ ပြန်ဖြစ်လာတယ်လို့ သိရပါတယ်။ မုံရွာကုန်စည်ဒိုင် ဒု ဥက္ကဋ္ဌ ဦးဇော်မိုးက “ ခုလို ဝယ်မယ် ဆိုတာလည်း တစိတ်တဒေသ ပါမှာပေါ့။ အိန္ဒိယ ဝန်ကြီးချုပ် ခရီးစဉ်ကို မျှော်လင့်တာလည်း ပါမှာပေါ့။ မနေ့ကဆိုရင် ပဲစင်းငုံ တန် ၅၀၀ ကျော် အရောင်းအဝယ်ဖြစ်ပါတယ်။ ဈေးနှုန်းက တတန်ကို ၄ သိန်း ၃ သောင်း ပေါက်ပါတယ်” လို့ ပြောပါတယ်။

မြန်မာက မတ်ပဲနဲ့ ပဲစင်းငုံ အဓိက တင်ပို့နေရတဲ့ အိန္ဒိယ နိုင်ငံဟာ ပြည်ပက ပဲစင်းငုံ တန်ချိန် ၂ သိန်း၊  မတ်ပဲနဲ့ ပဲတီစိမ်း တန်ချိန် ၃ သိန်းဘဲ တင်သွင်းဖို့ ပြီးခဲ့တဲ့လထဲမှာ ကန့်သတ်လိုက်တာပါ။

အိန္ဒိယဘက်က MoU (Memorandum of Understanding) ထိုးပြီး မြန်မာ့ပဲကို ဝယ်ဖို့ ကမ်းလှမ်းခဲ့ဖူးပေမယ့် ပြည်တွင်းပေါက်ဈေးထက် နိမ့်နေတာကြောင့် လက်မခံခဲ့ဘူးလို့လည်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013