
အင်္ဂပူမြို့နယ်အတွင်းမှာ ဧရာဝတီမြစ်နဲ့ ငဝန်မြစ် မြစ်ရေ မြင့်တက်လာနေလို့ ကမ်းနားနေ ကျေးရွာတွေ ရေလွှမ်းမိုးနေပြီး စာသင်ကျောင်း ၁၂ ကျောင်းလည်း ပိတ်ထားရတယ်လို့ သိရပါတယ်။
အဓိကတော့ ညောင်းကျိုးကျေးရွာအုပ်စု၊ နံကပ်ကြီးအုပ်စု၊ ချောက်ရွာအုပ်စု စတဲ့ ကျေးရွာပေါင်း ၂၁ ရွာက အိမ်ထောင်စု ၁၂၀၀ ကျော်၊ လူဦးရေ ၄ သောင်းကျော် လောက် ရေဘေးသင့်နေတာပါ။
“ဟုတ်ပါတယ်။ ခုတော့ မြစ်နှစ်ခုလုံးက ရေတော့ ပြန်ကျ စပြုနေပါပီ။ ကျောင်းတွေကတော့ အကန့်မရှိ ပိတ်ထားတာမဟုတ်ပါဘူး။ ရေကျလို့ စာသင်လို့ရရင်တော့ ပြန်ဖွင့်ကြမှာ။ ကျမတို့ကတော့ ခုရေလွှမ်းတာတွေကို စာရင်းပြုစုပြီး ခရိုင်တိုင်းအဆင့်အဆင့်ကို တင်ပြရပါတယ်။ ရေကတော့ နှစ်စဉ် လွှမ်းမိုးမူတွေ ရှိနေတာပါ။ ခုတကြိမ်ကတော့ ဒုတိယအကြိမ် ပြန်တက်လာတာပါ” လို့ အင်္ဂပူ ထွေအုပ်ရုံးက ဒုဦးစီးအရာရှိ ဒေါ်နီလာက ဒီဗွီဘီကို ပြောပါတယ်။
ရေလွှမ်းမိုးမူခံနေရတဲ့ ကြည်ကြီးအုပ်စု၊ တူးမြောင်းကျေးရွာနေ ဦးကုလာ က “ကျနော်တို့က ဟိုကမ်းနားနေ ဒေသတွေလို မဟုတ်တော့ အလှူရှင်တွေ ဘာတွေ မလာကြဘူးပေါ့။ ဒီတော့ ကျနော်တို့ ကျေးရွာတွေကိုလည်း တာဝန်ရှိသူတွေကို လာကြည့်ပေးစေချင်တာပေါ့။ ဒါမှ တစုံတရာ အကူအညီလေး ဘာလေး ရတာပေါ့” လို့ ပြောပါတယ်။











