DVB Logo
Home
မြန်မာသတင်း
သတင်းသမားများနှင့် လူပုဂ္ဂိုလ် ၈ ဦးအပေါ်စွဲထားသည့်အမှုများတပ်မတော်ပြန်ရုပ်သိမ်း
DVB
·
September 1, 2017
သတင်းသမားများနှင့် လူပုဂ္ဂိုလ် ၈ ဦးအပေါ်စွဲထားသည့်အမှုများတပ်မတော်ပြန်ရုပ်သိမ်း
Donate to DVB

ဒီဗွီဘီသတင်းထောက်တွေအပါအ၀င် သတင်းသမားတွေနဲ့  လူပုဂ္ဂိုလ် ၈ ဦး အပေါ်စွဲဆိုထားတဲ့ အမှုတွေကို ကျေအေးပြီး ပြန်ရုပ်သိမ်းလိုက်ကြောင်း တပ်မတော်က ဒီနေ့ သတင်း ထုတ်ပြန်ပါတယ်။

နိုင်ငံတော်နဲ့ ပြည်သူတွေရဲ့ အမျိုးသားအကျိုးစီးပွားကို ဆက်လက်ပြီး အတူလက်တွဲ လုပ်ဆောင်နိုင်ဖို့အတွက် တပ်မတော်အနေနဲ့ အရင်က ဖြစ်ပျက်ခဲ့မှုတွေကို သင်ပုန်းချေပြီး အမှုတွေကို  ကျေအေး ရုပ်သိမ်းပေးလိုက်တာလို့ တပ်မတော် ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ရုပ်သိမ်းပေးလိုက်တဲ့အမှုတွေကတော့ ၀န်းသိုမြို့နယ် တရားရုံးမှာ ဥပဒေပုဒ်မ-၅၀၂နဲ့ တရားစွဲထားတဲ့ The Daily Eleven အယ်ဒီတာချုပ် ဦးဝေဖြိုးအမှု၊ ဗဟန်းမြို့နယ် တရားရုံးမှာ သတင်းမီဒီယာဥပဒေပုဒ်မ-၂၅(ခ)နဲ့ ဆက်သွယ်ရေး ဥပဒေပုဒ်မ-၆၆(ဃ)တို့နဲ့ တရားစွဲဆိုထားတဲ့ The Voice Daily အယ်ဒီတာချုပ် ဦးကျော်မင်းဆွေနဲ့ ကလောင်ရှင် ဗြိတိသျှကိုကိုမောင်အမှု၊ သီပေါမြို့နယ်တရားရုံးမှာ မတရား အသင်း အက်ဥပဒေပုဒ်မ ၁၇(၁)နဲ့ အမှုဖွင့်ထားတဲ့ ဒီဗွီဘီ အကြီးတန်း သတင်းထောက် ဦးအေးနိုင်၊ ဦးပြည့်ဘုန်းအောင်နဲ့ ဧရာဝတီ အကြီးတန်း သတင်းထောက်ဦးသိန်းဇော်တို့ရဲ့ အမှုတွေဖြစ်ပါတယ်။

ဒါ့အပြင် မြောက်ဥက္ကလာပမြို့နယ်တရားရုံးမှာ ရာဇသတ်ကြီး ဥပဒေပုဒ်မ-၅၀၅(က)နဲ့ အမှုဖွင့်လှစ်ခဲ့တဲ့ ဦးထင်ကျော်(ခ) ကျော်ထင်အမှု၊  တောင်ငူ မြို့နယ်တရားရုံးမှာ ဥပဒေပုဒ်မ-၅၀၅(ခ)နဲ့ အမှုဖွင့်လှစ်ခဲ့တဲ့  တောင်ငူ ဗကသဒုဥက္ကဋ္ဌ ဝေယံသိန်း(ခ)ဗစ်တာ ဦးဆောင်တဲ့ ကျောင်းသားမျိုးဆက် ကေတုအိုးဝေတော်လှန်သံချပ်အဖွဲ့တို့ကို စွဲထားတဲ့ အမှုတွေကိုလည်း ရုပ်သိမ်းပေးခဲ့ပါတယ်။

အမှုပြန်ရုပ်သိမ်းကြောင်း တပ်မတော်က ကြေညာထားပေမယ့် မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇(၁) နဲ့ သီပေါအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဒီဗွီဘီ သတင်းထောက် ၂ ဦး၊ ဧရာဝတီသတင်းထောက် ၁ ဦး အပါအဝင် ၆ ဦးကို ဒီနေ့မနက်က သီပေါမြို့နယ် တရားရုံးမှာ ၆ ကြိမ်မြောက် ရုံးထုတ်ခဲ့ပါတယ်။

ရုံးထုတ်ရာမှာ ဒီကနေ့ မွန်းတည့် ၁၂ နာရီအချိန်လောက်ထိ တရားရုံးကို  တရားလိုဘက်က လာရောက်ခြင်းမရှိသေးတာကြောင့် စောင့်ဆိုင်းနေဆဲဖြစ်ပါတယ်။

ဒီဗွီဘီ အကြီးတန်းသတင်းထောက်ဦးအေးနိုင်က “အဓိက တရားစွဲတဲ့ တရားလိုက  ပြန်လာရုပ်သိမ်းရမှာ၊ ဒီအမှုကို ပြန်ရုပ်သိမ်း ပါတယ်ဆိုပြီးတော့။ ဒီကနေ့ သောကြာနေ့ဆိုတော့ အခုထိ တရားရုံးက တရားသူကြီးက မလာသေးဘူး။ ခုထိသူတို့ဆီကိုလည်း စာဝင်ပုံမရသေးဘူး။ ဘယ်လိုဖြစ်မလဲ မပြော တတ်သေးဘူး။”

ခုလိုတပ်မတော်က အမှုပြန်ရုပ်သိမ်းပေးလိုက်တာနဲ့ ပတ်သက်ပြီးလည်း ဒီဗွီဘီ အကြီးတန်းသတင်းထောက် ဦးအေးနိုင်က“ အစကတည်းက ဖမ်းကို မဖမ်းသင့်တဲ့ကိစ္စကို ဖမ်းထားတာလေ။ လွှတ်ပေးတယ်ဆိုရင်တော့ ပြောရမယ်ဆိုရင် ပျော်တယ်။ ဒါပေမယ့် ထောင်ထဲမှာ ၂ လကျော် နေခဲ့ရတယ်။ ဒါကတော့ နိုင်ငံသားတယောက်အနေနဲ့ နစ်နာမှုပေါ့။ ဘာပဲပြောပြော ပြီးခဲ့တာ တဘက်ကလည်း ဖြေလျှော့တယ်ဆိုတော့ ကျေနပ်တယ် ပြောရမလား၊ မကျေနပ်ဘူး ပြောရမလား။ ဘယ်လိုပြောရမလဲ။ ထောင်ထဲမှာ ၂ လ နေခဲ့ရတာတော့ မသင့်တော်ဘူး။ ဒါကြောင့်မို့ ပုဒ်မ ၁၇(၁) ကို အထူးသဖြင့် မီဒီယာတွေနဲ့ ပတ်သက်ပြီးတော့ စွဲမယ်ဆိုရင် သေသေချာချာ ကြောင်းကျိုးဆီလျော်စွာ လုပ်သင့်တယ်လို့ မြင်တယ်။”လို့ပြောပါတယ်။

သတင်းသမားနဲ့  လူပုဂ္ဂိုလ်  ၈ ဦးအပေါ် စွဲဆိုထားတဲ့အမှုတွေကို ရုပ်သိမ်းလိုက်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)က မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီထံ တရားဝင်စာနဲ့ ဒီကနေ့အကြောင်းကြားလာကြောင်းနဲ့ သတင်းဖော်ပြရာမှာ သတင်းမီယာ ကျင့်ဝတ်နဲ့ အညီ တိကျမှု၊ဘက်မလိုက်မှု၊ မျှတမှု ရှိစေဖို့ဝိုင်းဝန်း တည့်မတ်လုပ်ဆောင်ပေးဖို့လည်း အကြောင်းကြားထားတယ်လို့ သတင်းမီဒီယာကောင်စီ ဒုဥက္ကဋ္ဌ ဦးအောင်လှထွန်းက  သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြပါတယ်။

တပ်မတော်က အမှုရုပ်သိမ်းလိုက်တဲ့  သတင်းသမားတွေနဲ့ လူပုဂ္ဂိုလ် ၈ ဦးစာရင်း

၁။ ဦးဝေဖြိုး (အယ်ဒီတာချုပ်၊ The Daily Eleven)

(ရာဇသတ်ကြီး ပုဒ်မ-၅၀၂)

၂။ ဦးကျော်မင်းဆွေ ((အယ်ဒီတာချုပ်၊ The Voice Daily)

(သတင်းမီဒီယာဥပဒေ ပုဒ်မ ၂၅(ခ)/ဆက်သွယ်ရေးဥပဒေ ပုဒ်မ -၆၆ (ဃ))

၃။ ဗြိတိသျှကိုကိုမောင် (ကလောင်ရှင်)

(သတင်းမီဒီယာဥပဒေ ပုဒ်မ ၂၅(ခ)/ဆက်သွယ်ရေးဥပဒေ ပုဒ်မ -၆၆ (ဃ))

၎။ ဦးအေးနိုင် (အကြီးတန်းသတင်းထောက်၊ DVB)

(မတရားအသင်းအက်ဥပဒေ ပုဒ်မ ၁၇(၁))

၅။ ဦးပြည့်ဘုန်းအောင် (အကြီးတန်းသတင်းထောက်၊ DVB)

(မတရားအသင်းအက်ဥပဒေ ပုဒ်မ ၁၇(၁))

၆။ ဦးသိန်းဇော် (အကြီးတန်းသတင်းထောက်၊ ဧရာဝတီ)

(မတရားအသင်းအက်ဥပဒေ ပုဒ်မ ၁၇(၁))

၇။ ဦးထင်ကျော် (ခ) ဦးကျော်ထင်

(ရာဇသတ်ကြီးဥပဒေပုဒ်မ-၅၀၅ (ခ))

၈။ ဝေယံသိန်း(ခ) ဗစ်တာ (ဒုတိယဥက္ကဋ္ဌ၊တောင်ငူ ဗကသ) နှင့်အဖွဲ့

(ရာဇသတ်ကြီးဥပဒေပုဒ်မ-၅၀၅ (ခ)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013