DVB Logo
Home
မြန်မာသတင်း
ထိုင်းရောက် မြန်မာလုပ်သား ၁၅၀ ကျော် ဆန္ဒပြ၍ အလုပ်သမားအခွင့်အရေးများ ပြန်လည်ရရှိ
DVB
·
August 31, 2017
ထိုင်းရောက်  မြန်မာလုပ်သား ၁၅၀ ကျော် ဆန္ဒပြ၍ အလုပ်သမားအခွင့်အရေးများ ပြန်လည်ရရှိ
Donate to DVB

 

ထိုင်းနိုင်ငံ အလယ်ပိုင်း ပထုန်ဌာနီရိုင် လမ်းလုကာနယ်မြေရှိ  အသားလုံးစက်ရုံတစ်ခုက မြန်မာအလုပ်သမား ၁၅၀ ကျော်ဟာ လုပ်အားခအပြည့်မရတာ၊ အချိန်ပိုလုပ်ခ အပြည့်မရတာတွေကြောင့် ဒီကနေ့မနက်က အလုပ်မဆင်းဘဲ ဆန္ဒပြခဲ့ကြပြီး ညနေပိုင်းမှာတော့ သက်ဆိုင်ရာက လာရောက်ညှိနှိုင်းပေးတာကြောင့် ပြေလည်မှုရခဲ့ပါတယ်။

ဒီမတိုင်ခင်က သူတို့တွေဟာ အလုပ်သမားဥပဒေအရ သတ်မှတ်ထားတဲ့ နေ့စား ဘတ် ငွေ ၃၅၀၊ အချိန်ပို တနာရီ ၅၈ ဘတ် အပြည့်မရဘဲ   နေ့စား ၂၅၀- ၃၁၀ ဘတ်၊  အချိန်ပို တနာရီ ၄၀ ဘတ်သာရရှိခဲ့တာပါ။

ဒါ့အပြင် စီအိုင်လို့ခေါ်တဲ့ နိုင်ငံသားစိစစ်စာအုပ် ပုံမှန် ဘတ် ၃၁၀ ကို တဦးကို ဘတ် ၈၀၀ စီကောက်ခံကာ၊ အမ်အိုယူအလုပ်သမားကတ်ကြေးမှာလည်း ပုံမှန် ဘတ် ၁ သောင်းကျော်သာ ကုန်မှာကို တဦးကို ဘတ် ၂ သောင်း ၂ ထောင်စီဖြတ်ခံထားရတယ်လို့  အလုပ်သမားတွေကို ကူညီနေတဲ့ အေအေစီမဟာမိတ်အလုပ်သမားကူညီရေးအဖွဲ့မှ ကိုရဲမင်းက ပြောပါတယ်။

“အလုပ်သမားတွေက အကူအညီတောင်းတော့ ကျနော်တို့လည်း ထိုင်းမြန်မာသံရုံးက အလုပ်သမား သံအရာရှိတွေဆီအကြောင်းကြားပေးသလို အလုပ်သမား ကာကွယ်စောင့်ရှောက် ရေးဌာန၊ အလုပ်သမားရှာဖွေခန့်ထားရေးဌာနတွေကိုလည်း အကြောင်းကြားလိုက်ပါတယ်။  သံရုံးကလည်း အဲဒီရုံးတွေကို ဆက်သွယ်အကြောင်းကြားတော့ ညနေပိုင်းမှာ တာဝန်ရှိသူတွေ ရောက်လာပြီး အလုပ်ရှင်နဲ့ ညှိနှိုင်းပေးခဲ့တယ်။  နေ့ခင်း တနာရီလောက်ကနေ ညနေ ၃ နာရီမှာ ညှိနှိုင်းပြီးတော့ အလုပ်ရှင်ဘက်က လုပ်အားခအပြည့်ပေးမယ်။ အမ်အိုယူအလုပ်သမားကတ် တော့ မလုပ်ပေးတော့ဘူး။ ငွေပြန်အမ်းမယ်၊ စီအိုင်စာအုပ်ဖိုး အပိုယူထားတာ ပြန်ပေးမယ်။ ခါတိုင်း ထိုင်းမိခင်များနေ့၊ ဖခင်များနေ့တွေမှာ အလုပ်မနားရဘဲ အချိန်ပိုခိုင်းခဲ့တာတွေအတွက် ပြန်ပေးမယ်၊ ရေအိမ်တစ်ခါတက် ဆယ်မိနစ်ထက်မပိုရဘူး။ ပိုသွားရင်  တစ်မိနစ်ကို ၃၁၀ ပိုက်ဆံဖြတ်တဲ့ ကိစ္စ အဲဒါပြန်လျော့ပေးတယ်။ အဲလိုအနေအထားနဲ့ သဘောတူညီမှု ရသွားပါတယ် ခင်ဗျ။”

ပဲခူးတိုင်းကနေ လာပြီး အလုပ်လုပ်နေတဲ့ ကိုမြတ်မိုးအောင်ကတော့ သူတို့ဟာ အဲဒီစက်ရုံမှာ နှစ်နဲ့ချီ လုပ်ကိုင်လာခဲ့ပြီး အလုပ်ရှင်ပေးသမျှနဲ့ ရောင့်ရဲကျေနပ်နေကြကြောင်း၊ ဒါပေမယ့် ပြီးခဲ့တဲ့ ရက်ပိုင်းက အသားလုံးစက်က တန်ဖိုးကြီးတဲ့ စက်ပစ္စည်း ပျောက်ရှမှုမှာ အလုပ်သမား ၃ ယောက် မတရားစွပ်စွဲခံရလို့ အဲဒါကို မကျေနပ်ရာက အစပြုပြီး အလုပ်သမားအခွင့်အရေးတွေပါ တောင်းဆိုတဲ့အထိ ဆန္ဒပြခဲ့ရတာလို့ ပြောသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013