DVB Logo
Home
မြန်မာသတင်း
လိမ်လည်သည့် ထိုင်း ၃ ဦးအမှုရုပ်သိမ်း၊ ဒေသခံများ မကျေနပ်
DVB
·
August 31, 2017
Donate to DVB

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ တဲစုရွာနဲ့ ပုလဝါရွာ ၂ ရွာက ပြည်သူတွေဆီက ပစ္စည်းနဲ့ ငွေကြေး လိမ်လည်ရယူတဲ့ ထိုင်းနိုင်ငံသား ၃ ဦးရဲ့ အမှုကို သြဂုတ် ၃၀ ရက်နေ့မှာ တရားလို ၂ ဦးက ရုပ်သိမ်းလိုက်လို့ ဒေသခံတွေ မကျေမနပ် ဖြစ်နေကြပါတယ်။

ဖြစ်စဉ်မှာ ဇူလိုင် ၂၇ ရက်မှာ တကြိမ်၊ သြဂုတ် ၇ ရက်မှာ တကြိမ်၊ တဲစုရွာနဲ့ ပုလဝါရွာ ၂ ရွာကို ထိုင်းနိုင်ငံလုပ် အိမ်သုံးပစ္စည်းတွေ ကံစမ်းမဲ ဖောက်ပေးမယ်၊ မဲတမဲ ၁၀၀ ကျပ်နဲ့ ရောင်းခဲ့တယ်လို့ ဆိုပါတယ်။

မဲနှိုက်ချိန်မှာ ဆေးလိပ်ငွေ့နဲ့ စိတ်အပြောင်းအလဲ ဖြစ်အောင် လုပ်ပြီး လက်ဝတ်ရတနာတွေနဲ့ ငွေကြေးတွေကို လိမ်လည်ရယူခဲ့တာကြောင့် ကျေးလက်ပြည်သူတွေ ဝိုင်းဖမ်းပြီး သြဂုတ် ၇ ရက်နေ့က ပင်းတလဲရွာရဲ စခန်းကို ထိုင်းနိုင်ငံသား ၃ ဦး၊ မြန်မာစကားပြန် ၁ ဦးနဲ့ ကားမောင်းသူ ၁ ဦး၊ စုစုပေါင်း ၅ ဦးကို အပ်ခဲ့ပါတယ်။

“အလိမ်ခံရသူတွေထဲမှ တဲစုရွာနေ ဒေါ်ဆယ်တင်၊ ပုလဝါရွာနေ ဖိုးရှဲ(ခ)သိုက်စိုးဝေတို့ တရားလိုလုပ် အမှုဖွင့်ခဲ့ပါတယ်။ လ.ဝ.က က လူဝင်မှုကြီးကြပ်ရေး ဥပဒေနဲ့ ထိုင်းနိုင်ငံသားတွေ ကို တရားစွဲပါတယ်။ ဥပဒေအကြံတောင်းရင်တော့ ကားမောင်းသူနဲ့ မဆိုင်ဘူးဆိုပြီး လိမ်လည်မှုက လွှတ်ခဲ့ပါတယ်။ စကားပြန်ကိုတော့ လိမ်လည်မှု အားပေးကူညီတယ်ဆိုပြီး သြဂုတ် ၂၁ ရက်နေ့မှာ တရားစွဲခဲ့ပါတယ်။ ဒီနေ့တော့ တရားလို ၂ ဦးက လိမ်လည်မှုကို ရုပ်သိမ်းပေးလိုက်တယ်”လို့ ပင်းတလဲရဲစခန်းက ပြောပါတယ်။

မြို့နယ်ရဲတပ်ဖွဲ့မှူး  ရဲမှုးမျိုးလွင်က “ဒီလိုရဲတင်းလွန်းစွာ လာလိမ်သူတွေကို နောင် မလုပ်ရဲအောင် အမှု ရုပ်မပေးသင့်ဘူး။ တရားဥပဒေရဲ့ ဆုံးမမှု ရစေချင်တယ်။ လိမ်လည်မှု ရုပ်သိမ်းရင် လ.ဝ.က အမှုပဲကျန်တော့မယ်”လို့ ပြောပါတယ်။

တဲစုရွာ အုပ်ချုပ်ရေးမှူးဦးကျော်မြင့်က “ရွာကို လာလိမ်တယ်။ တရွာလုံး သိတယ်။ အမှုရုပ်တယ် ကြားတယ်။ မလုပ်သင့်တဲ့ အလုပ် ဘာလို့ လုပ်တယ် မတွေးတတ်ဘူး။ ကျနော်နဲ့ ကိုမောင်ဆင့် မနေ့က သက်သေအဖြစ်  အစစ်ခံပေးခဲ့တာပါ။ လိမ်တာ မှန်တယ်။ ရွာထဲက အိမ်ဝင်းတွေထဲထိ ဝင်လိမ်တယ်။ အစစ်ခံခဲ့တယ်။ ဒီနေ့တော့ အမှုရုပ်တယ်တဲ့”လို့ ပြောပါတယ်။

တရားလို ဒေါ်ဆယ်တင်က "သွားရေးလာရေး ခက်ခဲတယ်၊ အမှုချိန်းဆို တနေကုန်ရုံမကဘူး၊ ည ၉ နာရီလောက်မှ အိမ်ပြန်ရောက်တယ် ကျမဆီက လိမ်သွားတဲ့ငွေ ပြန်ပေးတယ်၊ ကျမ အမှုအပြင် နောက်ထပ် သူတို့အမှု ရင်ဆိုင်ရဦးမှာပါ၊ ရုပ်သိမ်းပေးပါလို့ အသနားခံလို့ ရုပ်သိမ်းပေးလိုက်တယ်" လို့ပြောပါတယ်။

ဝမ်းတွင်းမြို့နယ် တရားရုံးမှ သြဂုတ်လ ၃၀ ရက်နေ့တွင် ထိုင်းနိုင်ငံသား ၃ ဦးနဲ့ စကားပြန်ကို ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၉၄ အရ အမှုရုပ်သိမ်းခွင့်ပြုခဲ့ပါတယ်။ ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၉၄(က)အရ စွဲချက်မတင်ခင် လွှတ်တဲ့အမိန့် ချမှတ်ခဲ့ပါတယ်။

သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013