DVB Logo
Home
Lead Story
ဝမ်းချုပ်ခြင်းနှင့် အမျှင်ဓာတ်
DVB
·
August 31, 2017
ဝမ်းချုပ်ခြင်းနှင့် အမျှင်ဓာတ်
Donate to DVB

ဝမ်းချုပ်ခြင်းဆိုတဲ့အရာကို လူတိုင်း တွေ့ကြုံဖူးပါလိမ့်မယ်။ ဝမ်းချုပ်စေတဲ့ အကြောင်းအရာ အများကြီးရှိတဲ့အနက်က ရေဓာတ်နည်းခြင်းနဲ့ အမျှင်ဓာတ် နည်းခြင်းကြောင့် ဝမ်းချုပ်ခြင်းဖြစ်တာ အများဆုံးပါပဲ။ တချို့ဆိုရင် ဝမ်းချုပ်တဲ့အတွက် ကိုယ်လက်မအီမသာဖြစ်ပြီး ခေါင်းတွေအုံ၊ ခေါင်းတွေကိုက်တဲ့အထိတောင် ခံစားရလေ့ ရှိပါတယ်။ ဝမ်းချုပ်ခြင်းကို Constipation အပြင် Constiveness, Dyschezia, Dyssy-nergic Defaecation စသဖြင့်လည်း ခေါ်ကြပါသေးတယ်။

ဆိုလိုတဲ့သဘောကတော့ Dowel Moments (အူလှုပ်ရှားခြင်း၊ ကျင်ကြီးစွန့်ခြင်း) ဟာ ခက်ခဲနေခြင်း ဖြစ်ပါတယ်။ ဝမ်းချုပ်ခြင်းဆိုတာ အဖြစ်များတဲ့ ဝမ်းသွားနေစဉ် နာကျင်ခြင်း Painful Defecation ပဲ ဖြစ်ပါတယ်။ အရမ်းကို ဝမ်းချုပ်နေပြီဆိုရင်တော့ Obstipation (လေနှင့်ဝမ်း လုံးဝ မသွားနိုင်ခြင်း)၊ Fecal Impaction (ဝမ်း လုံးဝမသွားဘဲ ပိတ်ဆို့ခြင်း) စသည်တို့ ဖြစ်နိုင်ပါတယ်။

လူဦးရေရဲ့ ပျမ်းမျှ ၂ မှ ၃ဝ ရာခိုင်နှုန်းလောက်ဟာ ဝမ်းချုပ်ခြင်းကို ခံစားရလေ့ ရှိပါတယ်။ ဝမ်းချုပ်ခြင်းကို ဖြစ်ပွားစေတဲ့အချက်တွေ အများကြီးရှိပါတယ်။ အဓိကအားဖြင့် ပုံစံနှစ်မျိုး ရှိပါတယ်။ လုံးဝပိတ်ဆို့ပြီး ဝမ်းမသွားနိုင်ခြင်း Obstructed Defecation နဲ့ အူများ လှုပ်ရှားမှု လျော့နည်းခြင်း၊ နှေးကွေးခြင်း Colonic slow Transit, Hypomobility တို့ပဲ ဖြစ်ပါတယ်။ ဆေးရုံတွေကို ရောက်လာတဲ့ လူနာတွေရဲ့ ၅ဝ ရာခိုင်နှုန်းလောက်ဟာ Obsturcted Defecation ကြောင့် ရောက်လာတာ များပါတယ်။ အူလှုပ်ရှားမှုနည်းခြင်းကြောင့်ဖြစ်တဲ့ Colonic Slow Transit Constipation ကို ဖြစ်စေတဲ့ အရာတွေကတော့ အစားအသောက်၊ ဟော်မုန်း၊ ဆေးဝါးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေနဲ့ Heavy Metal Toxicity တွေပဲ ဖြစ်ပါတယ်။ သူ့ကို ကုသတဲ့အခါမှာလည်း အစားအသောက် ပုံစံပြောင်းလဲခြင်း၊ ဝမ်းပျော့ဆေး၊ ဝမ်းချူဆေးတောင့်၊ ခွဲစိတ်ခြင်း စသည်တို့ ပါဝင်ပါတယ်။ ထိထိရောက်ရောက် ကုသချင်တယ်ဆိုရင်တော့ ဘာကြောင့်ဖြစ်ရတာလဲဆိုတဲ့ Cause ကို အရင်ရှာဖွေဖို့ လိုပါတယ်။

ဝမ်းချုပ်ခြင်းကို အဓိပ္ပာယ်သတ်မှတ်ထားတာတွေကတော့


  • အူလှုပ်ရှားမှု Bowel Moment  (ကျင်ကြီးစွန့်ခြင်း) ဟာ တပတ်ကို သုံးကြိမ် သို့မဟုတ် သုံးကြိမ်ထက် နည်းနေခြင်း

  • ဝမ်းသွားရတာ ခက်ခဲခြင်း (ညှစ်ရခြင်း၊ စမြင်းခေါ် အမာများသွားခြင်း)

  • ဝမ်းသွားပြီးသော်လည်း မပြီးမပြည့်စုံသကဲ့သို့ ခံစားရခြင်း၊ ဝမ်းကျန်နေသလို ခံစားရခြင်း စသည်တို့ပဲ ဖြစ်ပါတယ်။


ကလေးငယ်တွေမှာ ဝမ်းသွားတာကတော Formula နို့မှုန့်တွေနဲ့ အစာကျွေးတဲ့ အချိန်မှာ ဖြစ်လေ့ရှိပါတယ်။ မွေးပြီးတဲ့အခါမှာ မွေးကင်းစ ကလေးငယ်တွေဟာ လေးကြိမ် ငါးကြိမ်လောက် ပျော့ပျော့ (အရည်သာသာ) ကျင်ကြီးစွန့်လေ့ ရှိပါတယ်။ နို့မှုန့်တိုက်တဲ့ ကလေးတွေထက် မိခင်နို့စို့တဲ့ ကလေးတွေက ကျင်ကြီးစွန့်တဲ့ အကြိမ်အရေအတွက် ပိုများပါတယ်။

ဝမ်းချုပ်ခြင်းကို ဖြစ်စေသောအချက်များ

ဝမ်းချုပ်ခြင်းကိုဖြစ်စေတဲ့ အချက်တွေကတော့

  • Congenital  (မွေးရာပါ)

  • Primary  (ပထမအကြောင်းအရင်း)

  • Secondary (ဒုတိယအကြောင်းအရင်း) စသည်တို့ ဖြစ်ပါတယ်။


အဖြစ်အများဆုံးကတော့ Primary ဖြစ်ပြီး အသက်အန္တရာယ်ကို ထိခိုက်နိုင်ခြင်း မရှိပါဘူး။ အသက်ကြီးတဲ့လူတွေမှာတော့ အမျှင်ဓာတ်စားသုံးမှု လျော့နည်းခြင်း၊ ရေသောက်နည်းခြင်း၊ ကိုယ်လက်လှုပ်ရှားမှု နည်းခြင်း၊ ဆေးဝါးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေနဲ့ Hypothyroidism နဲ့ ကင်ဆာရောဂါတို့ ဖြစ်ပါတယ်။

၁။ Primary

Primary မှာတော့ ခြောက်လကျော်လောက်ထိ ဝမ်းချုပ်ခြင်းကို ခံစားရပြီး ဒါဟာ ဆေးဝါးတွေရဲ့ ဘေးထွက်ဆိုးကျိုးကြောင့်လည်း မဟုတ်သလို ရောဂါတခုခုကြောင့်လည်း မဟုတ်ပါဘူး။ ဗိုက်အောင့် ဗိုက်နာခြင်းလည်း မရှိတဲ့အတွက်ကြောင့် Irritable bowel syndrome နဲ့ ခွဲခြားနိုင်ပါတယ်။ ဝမ်းချုပ်ခြင်းရဲ့ Comon Cause ဖြစ်ပါတယ်။

၂။ အစားအသောက်

အမျှင်ဓာတ်စားတာ နည်းတဲ့အတွက်ကြောင့်၊ ရေသောက်တာနည်းတဲ့အတွက် အစားအစာစားတာ နည်းတဲ့အတွက် ဝမ်းချုပ်ခြင်း ဖြစ်ရပါတယ်။

၃။ ဆေးဝါးများ

ဆေးဝါးအများစုမှာ ဝမ်းချုပ်တယ်ဆိုတဲ့ ဘေးထွက်ဆိုးကျိုးပါ ရှိကြပါတယ်။ ဘာဆေးတွေလဲဆိုတော့ Opioids (အကိုက်အခဲပျောက်ဆေးများ)၊ ဆီးဆေးများ၊ စိတ်ကျရောဂါပျောက်ဆေးများ၊ ယားယံခြင်းပျောက်သော ဆေးများ၊ ဗိုက်အောင့်ပျောက်ဆေးများ၊ အတက်ကျဆေးများ၊ အလူမီနီယံပါသော အစာအိမ်ဆေးများ စသည်တို့ ဖြစ်ပါတယ်။

၎။ Metabolic and Muscular

အင်ဒိုခရိုင်း ပြဿနာတွေဖြစ်တဲ့ ကယ်လ်ဆီယမ်များခြင်း၊ သိုင်းရိုက်ဟော်မုန်း နည်းခြင်း၊ ဆီးချိုသွေးချိုနဲ့ Cystic Fibrosis, Celiac Disease စသည်တို့ ဖြစ်ပါတယ်။ ကိုယ်လက်လှုပ်ရှားမှုနည်းတဲ့၊ မလှုပ်ရှားနိုင်တဲ့ လူတွေမှာ ဝမ်းချုပ်ခြင်း အဖြစ်များပါတယ်။

၅။ စိတ်ရောဂါဆိုင်ရာ

နာကျင်မှုကို အလွန်အမင်း ကြောက်ရွံ့သူများ၊ လူစုလူဝေး လူထုနားနေခန်းများကို ကြောက်သူများ၊ ပျင်းရိသူများဟာလည်း ငယ်စဉ်ကတည်းက ဝမ်းချုပ်ခြင်းကို ခံစားရလေ့ရှိတဲ့ သူတွေ ဖြစ်တတ်ပါတယ်။

ဝမ်းချုပ်ခြင်းကို ဘယ်လိုကာကွယ်ကုသမလဲ

တခါတခါမှာ ဝမ်းချုပ်ခြင်းကို ကုသတာထက် ကာကွယ်တာက ပိုလွယ်ပါတယ်။ ဝမ်းချုပ်ခြင်းကို သက်သာစေဖို့ ပုံမှန် ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ရပါမယ်။ ရေများများ သောက်ဖို့လိုပြီး အမျှင်ဓာတ် အများကြီးပါတဲ့ အစားအစာတွေ စားဖို့လိုပါတယ်။ မနက်စောစော ဝမ်းသွားတဲ့အကျင့်၊ အိမ်သာမှန်မှန်တက်တဲ့ အကျင့်ကိုလည်း မွေးမြူဖို့ လိုပါတယ်။ ပုံမှန် ဝမ်းပျော့ဆေးတွေ သုံးစွဲခြင်းက သိပ်တော့မကောင်းပါဘူး။ ဘာလို့လဲဆိုတော့ ကျင်ကြီးစွန့်တဲ့ အလေ့အထဟာ ကြာလာရင် အဲဒီ ဝမ်းပျော့ဆေးတွေအပေါ်မှာ တည်မှီလာမှာ ဖြစ်တဲ့အတွက် ဖြစ်ပါတယ်။ Mechanical Stimulation အနေနဲ့ ဝမ်းချုပ်ဆေးလုံး Enemas ကိုလည်း အသုံးပြုနိုင်ပါတယ်။ ဒါပေမယ့်လည်း ဝမ်းချူဆေးလုံးဟာ အစာဟောင်းအိမ် Rectum ထဲက မစင်တွေကိုသာလျှင် စွန့်ထုတ်စေနိုင်ပြီး အစာအိမ်နဲ့ အူလမ်းကြောင်း Intestianl Tract ထဲကိုတော့ မရောက်ရှိနိုင်ပါဘူး။

ဝမ်းပျော့ဆေးမှာလည်း အသုံးများတာက MOM လို့ခေါ်တဲ့ Milk of Magensia ဖြစ်ပါတယ်။ ဈေးသက်သာပြီး အန္တရာယ်မရှိတာကြောင့် လူသုံးများပါတယ်။ MOM နဲ့ မသက်သာမှသာလျှင် ခုနကပြောတဲ့ ဝမ်းချူဆေးလုံး Stimulant တွေကို သုံးသင့်ပါတယ်။

အမျှင်တွေက ဝမ်းချုပ်ခြင်းကို ဘယ်လို သက်သာစေသလဲ

အမျှင်ဓာတ် Fiber တွေဟာ အပင်တွေရဲ့ အစိတ်အပိုင်းဖြစ်ပြီး အမျှင်ဓာတ်ပါတဲ့ အစားအသောက်တွေဟာ အစားအစာတွေကို စားသောက်ပြီးတဲ့အခါမှာ အစာအိမ်နဲ့ အူလမ်းကြောင်းအတွင်းမှာ ကျန်ရှိနေခဲ့ပါတယ်။ အမျှင်တွေဟာ အရာဝတ္ထုတခုတည်း မဟုတ်ဘဲ အစုအဝေးကြီးတခုသာလျှင် ဖြစ်ပါတယ်။

အမျှင်မှာ Soluble နဲ့ Insoluble  ဆိုပြီး နှစ်မျိုးရှိပါတယ်။

အစာအိမ်နဲ့ အူလမ်းကြောင်း ချောချောမွေ့မွေ့ ဖြစ်စေဖို့အတွက် ဖိုက်ဘာ နှစ်မျိုးစလုံးက မရှိမဖြစ် လိုအပ်ပါတယ်။ ပျော်ဝင်နိုင်တဲ့ Soluble Fiber တွေဟာ သင့်ရဲ့ မစင်ထဲမှာ ရေတွေကို စိမ့်ဝင်စေပြီး ပျော့ပျောင်းစေပါတယ်။ ဒီတော့ အူတွေကနေ စွန့်ထုတ်ရတာ လွယ်ကူသွားပါတယ်။ မပျော်ဝင်နိုင်တဲ့ Fiber တွေကတော့ မစင်တွေရဲ့ ပုံသဏ္ဌာန်ကို ပြောင်းလဲလိုက်ပြီး အလျင်အမြန် စွန့်ထုတ်စေခြင်းအားဖြင့် သင့်ကို ဝမ်းချူတဲ့ ခံစားချက်ကြီးကနေ လွတ်ကင်းစေမှာ ဖြစ်ပါတယ်။ Virginia Commonwealth University Health Center in Richmond, Va မှ ဒါရိုက်တာနဲ့ ပရော်ဖက်ဆာတဦးဖြစ်တဲ့ Stephen Bickston က “အမျှင်ဓာတ်ပါတဲ့ အစားအစာ များများစားသုံးတဲ့လူတွေဟာ ဝမ်းချုပ်ခြင်း နည်းလေ့ရှိတယ်” လို့ ပြောခဲ့ပါတယ်။ American Dietetic Association ကတော့ အသက် ၁၉ နှစ်မှ ၅ဝ အတွင်း အမျိုးသမီးတွေဟာ နေ့စဉ် အစားအသောက်ထဲမှာ ဖိုက်ဘာ ၂၅ ဂရမ် စားသုံးရမယ်လို့ ဆိုပါတယ်။

ယောက်ျားတွေကတော့ အဲဒီအသက်အရွယ် အပိုင်းအခြားမှာ ၃၈ ဂရမ် စားသုံးရမယ်လို့ ဆိုပါတယ်။ အသက် ၅ဝ အထက် အမျိုးသမီးတွေကတော့ ၂၁ ဂရမ် စားသုံးသင့်ပြီး အမျိုးသားတွေကတော့ ၃ဝ ဂရမ် စားသုံးသင့်ပါတယ်။ Dr. Bickston ညွှန်ပြခဲ့တာကတော့ အမေရိကန်တွေဟာ ပျမ်းမျှ တနေ့ကို ဖိုက်ဘာအမျှင်ဓာတ် ၁၃ ဂရမ် စားသုံးတယ်လို့ ဆိုပါတယ်။ ဒါဟာ သတ်မှတ်ထားတာကို ရောက်ဖို့ လိုပါသေးတယ်တဲ့။

အမျှင်ဓာတ်ပါတဲ့ အစားအစာ အများစုမှာ ဗီတာမင်၊ သတ္တုဓာတ်တွေနဲ့ ပါဝင်ပြီး အဆီနဲ့ ကယ်လိုရီတွေတော့ နည်းလေ့ရှိပါတယ်။ အမျှင်ဓာတ်ပါသော အစားအစာတွေကတော့ -

  • သစ်သီးများ (သစ်တော်သီး၊ ပန်းသီး၊ လိမ္မော်သီး စသည်)

  • အရွက်များ (ဂေါ်ဖီ၊ ပန်းဂေါ်ဖီစိမ်း၊ မုန်လာဥ၊ အာလူး၊ ဖရုံ စသည်)

  • ပဲအမျိုးမျိုး၊ စားတော်ပဲ၊ ပဲနီလေး

  • ဂျုံပေါင်မုန့်၊ ဆန်ညို၊ ဖွဲမှုန့်၊ အုတ် ဂျုံမှုန့်

  • နေကြာစေ့၊ မြေပဲ၊ မက်မွန်၊ သစ်ကြားသီး စသည်တို့ပဲ ဖြစ်ပါတယ်။


ယခုနောက်ပိုင်းမှာ အမျှင်စားတာ နည်းတဲ့သူတွေအတွက် Ispaghula Husk လို့ ခေါ်တဲ့ Psyllium လို့ခေါ်တဲ့ အပင်တမျိုးကနေ ထုတ်လုပ်ထားတဲ့ အမျှင်ဖြည့်စွက် အမှုန့်လေးတွေ ဈေးကွက်ထဲ ဝင်ရောက်နေပြီ ဖြစ်ပါတယ်။ တခါသောက်ရင် တထုပ်လုံးကို ရေဖန်ခွက်ထဲ ထည့်မွှေနှောက်ပြီး သောက်သုံးနိုင်ပါတယ်။

ဝမ်းချုပ်တဲ့လူတွေကို အကြံပေးလိုတာကတော့ ...

၁။ ရေများများသောက်ပါ။ သစ်သီးဖျော်ရည် စတဲ့ အရည်မျိုးစုံ သောက်သုံးဖို့ လိုပါတယ်။

၂။ အမျှင်ပါတဲ့ အစားအစာ အများအပြား စားသုံးပေးဖို့ လိုပါတယ်။

၃။ ကိုယ်လက်လှုပ်ရှားမှု မှန်မှန်ပြုလုပ်ပါ။

၎။ နေ့စဉ် ပုံမှန် ဝမ်းသွားတတ်တဲ့ အလေ့အကျင့်ကို မွေးမြူပါ။

၅။ စိတ်ဖိစီးမှုကို တတ်နိုင်သလောက် လျှော့ချပါ။

၆။ ဝမ်းချုပ်တာ ရှည်ကြာနေပြီ၊ ဝမ်းပျော့ဆေးတွေ သောက်တာလည်း မသက်သာဘူး ဆိုရင်တော့ ဆရာဝန်နဲ့ ပြသပြီး ကုသမှုခံယူပါ။

၇။ ဝမ်းချုပ်စေတဲ့ အစာတွေဖြစ်တဲ့ ကောက်ညှင်း … စသည်တို့ကို လျှော့စားပေးဖို့ လိုအပ်ပါကြောင်း တင်ပြလိုက်ရပါတယ်။

သက်တန့်ချို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013