စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ် မော်လူးကျေးရွာအုပ်စု ပဲခူးရွာအနီးရှိ ချောင်းအတွင်းမှာ သြဂုတ် ၃၀ ရက်နေ့က အမျိုးသမီးတဦး ရေနစ်သေဆုံးခဲ့တယ်လို့ မော်လူးကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
မော်လူးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစိုးမြင့်က “သေဆုံးသူမှာ ပဲခူးကျေးရွာရဲ့ အနောက်ဘက် ရွှေလေးတန်ချောင်းရှိ မေတ္တာပေါင်းကူးတံတားအောက်ခြေရှိ ချောင်းအတွင်းမှာ သေဆုံးနေသူကို တွေ့ရှိရပြီး အလောင်းကို ဆယ်ယူစစ်ဆေးရာ သေဆုံးသူမှာ အတက်ရောဂါရှိပြီး ပြင်ပဒဏ်ရာမရှိဘဲ ရေနစ် သေဆုံးတာ” လို့ ပြောပါတယ်။
သေဆုံးသူ ပဲခူးကျေးရွာနေ မပိန်းရဲ့ အလောင်းကို မော်လူးတိုက်နယ် ဆေးရုံကို ပို့ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။
မပိန်း (၃၂ နှစ်) သေဆုံးမှုကို ဓမ္မတာအတိုင်း သေဆုံးတာ ဟုတ်၊မဟုတ် စစ်ဆေးနိုင်ဖို့ အင်းတော်မြို့နယ် မော်လူးနယ်မြေရဲစခန်းမှ သေမှုသေခင်း အမှတ်စဉ် ၆/၂၀၁၇ နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။
သတင်း - ကိုကိုလင်း(အင်းတော်)











