
ဖာပွန်မြို့ကို စစ်ကြောင်းထိုးနေတဲ့ စစ်တပ်စစ်ကြောင်းတွေ ကတိုင်တိအထက်နား ဘုရားကုန်းနေရာမှာ ၁ လကျော်ကြာမြင့်လာတဲ့အထိ ရှေ့ဆက်မတိုးနိုင်ဘဲ တိုက်ခိုက်ခံနေရပြီး စစ်တပ်ဘက်က အရာရှိအပါအဝင် ထိခိုက်သေဆုံးသူတွေ ရှိနေတယ်လို့ တပ်မဟာ ၅ ပြောခွင့်ရ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။
စစ်အာဏာရှင်တပ်က မေ ၅ ရက်နေ့ကစပြီး စစ်ရေးအရ မဟာဗျူဟာကျတဲ့ ဖာပွန်ဗျူဟာမကျရေးနဲ့ တပ်စခန်းတွေ ပြန်လည်ရရှိရေး လူအင်အား ၂,၀၀၀ နီးပါးနဲ့ ဖာပွန်ကားလမ်းမကြီး အရှေ့နဲ့ အနောက်ဘက်ကနေ စစ်ကြောင်း ၂ ကြောင်းခွဲပြီး စစ်ကြောင်းထိုးနေတာပါ။
လက်ရှိမှာ ဖာပွန်မြို့နယ်၊ ကမမောင်း-ဖာပွန်သွားလမ်းပေါ်က ကတိုင်တိကျေးရွာကို ကျော်လွန်ပြီး ဖာပွန်မြို့ကိုရောက်ဖို့ မိုင် ၂၀ ကျော်လောက်သာ လိုတော့တဲ့ ဘုရားကုန်းနေရာကို ဇူလိုင် ၂ ရက်က ရောက်ရှိနေတာဖြစ်ပြီး ၁ လကျော်ကြာမြင်လာတဲ့အထိ ရှေ့ဆက်မတိုးနိုင်ဘဲ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်တွေရဲ့ ကြားဖြတ်တိုက်ခိုက်ခံနေတာကြောင့် အရာရှိတွေအပါအဝင် ထိခိုက်သေဆုံးသူတွေ ရှိနေပါတယ်။
မူတြော်ခရိုင် ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၅ ပြောခွင့်ရ ပဒိုစောထိုရော်ဘင်က “သူတို့ နောက်ဆုံးရောက်ထားတဲ့ နေရာမှာပဲ ရှိနေသေးတယ်၊ ဆက်တိုးလို့မရသေးဘူး။ တိုက်ပွဲက နေ့စဉ်အချိန်မရွေး ဆက်ဖြစ်နေတဲ့အခါကျတော့ စကစ စစ်ကြောင်းဘက်ကမှာ ထိတာ၊ ဒဏ်ရာရတာတွေတော့ ဆက်ရှိနေတာပဲ။ တိုက်ပွဲဖြစ်ပြီးတော့ စကစဘက်က ဘယ်နှယောက် သေတယ်၊ ဘယ်နှယောက် ဒဏ်ရာရလဲဆိုတဲ့ အတိအကျတော့ မသိရဘူး။ ဒါပေမဲ့ သိရသလောက်ကတော့ သေတဲ့လူတွေလည်း ရှိတယ်။ ဒဏ်ရာရတဲ့သူတွေလည်း ရှိတယ်။ အရာရှိတွေလည်း ပါတယ်။ ဗိုလ်တွေလည်း ပါတယ်။ ရဲဘော်တွေလည်း ပါတယ်” လို့ ပြောပါတယ်။
စစ်တပ်ဘက်က ရှေ့ဆက်မတိုးနိုင်ဘဲ တိုက်ခိုက်ခံနေရတာကြောင့် နှစ်ဖက်တိုက်ပွဲအတွင်းကို လေကြောင်းကနေ ဗုံးကြဲတာ၊ မြေပြင်ကနေ လက်နက်ကြီး၊ ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့နေတဲ့အပြင် အနီးအနားက ကျေးရွာတွေကိုပါ ဗုံးကြဲတိုက်ခိုက်နေပါတယ်။
စစ်တပ်ဘက်က စစ်လက်နက်ပစ္စည်း ဘယ်လောက်ပဲ ပြည့်စုံနေပါစေ၊ စိတ်ဓာတ်ပိုင်းဆိုင်ရာအရ စစ်ရေးမှာ အောင်မြင်ဖို့ လုံးဝမရှိဘူးလို့ ကရင်နိုင်ငံရေးနှင့် စစ်ရေးလေ့လာသူတယောက်က ပြောပါတယ်။
“စကမဘက်က တပ်သားတွေ၊ ပစတွေရဲ့ နယ်မြေကျွမ်းကျင်မှု၊ စစ်ရေးကျွမ်းကျင်မှု၊ အမိန့်နာခံမှု သူတို့ရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ နောက်ဆုံးတော့ ပြောရရင်တော့ အဲဒီအပေါ်မှာ အခြေခံပြီးတော့ တိုက်ပွဲတပွဲ အောင်တာ၊ မအောင်ဘူးဆိုတာ ကျနော်တို့က ဆုံးဖြတ်တယ်။ စစ်လက်နက်ပစ္စည်း ဘယ်လောက်ပဲ ပြည့်စုံနေပါစေ၊ စိတ်ဓာတ်ပိုင်းဆိုင်ရာက စိတ်ပါလို့ စစ်သားလုပ်နေတာ မဟုတ်ဘဲနဲ့ အတင်းအဓမ္မ ဖမ်းဆီးခံရလို့ စစ်သားထဲကို သွတ်သွင်းခံရတယ်။ တပ်ထဲကို သွတ်သွင်းခံရတဲ့လူတွေ ဖြစ်နေတဲ့အခါကျတော့ စစ်ရေးကတော့ အောင်မြင်ဖို့ လုံးဝမရှိဘူး။ တပ်မဟာ ၅ ရဲ့ ယနေ့လက်ရှိ ကတိုင်တိဖြစ်ရပ်တွေကို ကြည့်မယ်ဆိုလို့ရှိရင် ကျနော်တို့ မျက်ဝါးထင်ထင် မြင်တွေ့နေရပြီလို့ ကျနော်တို့ ပြောချင်တယ်။”
ပြီးခဲ့တဲ့ ဇူလိုင် ၁၆ ရက် မွန်းလွဲပိုင်းက ဖာပွန်(ဒွယ်လိုး)မြို့နယ် ကတိုင်တိကျေးရွာအုပ်စု၊ ထီးလော်သီထာကျေးရွာကို စစ်အာဏာရှင်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စာသင်ကျောင်း ၁ ကျောင်း၊ နေအိမ် ၁၂ လုံး ပျက်စီးခဲ့တဲ့အပြင် အိမ်မွေးတိရစ္ဆာန်တွေ ထိခိုက်သေဆုံးခဲ့ပါတယ်။










