ကားကျော်တက်ရန် လက်ယာဘက်အချက်ပြမီးစနစ် မနက်ဖြန် တနိုင်ငံလုံးစတင်ကျင့်သုံးမည်
DVB
·
August 30, 2017

နောက်ကားကျော်တက်နိုင်ကြောင်း လက်ယာဘက်အချက်ပြမီးစနစ်ကို မနက်ဖြန် စက်တင်ဘာ၁ ရက်မနက် ၆ နာရီက စပြီး တနိုင်ငံလုံးမှာ မှန်ကန်စွာစတင်ပြောင်းလဲကျင့်သုံးကြဖို့ အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး ကောင်စီက နှိုးဆော်ထားပါတယ်။
၁၉၈၉ မော်တော်ယာဉ် နည်းဥပဒေတွေအရ ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်မှာ ယာဉ်ကျော်တက်နိုင်တယ်လို့ အချက်ပြမယ်ဆိုရင် လက်ယာဘက်အချက်ပြမီးကို သုံးဖို့ သတ်မှတ်ထားတာပါ။ ဒါပေမယ့် အဝေးပြေးလမ်းမကြီးတွေပေါ်မှာ ကားကြီး မောင်းသမားအများ စုဟာ လက်ဝဲဘက် အချက်ပြမီးကို လွဲမှားစွာ အသုံးပြုနေကြတာဖြစ်ပါတယ်။
ဒါကို မလိုက်နာဘူး ဆိုရင်တော့ ၂၀၁၅ မော်တော်ယာဉ် ဥပဒေ ပုဒ်မ ၆၅ အရ အရေးယူမှာပါ။ ပြစ်ဒဏ်ကတော့ ဒဏ်ငွေ ၃ သောင်းဖြစ်တယ်လို့ အမှတ် ၈ ယာဉ်ထိန်းရဲ ဒု တပ်ဖွဲ့ခွဲက ရဲမှူး မျိုးအောင်မြင့်ကပြောထားပါတယ်။
စက်တင်ဘာ ၁ ရက်နေ့မတိုင်မီ နားလည်မှု လွဲမှားတာတွေ ရှိနိုင်တဲ့အတွက် ကားတွေ ကျော်တက်မယ်ဆိုရင် အခြေအနေ အရပ်ရပ်ကို သုံးသပ်ပြီးအထူးဂရုပြုကြဖို့ကိုလည်း အမျိုးသား ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီက သတိပေးထားပါတယ်။
ပြီးတော့ သတ်မှတ်ထားတဲ့ အရှိန်နှုန်းထက် ပိုမိုမောင်းနှင်တဲ့ ယာဉ်တွေကိုလည်း အရှိန်နှုန်းတိုင်း ကိရိယာနဲ့ စစ်ဆေးအရေးယူသွားမယ်လို့ ရန်ကုန်တိုင်း ယာဉ်ထိန်းရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။











