DVB Logo
Home
မြန်မာသတင်း
ပြည်သူပိုင်ပစ္စည်း ဖျက်ဆီးခဲ့သူအား ပေါင်မြို့နယ် တရားရုံးက ထောင်ဒဏ် ၃ နှစ်ချမှတ်
DVB
·
August 30, 2017
Donate to DVB

မွန်ပြည်နယ်၊ ပေါင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးခန်းအဝင်တံခါးကို ဒူးနဲ့တိုက်ပြီး ဖျက်ဆီးခဲ့တဲ့ ဥတ္တံတားကျေးရွာနေသူ ကိုဇော်ထွေးကို ပေါင်မြို့နယ်တရားရုံးက ပြည်သူပိုင်ပစ္စည်းဖျက်ဆီးမှု ပုဒ်မ ၆(၁) နဲ့  သြဂုတ် ၂၈ ရက်နေ့က ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့တယ်လို့ သိရပါတယ်။

ပေါင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှာ ဖေဖော်ဝါရီ ၃ ရက် မွန်းလွဲပိုင်းက မွန်ပြည်နယ်အစိုးရအဖွဲ့မှ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ ဒေါက်တာမင်းကြည်ဝင်း ဦးဆောင်တဲ့ ပြည်နယ်၊ ခရိုင်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများမှ ဥတ္တံတားကျေးရွာ ဒေသခံတွေနဲ့ တွေ့ဆုံဆွေးနွေးအပြီး ဥတ္တံတားကျေးရွာနေ ဦးဇော်ထွေးက ရုံးဝင်းထဲက ပြည်သူပိုင်ပစ္စည်းကို ဖျက်ဆီးခဲ့မှု အမှုအမှတ် ၁၉၄/၂၀၁၇ နဲ့ အမှုဖွင့် အရေးယူ တရားစွဲဆိုခဲ့ရာ ရုံးချိန်းပေါင်း ၁၅ ချိန်းအပြီးမှာ ပေါင်မြို့နယ်တရားသူကြီး ဒေါ်ဝင့်မာလာခင်က  အခုလို ပြစ်ဒဏ်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

ကိုဇော်ထွေးရဲ့အစ်ကိုဖြစ်သူ ကိုညီညီက "ကျနော်တို့ မိသားစုအနေနဲ့ ကြည့်ရင်တော့ ခုလို အမိန့်ချမှတ်လိုက်တာက တရားမျှတမှု မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ၆၀၀ တန် မှန်တချပ် ကွဲတာကို ထောင်ဒဏ် ၃ နှစ် ချတယ်ဆိုတာက အင်မတန်မှ များနေတယ်လို့ ယူဆမိပါတယ်။ ပြစ်မှုနဲ့ပြစ်ဒဏ် မမျှတတဲ့အတွက် ကျနော်တို့အနေနဲ့လည်း ဆက်ပြီး အဆင့်ဆင့် အယူခံဝင်သွားမှာပါ။ ပေါင်မြို့နယ် တရားသူကြီး ဒေါ်ဝင့်မာလာခင်က ဒီလို ပြစ်ဒဏ်ချမှတ်တဲ့ အပေါ်မှာ Long Life ကျောက်မိုင်းကုမ္ပဏီနဲ့ ဌာနဆိုင်ရာရဲ့ ဖိအားတချို့ ရှိနိုင်တယ်လို့ ထင်မြင်မိပါတယ်” လို့ ပြောပါတယ်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၃ ရက်နေ့၊ နေ့ခင်း ၁ နာရီခွဲအချိန်က ပေါင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှာ မွန်ပြည်နယ်အစိုးရအဖွဲ့က သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ ဒေါက်တာမင်းကြည်ဝင်း ဦးဆောင်ပြီး ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာက တာဝန်ရှိသူတွေ၊ ပေါင်မြို့နယ်၊ ဥတ္တံတားကျေးရွာရှိ Long Life Agreement Co. Ltd ရဲ့ ကျောက်ထုတ်လုပ်ငန်းအပေါ် တိုင်ကြားခဲ့ကြတဲ့ ဥတ္တံတားကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဂွမ်ရှိန်ပါ ၆ ဦးကို တွေ့ဆုံခဲ့ပြီး အစည်းအဝေးပြုလုပ်ခဲ့ပါတယ်။

အစည်းအဝေးပြီးလို့ ခန်းမကအထွက် ဦးဂွမ်ရှိန်နဲ့အတူပါလာတဲ့ ပေါင်မြို့၊ ဥတ္တံတားကျေးရွာနေ ဦးဇော်ထွေး (၃၅-နှစ်) က အစည်းအဝေးခန်းမ အဝင်တံခါးရွက်ကို ဒူးနဲ့ ပြေးဆောင့်ရာမှ ရုံးမှန်တချပ် ကွဲသွားခဲ့တာပါ။

ကာလတန်ဖိုး ၆၀၀ ကျပ်ခန့်တန်တဲ့ မှန်ပျက်စီးဆုံးရှုံးခဲ့သလို မွန်ပြည်နယ်အစိုးရအဖွဲ့ကို မချေမငံအော်ဟစ် ပြောဆိုနေခဲ့ရာမှ လာရောက်ခေါ်ယူတဲ့ ဆိုင်ကယ်နဲ့ ပြန်လည်ထွက်ခွာသွားခဲ့တာပါ။

အဲဒီကိစ္စနဲ့ပတ်သက်ပြီး ပြည်သူပိုင်ပစ္စည်းဖျက်ဆီးမှုနဲ့ ဦးဇော်ထွေးကို ဥပဒေအရ အရေးယူပေးဖို့ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းလှိုင်က တရားလိုပြုလုပ် တိုင်ကြားခဲ့တာ ဖြစ်ပါတယ်။

ဦးဇော်ထွေးရဲ့ ရှေ့နေဖြစ်သူ ဒေါ်ယုယုအောင် (MAI Lawfirm) က “ဒီအမှုအတွက် မတ်လ ၁၀ ရက်နေ့က ကိုယ်စားလှယ်လွှဲစာ တင်တာပါ။ ဧပြီလ ၇ ရက်နေ့ ရုံးချိန်း ၄ ချိန်းမြောက်နေ့မှာ အာမခံရခဲ့ပါတယ်။ ဒီပုဒ်မဟာ အာမခံပေးလို့မရတဲ့ပုဒ်မ ဖြစ်ပေမယ့် ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၉၇(၁) အရ လျှောက်ထားတဲ့အခါမှာ ရုံးတော်က အာမခံပေးခဲ့တာ ဖြစ်ပါတယ်။ ဒီအမှုမှာ နစ်နာသူဟာ အများပြည်သူဖြစ်ရမှာပါ။ ရာဇဝတ်မှု အမျိုးအစားဟာလည်း ပြည်သူပိုင်ပစ္စည်း ပျက်စီးစေမှု ဆိုတော့လေ။ ဒါပေမယ့် ဒီအမှုမှာ အဓိကက ဒီလိုအမှု ဘာလို့ဖြစ်ပေါ်လာရတာလဲဆိုတဲ့ Root cause (ဇာစ်မြစ်) ကို မဖြေရှင်းဘဲ ကာလတန်ဖိုးငွေ ၆၀၀ ကျပ်တန်ဖိုး ပျက်စီးစေလို့ဆိုပြီး ပြစ်ဒဏ်မှာ ငွေဒဏ်ပါသော်လည်းပဲ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၃ နှစ် ချမှတ်လိုက်တာဟာ ပြစ်မှုနှင့်ပြစ်ဒဏ် မမျှတဘူးလို့ ထင်တဲ့အတွက် အမှုသည်ရဲ့ ဥပဒေပါ အခွင့်အရေးအရ ဆက်လက်ပြီး အဆင့်မြင့်ရုံးကို အယူခံဝင်မှာဖြစ်ပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

သတင်း - ယူမင်းစိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013