DVB Logo
Home
မြန်မာသတင်း
ဆက်သွယ်ရေးဥပဒေပြင်ဆင်သည့်ဥပဒေ နိုင်ငံတော်သမ္မတထုတ်ပြန်
DVB
·
August 30, 2017
ဆက်သွယ်ရေးဥပဒေပြင်ဆင်သည့်ဥပဒေ နိုင်ငံတော်သမ္မတထုတ်ပြန်
Donate to DVB

ဆက်သွယ်ရေးဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကို ပြဌာန်းလိုက်ကြောင်း နိုင်ငံတော် သမ္မတ ဦးထင်ကျော်က သြဂုတ် ၂၉ ရက်နေ့စွဲနဲ့  ထုတ်ပြန်လိုက်ပါတယ်။

ပြင်ဆင်တဲ့ ဥပဒေမှာ  ပုဒ်မ ၆၆ ရဲ့ ပုဒ်မခွဲ (က) (ခ)နဲ့ (ဂ) တို့ကို ကျူးလွန်ရင် ၃ နှစ်ထက်      မပိုတဲ့ ထောင်ဒဏ်၊ ငွေဒဏ်၊ ဒါမှမဟုတ် ဒဏ်နှစ်ရပ်လုံး ချမှတ်ဖို့ ပြဋ္ဌာန်းထားပါတယ်။     ပုဒ်မခွဲ ၆၆ (ဃ) ကို    ကျူးလွန်ရင်တော့ ၂ နှစ်ထက်မပိုတဲ့ ထောင်ဒဏ်၊ ၁၀ သိန်းထက် မပိုတဲ့ ငွေဒဏ် ဒါမှမဟုတ် ဒဏ်နှစ်ရပ်လုံး ချမှတ်ဖို့  ပြဋ္ဌာန်းထားပါတယ်။

ဒါကြောင့် အရင်နဲ့ မူလဥပဒေနဲ့ ယှဉ်မယ်ဆိုရင်တော့ ပုဒ်မ ၆၆ (ဃ) အတွက် ပြစ်ဒဏ်လျော့သွားပြီး အာမခံရမှာ ဖြစ်ပါတယ်။  ဒီပုဒ်မကို အစားထိုးရာမှာ ဆက်သွယ်ရေး ကွန်ရက်ကို အသုံးပြုပြီး ပုဂ္ဂိုလ်တယောက်ယောက်ကို  ခြောက်လှန့်တောင်းယူတာ၊ အသရေဖျက်တာ၊  နှောင့်ယှက်တာ၊ ခြိမ်းခြောက်တာတွေ ပြုလုပ်ရင်လို့ ပြင်ဆင်ထားပါတယ်။

မူလဥပဒေမှာပါတဲ့     အနိုင်အထက်ပြုတာ၊ မတရားတားဆီး ကန့်ကွက်တာ၊ မလျော်သြဇာ                      သုံးတာတွေကို        ဖြုတ်ထားတာ တွေ့ရပါတယ်။  ဒါ့အပြင် ပုဒ်မ ၈၀ ကိုလည်း ဆက်သွယ်ရေး ကွန်ရက်တခုခုကိုသုံးပြီး ပုဂ္ဂိုလ်တဦးဦးအား အသရေဖျက်ကြောင်း  နစ်နာသူကိုယ်တိုင် ဒါမှမဟုတ် ကိုယ်စားလှယ်လွှဲခံရသူက တိုင်ကြားတာမဟုတ်ရင် အရေးမယူဖို့လည်း ပြင်ဆင်ထားပါတယ်။

ဆက်သွယ်ရေး ဥပဒေကို ပြင်ဆင်လိုက်ပေမယ့် အလွယ်တကူဖမ်းဆီးခံရနိုင်သေးသလို သက်ဆိုင်ရာ တွေရဲ့ လုပ်ပိုင်ခွင့်ကို တိတိကျကျ မပြဋ္ဌာန်းထားဘူးလို့ ဒီဥပဒေ ပြင်ဆင်ဖို့ လှုပ်ရှားနေသူတွေက ပြောပါတယ်။

ပြင်ဆင်လိုက်တဲ့ ဥပဒေမှာ ကြားလူက တရားစွဲလို့ မရဘူးဆိုတာရယ်၊ ပြစ်ဒဏ်လျှော့ချလိုက်တာရယ် သိသိသာသာပြောင်းသွားတာ နှစ်ခုရှိတယ်လို့ ဆက်သွယ်ရေး ဥပဒေ ပြင်ဆင်ရေး လှုပ်ရှားနေတဲ့    ကဗျာဆရာမောင်ဆောင်းခကပြောပါတယ်။

တရားစွဲဆိုရာမှာ ဝန်ကြီးဌာနရဲ့ ကြိုတင်ခွင့်ပြုချက် ယူရမယ်ဆိုပေမယ့် လုပ်ပိုင်ခွင့်ကို တိတိကျကျ ပြောမထားဘူး။ အသရေဖျက်တယ် ဆိုတာကလည်း တိတိကျကျ မရှိတာကြောင့် ပိုပြီး ကျယ်ပြန့်နေတယ်။ ရာဇသတ်ကြီးမှာပါတဲ့ အသရေဖျက်မှုနဲ့ ဘာကွာလဲ ဆိုတော့ ချက်ချင်းဖမ်းခံရနိုင်တယ်။ ဆက်သွယ်ရေး ဥပဒေနဲ့ စွပ်စွဲခံရသူအတွက် ပိုပြီး နစ်နာတယ်” လို့ ပြောပါတယ်။

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဝင် ဦးဇေယျာလှိုင်က လတ်တလောဖြစ်ပျက်နေတဲ့ ကိစ္စတွေမှာ သတင်းမှားဖြန့်တာတွေ၊ ခြိမ်းခြောက်တာတွေ ရှိနေတာကြောင့် ဆက်သွယ်ရေး ဥပဒေအစား  Cyber ဥပဒေနဲ့ အရေးယူသင့်တယ်လို့   ပြောပါတယ်။

“သတင်းသမားတွေရဲ့ ပုံတွေကို ဖော်ပြပြီး ခြိမ်းခြောက်ခံနေရတယ်။ ဒါက အသရေ ဖျက်တာထက် ပိုတယ်။ တကယ်တမ်းနင်လားငါလား၊ သေရေးရှင်ရေး ဖြစ်တဲ့ခါမှာ ဒီဥပဒေက သုံးမရဘူးဆိုတာ သက်သေပဲလေ။ ဒီဥပဒေကို မထားပဲ Cyber Law လိုမျိုးနဲ့ အရေးယူဖို့ တိုက်တွန်းပါတယ်” လို့ ပြောပါတယ်။

ဆက်သွယ်ရေးဥပဒေဆိုင်ရာသုတေသနအဖွဲ့က ပြီးခဲ့တဲ့ သြဂုတ် ၂ဝ ရက် အထိရထားတဲ့ စာရင်းတွေ အရ ပုဒ်မ ၆၆ (ဃ) နဲ့ တရားရုံးတင်စွဲဆိုမှု စုစုပေါင်း ၉၆မှု ရှိတဲ့အထဲမှာ သတင်းသမား ၂၀ ယောက်ပါဝင်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013