DVB Logo
Home
မြန်မာသတင်း
မြန်မာ့ငလျင်ဘေး သတင်းတင်ဆက်မှုအတွက် BBC News အမ်မီဆု ဆွတ်ခူး
DVB
·
May 29, 2026
Photo:Reuters
Photo:Reuters
Donate to DVB

စစ်ကိုင်းနဲ့ မန္တလေးကို ဗဟိုပြုပြီး လှုပ်ခတ်သွားတဲ့ အင်အားပြင်း မြန်မာ့ငလျင်ဘေးနဲ့ ပတ်သက်တဲ့ သတင်းတင်ဆက်မှုအတွက် BBC သတင်းဌာနဟာ ၂၀၂၆ ခုနှစ်အတွက် နာမည်ကျော် အမ်မီဆု ဆွတ်ခူး ရရှိခဲ့ပါတယ်။

မေ ၂၇ ရက်က နယူးယောက်မြို့မှာ ကျင်းပတဲ့ သတင်းနဲ့ မှတ်တမ်းရုပ်ရှင် အမ်မီဆုပေးပွဲမှာ ထူးချွန် ပြောင်မြောက်လှတဲ့ ဆက်တိုက်သတင်းတင်ဆက်မှု (သတင်းတိုကဏ္ဍ) အောက်မှာ ဒီဆုကို ဆွတ်ခူး ရရှိခဲ့တာပါ။

ပြီးခဲ့တဲ့နှစ်က လူပေါင်းထောင်ချီ သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့တဲ့ မြန်မာနိုင်ငံက ပြင်းထန် တဲ့ ငလျင်ဘေးအန္တရာယ်အပေါ် သတင်းဖော်ပြချက်တွေနဲ့ တိုက်ရိုက်သတင်း နောက်ဆုံးရ အခြေအနေ တင်ဆက်မှုတွေကြောင့် ခုလို ရွေးချယ်ချီးမြှင့်ခံခဲ့ရတာလို့ ဆိုပါတယ်။

ကမ္ဘာတဝန်းက လူပေါင်းသန်းချီပြီး ရုပ်သံနဲ့ အွန်လိုင်းကနေ ကြည့်ရှုခဲ့ကြတဲ့ BBC ရဲ့ ဒီသတင်း တင်ဆက်မှုဟာ CNN ရဲ့ အီရန်နဲ့ ဂါဇာဒေသတွင်း သတင်းဖော်ပြချက်တွေ၊ Scripps News ရဲ့ ဟေတီနိုင်ငံက ပဋိပက္ခ သတင်းတင်ဆက်မှုတွေနဲ့အတူ တအုပ်စုတည်း ယှဉ်ပြိုင်ခဲ့ရတာ ဖြစ်ပါတယ်။

ပြင်းအား ၇ ဒသမ ၇ ရစ်ချ်တာစကေး အဆင့်ရှိတဲ့  စစ်ကိုင်းငလျင်ကြီး လှုပ်ခတ်ပြီးနောက် ထိုင်း၊ တရုတ်နဲ့ အိန္ဒိယနိုင်ငံတွေအထိပါ ရိုက်ခတ်မှုရှိခဲ့ပြီး BBC သတင်းထောက် ယိုဂီတာလီမာယေဟာ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့အတူ မြန်မာနိုင်ငံထဲကို လျှို့ဝှက်ဝင်ရောက်ခဲ့တဲ့ ပထမဆုံး ပြည်ပ သတင်းထောက် ဖြစ်လာခဲ့တယ်လို့ ဆိုပါတယ်။

BBC သတင်းဌာနကိုယ်စား ဆုတက်ရောက်ယူခဲ့တဲ့ ပေါလ်ဒါနာကတော့ ငလျင်လှုပ်ပြီးနောက်ပိုင်း မြန်မာစစ်အုပ်စုဟာ “ကမ္ဘာကြီးနဲ့ အဆက်အသွယ် ဖြတ်တောက်ထားခဲ့ပုံ” ကို ထည့်သွင်း ပြောကြား ခဲ့ပါတယ်။

ဒါ့အပြင် သူက သူ့ရဲ့ သတင်းအဖွဲ့သားတွေအနေနဲ့ ကြီးမားတဲ့ ကိုယ်ရေးကိုယ်တာ အန္တရာယ်တွေ ကြားကနေ မန္တလေးမြို့ထဲအထိ ဘယ်လိုပဲဖြစ်ဖြစ် ရောက်အောင်သွားခဲ့ကြတာကိုလည်း ချီးကျူး စကား ဆိုခဲ့ပါတယ်။

“သူတို့တွေဟာ ကမ္ဘာကြီးကို ဒီအကြောင်းအရာ ဖွင့်ချပြနိုင်ဖို့အတွက် ဖမ်းဆီးခံရမဲ့ အန္တရာယ်၊ ရိုက်နှက်ခံရမဲ့ အန္တရာယ်နဲ့ ထောင်ကျနိုင်တဲ့ အန္တရာယ်တွေကို စွန့်စားခဲ့ကြတာပါ။ ဒါဟာ စစ်မှန်တဲ့ ပြည်သူ့အကျိုးပြု ဂျာနယ်လစ်ဇင်ပါပဲ။ ကမ္ဘာကြီးက သိပ်ပြီး ထုတ်ဖော်ပြောလေ့မရှိတဲ့ သတင်းတပုဒ်လည်း ဖြစ်ပါတယ်။ အခုလိုမျိုး သတင်းဖော်ပြနိုင်အောင် ငွေကြေးပံ့ပိုးပေးခဲ့တဲ့ BBC အတွက်လည်း တကယ် ဂုဏ်ယူမိပါတယ်။”

အမ်မီဆုဆိုတာကတော့ ရုပ်သံလုပ်ငန်းကဏ္ဍအတွင်းက ကွဲပြားခြားနားတဲ့ အောင်မြင်မှုတွေကို အသိအမှတ်ပြု ချီးမြှင့်တဲ့ သီးခြားဆုပေးပွဲတခုဖြစ်သလို အမျိုးသားရုပ်သံအနုပညာနဲ့ သိပ္ပံအဖွဲ့အစည်း (NATAS) က ပေးအပ်တဲ့ အခု သတင်းကဏ္ဍ ဆုပေးပွဲဟာ ပြီးခဲ့တဲ့ ၁၂ လတာ ကာလအတွင်း အမေရိကန်သတင်းနဲ့ မှတ်တမ်းတင်ရုပ်ရှင်အစီအစဉ်တွေထဲက အကောင်းဆုံး တင်ဆက်မှုတွေကို ရွေးချယ်ချီးမြှင့်တာ ဖြစ်ပါတယ်။

Source: BBC

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013