
မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်က မိုးကုတ်ကျောက်တွင်းတွေက ကင်းချောင်းအတွင်း စွန့်ပစ်လိုက်တဲ့မြေစာတွေကြောင့် ကျေးရွာ ၇ ရွာရဲ့စိုက်ပျိုးမြေတွေနဲ့ လူနေအိမ်တွေ သဲနှုန်းမြေနဲ့ရေလွှမ်းမိုးခံနေရပါတယ်။
မိုးကုတ်ကျောက်မျက်တူးဖော်ရေးလုပ်ငန်းတွေကနေ ကင်းချောင်းအတွင်း စွန့်ပစ်လိုက်တဲ့ မြေစာတွေကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်က ကင်းချောင်ရွာအပါအဝင်ရွာပေါင်း ၇ ရွာက စိုက်ပျိုးမြေဧက ၁၀၀၀ ကျော်နဲ့ လူနေအိမ်တွေ သဲနှုန်းမြေနဲ့ ရေလွှမ်းမိုးတာကို ခံစားနေရတယ်လို့ ဒေသခံတွေက ဒီဗွီဘီကိုပြောပါတယ်။
"မိုးကုတ်ဘက်ကစွန့်ပစ်လိုက်တဲ့မြေစာတွေကို ကင်းချောင်းကတိုက်စားလာပြီး ကျမတို့ရွာတွေရဲ့ စိုက်ပျိုးမြေတွေပေါ်လွှမ်းမိုးလာလို့ စိုက်ပျိုးမြေတွေတိမ်ကောကုန်တယ်။ လူနေအိမ်တွေကိုလဲ နှုန်းမြေတွေတိုက်စားလာတဲ့ရေတွေဝင်တယ်။ ရေပြန်ကျသွားရင်လဲ နှုန်းမြေတွေက တင်ကျန်ခဲ့လို့ အိမ်တွေမှာ ပြန်နေလို့မရတော့ဘူး" ကင်းချောင်းကျေးရွာကဒေါ်ငွားမလေးကပြောပါတယ်။
သဲနှုန်းမြေတွေဟာ နှစ်စဉ်ကင်းချောင်းအတွင်းကို ၂ ပေနီးပါးအနည်ထိုင်နေတာကြောင့် ပြီးခဲ့ ၂၀၁၄ ခုနှစ်က ကင်းချောင်းရေမျက်နှာပြင်နဲ့ ၁၂ ပေအမြင့်ရှိတဲ့ ကင်းချောင်တံတားဟာ အခုနှစ်မှာတော့ (၄)ပေနီးပါးသာ မြင့်တော့တယ်လို့ဒေသခံတွေကပြောပါတယ်။
ဒေသခံတစ်ဦးက" နှစ်စဉ်နှုန်းမြေတွေက ကင်းချောင်းအတွင်းမှာ အနည်ထိုင်တာ တစ်နှစ်ကို (၂)ပေနီးပါးရှိတယ်။ ဒီအတိုင်းသာဆက်ဖြစ်နေမယ်ဆိုရင် နောက်နှစ်တွေဆို ဒီထက်ပိုဆိုးဝါးလာနိုင်တယ်"လို့ ဆိုပါတယ်။
အခုလက်ရှိစွန့်ပြစ်မြေစာတွေအနည်ထိုင်နေတဲ့ ကင်းချောင်းနဲ့ နှုန်းမြေတွေဖုံးလွှမ်းထားတဲ့ စိုက်ပျိုးမြေတွေကို ဒေသခံတွေက ပြန်လည်ဖော်ထုတ်ပေးဖို့လိုလာနေပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာတာဝန်ရှိသူတွေက ကွင်းဆင်းပြီး မှတ်တမ်းယူတာရှိပေမယ့် လက်ရှိအချိန်ထိ ထူးခြားလာတာမရှိသေးဘူးလို့ ဆိုကြပါတယ်။











