DVB Logo
Home
မြန်မာသတင်း
ငေါ့်ချမ်းခမြစ်ပေါ် တည်ဆောက်မည့် ရေအားလျှပ်စစ်စီမံကိန်း ရပ်တန့်ရန် တောင်းဆို
DVB
·
August 29, 2017
Donate to DVB

ကချင်ပြည်နယ်အတွင်း မလိခရဲ့ မြစ်လက်တက်တခု ဖြစ်တဲ့ ငေါ့ချမ်းခမြစ်ပေါ်မှာ တည်ဆောက်မယ့် ရေအားလျှပ်စစ်စီမံကိန်း ၄ ခုကို ရပ်ဆိုင်းပေးဖို့ ဒေသခံတွေ ဒီနေ့ အစီရင်ခံစာ ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။

“ငေါ့်ချမ်းခလွင်ပြင်ကို ထိန်းသိမ်းကာကွယ်ခြင်း”ဆိုတဲ့ အစီရင်ခံစာတစောင်ကို ကချင်ပြည်နယ် ဖွံ့ဖြိုးရေးကွန်ရက်အဖွဲ့က ဒီကနေ့ ထုတ်ပြန်ရှင်းလင်းစဉ် အခုလို တောင်းဆိုလိုက်တာပါ။

ငေါ့်ချမ်းခ ချိုင့်ဝှမ်းလွင်ပြင်ဟာ မိန်းမောသွားရလောက်တဲ့ အလှအပနဲ့ ဇီဝမျိုးစုံမျိုးကွဲ ကြွယ်ဝသလို ရှေးဘိုးဘေး ဇာတိချက်ကြွေမွေးရပ်မြေဖြစ်ပြီး ကချင်ပြည်နယ် အရှေ့ခြမ်းနဲ့ တရုတ်နယ်စပ်မှာ မှီတင်းနေထိုင်တဲ့ ဌာနေတိုင်းရင်းသား လူဦးရေ ၄၅၀၀ ကျော် နေထိုင် လုပ်ကိုင် စားသောက်တဲ့ဒေသ ဖြစ်ပါတယ်။

ဒါပေမယ့် ရေကာတာစီမံကိန်းကြောင့်  ဒီဒေသဟာ ခြိမ်းခြောက်ခံနေရတယ်လို့ ငေါ့်ချမ်းခ ဒေသခံ ဇောင်းလွမ်က ပြောပါတယ်။

“ဒီစီမံကိန်းဟာ ကျနော်တို့ ပြည်သူတွေအတွက် ဆိုးကျိုးပဲ ဖြစ်စေမယ်။ ကျနော်တို့အတွက် ကောင်းကျိုးဖြစ်စေမယ့် စီမံကိန်းမဟုတ်ဘူး။ ပြင်ပကို တင်ပို့မယ့်စီမံကိန်းပဲ ဖြစ်တယ်။ ကျနော်တို့ရဲ့ တည်နေရာဖြစ်တဲ့ သမိုင်းဝင် အမွေအနှစ်နယ်မြေကို ပြည်သူတွေက မဆုံးရှုံးချင်လို့ လုံးဝလက်မခံဘူး” လို့ ပြောပါတယ်။

အဆိုပါ ရေကာတာစီမံကိန်းတွေကို တရုတ်နိုင်ငံရဲ့ အပြည်ပြည်ဆိုင်ရာ စွမ်းအင် ပူးပေါင်း ဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးရေးကော်ပိုရေးရှင်း (International Coorperation and Development Corporation – YEIG)က အကောင်အထည်ဖော်ဖို့ စီစဉ်ဆောင်ရွက်နေပြီး လျှပ်စစ် ဓာတ်အားမီဂါဝပ် ၁၂၀ဝ ထုတ်လုပ်နိုင်ဖို့ လုပ်ဆောင်နေတဲ့ စီမံကိန်း ဖြစ်ပါတယ်။

ဒီစီမံကိန်းကြောင်း မြစ်တလျှောက် ကျေးရွာ ၆၈ ရွာထဲက ၁၇ ရွာဟာ ရွှေ့ပြောင်းရမယ့် အခြေအနေနဲ့ ရင်ဆိုင်နေရတဲ့အတွက် ဒီစီမံကိန်း လုံးဝမဖြစ်လာဖို့ ကန့်ကွက်သွားမှာ ဖြစ်တယ်လို့လည်း ဇောင်းလွမ်က ပြောပါတယ်။

“ကျနော်တို့က မလုပ်ဖြစ်အောင်တော့ နည်းမျိုးစုံနဲ့ ကန့်ကွက်သွားမှာ ဖြစ်တယ်။ ကျနော်တို့ လွန်ခဲ့တဲ့အချိန်တုန်းက ကန့်ကွက်ခဲ့တယ်ဆိုတာ မရပ်သေးဘူး ဆိုသော်လည်း အခု ကျနော်တို့ ပြည်သူရွေးချယ်တဲ့ အစိုးရ တက်လာပြီဆိုတော့ ကျနော်တို့ရဲ့ အသံကို နားထောင်ပြီး ကျနော်တို့ ဌာနေတိုင်းရင်းသားတွေရဲ့ အသံကို နားထောင်ပြီး ကျနော်တို့ရဲ့ စကားသံကို ခံစားချက်ကို နားထောင်ပြီး အစိုးရအနေနဲ့ ဒီစီမံကိန်း ၄ ခုကို ရပ်တန့်ပေးဖို့အတွက် တောင်းဆိုပါတယ်။”

ငေါ့်ချမ်းခ မြစ်ပေါ်မှာ လောင်ဒင်း၊ တုံရှင်းချောင်း၊ ခန်ကန်းနဲ့ ဂေါ်လန်စတဲ့ ရေကာတာ ၄ ခု တည်ဆောက်ဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။

ငေါ့်ချမ်းခလွင်ပြင်ဒေသ ချီဖွေနဲ့ ဆော့လော်မြို့နယ်အတွင်းရှိ ကျေးရွာ ၁၇ ရွာမှ ငေါ့်ချမ်း၊ လာချိတ်၊ လော်ဝေါ်နှင့် လီဆူဌာနေတိုင်းရင်းသား ကျေးရွာလူ့အဖွဲ့အစည်းတွေဟာ လွန်ခဲ့တဲ့ နှစ် ၁၀ဝ၀ ကျော်အတည်းက ရေရှည်တည်တံ့စွာ နေထိုင်ခဲ့ကြပြီး မြစ်ဝှမ်းလွင်ပြင်တလျှောက် မတ်စောက်တဲ့ တောင်တန်းတွေကြားရှိ လွင်ပြင်ထဲမှာ စိုက်ပျိုးမွေးမြူ လုပ်ကိုင်စားသောက်ခဲ့ကြတယ်လို့လည်း စီရင်ခံစာမှာ ဖော်ပြပါတယ်။

အရင်အစိုးရလက်ထက် ၂၀၁၀ ဇူလိုင်လအစောပိုင်းက  မြန်မာ လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာန၊  နိုင်ငံတကာ လျှပ်စစ်ကော်ပိုရေးရှင်းနှင့် ဖွံ့ဖြိုးရေးဆိုင်ကုမ္ပဏီ လီမိတက်နဲ့ နိုင်ငံတကာ စီးပွားရေးလုပ်ငန်းရှင်များအဖွဲ့တို့က ငေါ့်ချမ်းခ ရေအားလျှပ်စစ်စီမံကိန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် သဘောတူလက်မှတ်ရေးထိုးခဲ့ကြပြီး လေ့လာစမ်းသပ်မှု ၅ ကြိမ် ပြုလုပ်ခဲ့ပြီး ဖြစ်ပါတယ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013