
မြောက်ကိုရီးယားအစိုးရက ဒီနေ့ တိုက်ချင်းပစ်ဒုံးကျည် စမ်းသပ်ပစ်လွှတ်ခဲ့တဲ့ လုပ်ရပ်အပေါ် တောင်ကိုရီးယားစစ်တပ်က ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်ပါတယ်။
ဒုံးကျည် မကြာခဏ စမ်းသပ်ပစ်လွှတ်နေတဲ့ မြောက်ကိုရီးယားဟာ အခုနောက်ဆုံး ဒုံးကျည်စမ်းသပ်မှုကို ဒီနေ့မနက် ဒေသစံတော်ချိန် ၆ နာရီမှာ စမ်းသပ်ပစ်လွှတ်ခဲ့တာ ဖြစ်ပါတယ်။
“မြောက်ကိုရီးယားရဲ့ တိုက်ချင်းပစ်ဒုံးကျည် ပစ်ခတ်မှုကို ကျနော်တို့စစ်တပ်အနေနဲ့ အပြင်းအထန် ရှုတ်ချပါတယ်။ ဒီဒုံးကျည်ရောက်နိုင်တဲ့ အကွာအဝေးက ဂူအမ်ကျွန်းနားအထိ ရောက်နိုင်ပါတယ်။ ဒီဒုံးကျည်စမ်းသပ်မှုဟာ ကျနော်တို့စစ်တပ်နဲ့ ကျနော်တို့ရဲ့ မဟာမိတ် အမေရိကန်ကို အကြီးအကျယ် ခြိမ်းခြောက်နေပါတယ်” လို့ တောင်ကိုရီးယား စစ်ဦးစီးချုပ်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဂျေကျေအန်းက ပြောပါတယ်။
“ရန်စတဲ့လုပ်ရပ်တွေ ထပ်မလုပ်ဖို့ မြောက်ကိုရီးယားကို ကျနော်တို့ သတိပေးထားပါတယ်။ ကျနော်တို့စစ်တပ်ရဲ့ သတိပေးချက်ကို အာခံပြီး နောက်ထပ် ရန်စမှုတွေလုပ်ရင် ကျနော်တို့ရဲ့ ခိုင်မာပြင်းထန်တဲ့ လက်တုံ့ပြန်မှုတွေ ကြုံတွေ့ရပါလိမ့်မယ်” လို့လည်း ဂျေကျေအန်းက ဆက်ပြောပါတယ်။
အခုစမ်းသပ်မှုကို ပြုံယမ်းမြို့တော်အနီးက ဆူနန်ဒေသကနေ ဂျပန်နိုင်ငံကိုကျော်ပြီး ပစ်ခတ်စမ်းသပ်ခဲ့တာပါ။
ဒုံးကျည်ဟာ အကွာအဝေး ၂,၇၀၀ ကီလိုမီတာ (မိုင် ၁,၆၈၀) ထိ ရောက်ရှိခဲ့ပြီး အမြင့် မိုင် ၃၄၀ ထိ ရောက်ရှိခဲ့ကာ ဂျပန်နိုင်ငံ ဟိုကိုင်ဒိုကျွန်းရဲ့ ကမ်းလွန်ကို ကျရောက်သွားတာ ဖြစ်ပါတယ်။
အခုနောက်ဆုံးစမ်းသပ်တဲ့ ဒုံးကျည်ဟာ မကြာသေးခင်က တည်ဆောက်ပြီးစီးထားတဲ့ ဟွာဆောင် ၁၂ တာလတ်ပစ်ဒုံးကျည် ဖြစ်ဖွယ်ရှိတယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။
အခုဒုံးကျည်စမ်းသပ်မှုဟာ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ နှစ်စဉ်ပြုလုပ်တဲ့ စစ်ရေးလေ့ကျင့်ချိန်မှာ စမ်းသပ်ပစ်လွှတ်ခဲ့တာလည်း ဖြစ်ပါတယ်။











