DVB Logo
Home
Lead Story
ကွမ်းစားဆေးများနှင့် ကွမ်းယာစားသုံးမှုအား ဘက်ပေါင်းစုံမှ စနစ်တကျ ထိန်းချုပ်ရန် လိုအပ်
DVB
·
August 29, 2017
ကွမ်းစားဆေးများနှင့် ကွမ်းယာစားသုံးမှုအား ဘက်ပေါင်းစုံမှ စနစ်တကျ ထိန်းချုပ်ရန် လိုအပ်
Donate to DVB

မြန်မာနိုင်ငံတွင် ကွမ်းယာကို ရှေးအစဉ်အဆက်ကပင် စားသုံးခဲ့ကြပြီး ရှေးယခင်က ကွမ်းယာတွင် ထုံး၊ ရှားစေး၊ ကွမ်းသီး၊ စမုံစပါး၊ ကွမ်းစားဆေး (မြန်မာဆေးရွက်ကြီး)လောက်နှင့်သာ စားသုံးခဲ့ကြသော်လည်း ယခုခေတ်တွင်မူ အိန္ဒိယနိုင်ငံလုပ် ကွမ်းစားဆေးများနှင့် စားသုံးလာကြပြီးနောက် ကွမ်းစားဆေးများ၏ အစွမ်းကြောင့် ကွမ်းစွဲသူလည်း များသထက် များပြားလာသည်ဟု ဆိုရမည် ဖြစ်သည်။

မြန်မာနိုင်ငံတွင် ကွမ်းယာစားသုံးမှုမှာ အာဆီယံအဆင့်နှင့် နှိုင်းယှဉ်ပါက မြင့်တက်နေကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များအရ သိရသည်။ ကွမ်းစားသုံးမှု အများဆုံးနိုင်ငံ ၆ နိုင်ငံတွင် မြန်မာနိုင်ငံမှာ ထိပ်ဆုံး၌ရှိကြောင်း ပြည်သူ့ကျန်းမာရေးဌာန၏ ၂၀၁၅ ခုနှစ်အတွင်း စာရင်းဇယားများတွင် ဖော်ပြထားသည်။

၂ဝ၁၂ ခုနှစ် စာရင်းများအရ မြန်မာအမျိုးသားကွမ်းစားနှုန်းသည်  ၅၁ ဒသမ ၄ ရာခိုင်နှုန်းဖြင့် ပထမ၊ အိန္ဒိယသည် ၃၂ ဒသမ ၉ ရာခိုင်နှုန်းဖြင့် ဒုတိယ၊ နီပေါနိုင်ငံသည် ၃၁ ဒသမ ၂ ရာခိုင်နှုန်းဖြင့် တတိယ၊ ဘင်္ဂလားဒေ့ရှ်သည် ၂၆ ဒသမ ၄ ရာခိုင်နှုန်းဖြင့် စတုတ္ထ၊ သီရိလင်္ကာသည် ၂၄ ဒသမ ၉ ရာခိုင်နှုန်းဖြင့် ပဉ္စမ၊ ထိုင်းသည် ၁ ဒသမ ၃ ရာခိုင်နှုန်းဖြင့် ဆဋ္ဌမဟု သိရှိရသည်။

စားသုံးသူ များပြားလာသည်နှင့်အမျှ ကွမ်းစားဆေး၊ နှပ်ဆေးတို့၏ ဘေးထွက်ဆိုးကျိုးများကြောင့် ကျန်းမာရေးအန္တရာယ်ကို စိုးရိမ်ရမှုသည် နိုင်ငံအဆင့် စိုးရိမ်ရသည့် အခြေအနေသို့ ရောက်ရှိလာပြီး ပတ်ဝန်းကျင် ညစ်ညမ်းမှုကိုလည်း ကြုံတွေ့နေရပါသည်။ သို့သော်လည်း ကွမ်းယာစားသုံးမှုကို အမှုမဲ့ အမှတ်မဲ့ပင် ဖြစ်နေကြသေးသည်ကို တွေ့ရှိရသည်။

ကုန်စိမ်းရောင်းချသူ အသက် ၄၅ နှစ်ဝန်းကျင် ဒေါ်သန်းသန်းက “ကွမ်းယာက ကျမရော၊ ကျမယောကျာ်းရော စားတယ်။ နှစ်ယောက်ပေါင်းဆို တနေ့ ၂၀၀၀၊ ၃၀၀၀ ကျပ်ဖိုးလောက် ရှိတယ်။ သူများတွေ တောင်းစားလို့ ကျွေးရတာမျိုးလည်း ရှိတယ်။ ဘာရယ်တော့ မဟုတ်ပါဘူး။ ကွမ်းလေးဝါးနေရင်း ဈေးရောင်းရတာ အဆင်ပြေတယ်။ အိပ်လည်း မငိုက်တော့ဘူးပေါ့။ မနက်စောစော ကုန်တွေ သွားချရင် အိပ်ငိုက်တတ်တယ်။ ကွမ်းလေး ဝါးနေရင် အဆင်ပြေတယ်လေ။ စားလာတာတော့ ၆ နှစ်လောက် ရှိနေပြီ။ ကွမ်းယာက စားနေကျမို့ မစားရဘဲ မနေနိုင်ဘူး။ ကွမ်းယာက ကျန်းမာရေး ထိခိုက်တယ် ဆိုတာ နည်းနည်းပါးပါးတော့ သိတယ်။ ဒါပေမယ့် စားနေတာ အခု ၄ နှစ်လောက်ရှိပြီ၊ ကြီးကြီးမားမားတော့ မဖြစ်သေးဘူးလေ။ ကြိုက်တော့လည်း စားနေတာပဲ။ ကိုယ် မစားတဲ့အချိန် သူများ စားနေတာ မြင်ရင် ခံတွင်းက အလိုလို တောင့်တလာရော၊ ကွမ်းလေး ငုံလိုက်မှ သက်သာသွားတာ။ ကွမ်းစားတာ များတော့ လျှာတွေ ထုံတာတော့ နည်းနည်းပါးပါး ရှိတာပေါ့။ ဒါပေမယ့် မစားဘဲမှ မနေနိုင်တာ” ဟု ဆိုသည်။

ကွမ်းယာအတွင်း ပါဝင်သော နှပ်ဆေးများမှာလည်း သဘာဝမဟုတ်သော အနံ့အသက်များနှင့် သဘာဝမဟုတ်သော အရသာဓာတ်များကို ရောစပ် ထုတ်လုပ်သည့် ဓာတုဗေဒ ဒြပ်ပေါင်းများဖြင့် ထုတ်လုပ်ထားသည်ကို ဓာတ်ခွဲစမ်းသပ်စစ်ဆေးရာက တွေ့ရှိရကြောင်း၊ ၎င်းဒြပ်ပေါင်းစုများသည် လူ၏ ကိုယ်ခန္ဓာအတွင်းပိုင်းရှိ ကိုယ်တွင်း ကလီစာ အစိတ်အပိုင်းများကို ပျက်စီးစေနိုင်သည့် အဆိပ်ဒြပ်ပေါင်းစုများ ပါဝင်ကြောင်း၊ ယင်းကြောင့် ပါးစောင်ကင်ဆာ၊ လည်ချောင်း ကင်ဆာနှင့် အူလမ်းကြောင်းကင်ဆာ စသည်ဖြင့် ဖြစ်ပွားရကြောင်း ကျန်းမာရေး သုတေသနစာတမ်းများအရ သိရသည်။

ပြည်သူ့ကျန်းမာရေးအတွက် အဟန့်အတားတခု ဖြစ်စေသည့် ဆေးလိပ် သောက်သုံးခြင်းကို  ဥပဒေပြု ထိန်းချုပ်ထားကြသော်လည်း လက်ရှိ တိုးပွားလာနေပြီး သုံးစွဲသူလည်းများသည့် ကျန်းမာရေးကို ရန်မူစေနိုင်သော ကွမ်းစားများဖြင့် ကွမ်းစားခြင်းကိုမူ ကြပ်မတ်နိုင်ခြင်း မရှိသေးပေ။ မြန်မာနိုင်ငံတွင်  W.H.O ၏ လေ့လာမှုစစ်တမ်းများအရ ဆေးပေါ့လိပ် သောက်သုံးခြင်းနှင့် ကွမ်းစားဆေး အမျိုးမျိုး သုံးစွဲခြင်းမှာ ၈၅ ရာခိုင်နှုန်းအထိ ရှိနေသည့်အတွက် အမှန်တကယ် သုံးစွဲမှုများပြားကြောင်း တွေ့ရှိရပါသည်။ လူငယ်များ ကွမ်းစားသုံးမှုနှင့် စီးကရက် သောက်သုံးမှု စစ်တမ်းတွင်လည်း လူငယ်များ ကွမ်းစားသည့် နှုန်း၊ ကွမ်းထဲ ဆေးရွက်ကြီးနှင့် အခြား ဆေးရွက်ကြီးထွက် ပစ္စည်းများ ထည့်သုံးစွဲမှုသည် စီးကရက် သောက်သုံးမှုထက် များကြောင်းကို တွေ့ရသည်။ စစ်တမ်းများအရ အမျိုးသားများတွင် အသက် ၃၅ နှစ်မှ ၄၄ နှစ်ကြား ကွမ်းယာကို အများဆုံး စားနေကြပြီး အမျိုးသမီး ၄ ယောက်လျှင်  ၁ ယောက်နှုန်း ကွမ်းစားကြကြောင်း W.H.O ၏ စစ်တမ်းအရ သိရှိရပါသည်။ ထို့ပြင် ယင်းစစ်တမ်းတွင် ကွမ်းယာစားသုံးမှု ရာခိုင်နှုန်းမှာ  ၃၀ ရာခိုင်နှုန်းမှ  ၄၃ ရာခိုင်နှုန်းအထိ မြင့်တက်လာကြောင်းကို ၂၀၁၁ မှ ၂၀၁၄ ခုနှစ်အတွင်း နောက်ဆုံး သုတေသနပြုချက်အရ ဖော်ပြထားပါသည်။ သို့ပါသောကြောင့် စနစ်တကျ ကိုင်တွယ်ကြပ်မတ် ထိန်းကျောင်းရန် လိုအပ်နေပြီ ဖြစ်သည်။

မြန်မာနိုင်ငံ၏ ကွမ်းယာတွင်း ကွမ်းစားဆေး ထည့်သွင်းစားသုံးမှုမှာ တနေ့ထက် တနေ့ မြင့်တက်နေသည်ဟု ဆိုနိုင်ပြီး ယင်းကို ထိထိရောက်ရောက် စဉ်ဆက်မပြတ် ကိုင်တွယ် ဖြေရှင်းခြင်းမျိုးလည်း မရှိသေးပါ။ ထို့ပြင် ကွမ်းယာတွင်း ထည့်သွင်းစားသုံးသည့် အိန္ဒိယကွမ်းစားဆေးဘူးများသည် မြန်မာနိုင်ငံတွင်းသို့ တရားဝင် တင်သွင်းခြင်း မပြုသော်လည်း ကလေး၊  တမူးဒေသများမှ တင်သွင်းနေကြပြီး အချို့ဆေးများမှာမူ အိန္ဒိယတွင်ပင် စားသုံးရန် မသင့်ကြောင်း ကြေညာထားသည်ဟု သိရသည်။ ထိုဆေးဘူးများကိုပင် တခြားသော ပစ္စည်းများဖြင့် ရောနှော ပြုပြင်ခြင်းများ ပြန်လည်လုပ်ဆောင်ပြီး မြန်မာနိုင်ငံဈေးကွက်အတွင်း ဖြန့်ချိ ရောင်းချကြနေသေးသည်။

ဈေးနှုန်းသက်သာခြင်း၊ ဝယ်ယူရ လွယ်ကူခြင်း၊ အရေးယူမှုနှင့် ထိန်းကျောင်းသည့် အစီအမံများ မရှိခြင်းကြောင့် အဆိုပါ ကွမ်းစားဆေး ရောင်းဝယ်မှုဈေးကွက်မှာ တရားဝင်သည့် ကုန်သွယ်မှုအလား ကြီးမားကျယ်ပြန့်လာပြီး မည်သည့်နေရာမဆို ကွမ်းစားဆေးနှင့် ကွမ်းယာမှာ အလွယ်တကူ ဝယ်ယူစားသောက်နိုင်သဖြင့် မြန်မာလူမျိုးတို့၏ ကွမ်းစားနှုန်းမှာလည်း ပိုမိုမြင့်မားလာနေခြင်း ဖြစ်သည်။

သွားနှင့်ခံတွင်းဆရာဝန် ဒေါက်တာကျော်စွာဝင်းက “ကွမ်းယာရဲ့ ဆိုးကျိုးတွေထဲမှာ အရင်ဆုံးစပြီး သိသာလာမှာကတော့ သွားတွေ အရောင်ညစ်တာ၊ ကြွေလွှာ ပြုန်းတီးတာ၊ မေးရိုးအဆစ်ရောဂါရတာ၊ သွားကျောက်တွေ တည်ပြီး သွားဖုံးရောဂါတွေ ရတာမျိုးတွေက အစပြုလာမယ်။ အဖြစ်အများဆုံးကတော့ ခံတွင်းကင်ဆာပေါ့။ leukoplakia, oral lichenplanus လို့ ခေါ်တဲ့ အဖြူရောင် အကွက်တွေ ပါးစောင်နဲ့ လျှာတွေမှာ ဖြစ်တာလည်း ရှိပါတယ်။ အဲဒီကနေမှတဆင့် ကင်ဆာအဆင့်ကို ပြောင်းလဲသွားတတ်တယ်။ မြန်မာလူမျိုးတွေက တော်တော်များများက ကွမ်းယာကို ပါးစောင်ထဲ ထည့်ငုံထားတတ်ကြတယ်။ အဲဒါက ပိုပြီး ဆိုးကျိုးဖြစ်စေတာ။ ကွမ်းယာစားတာက တဆင့် ပါးစောင်နဲ့ လျှာပေါ်မှာ အဖြူအကွက်တွေ ဖြစ်တာ၊ အကြိတ်ရှိတာ၊ အနာရှိတာတွေ ဖြစ်နေပြီ။ ပါးစပ်က ထုံကျင်နေပြီဆိုရင် သက်ဆိုင်ရာ ဆရာဝန်နဲ့ ပြသသင့်ပါတယ်။

လျှာကင်ဆာဖြစ်ပြီဆိုရင် စကားပြောရတာ ခက်ခဲနိုင်ပါတယ်။ အစာကို မျိုချဖို့ ခက်ခဲနိုင်ပါတယ်။ ခံတွင်းကင်ဆာနဲ့ အစာမျိုလမ်းကြောင်း ကင်ဆာတွေဖြစ်ရင် အသက် ဆက်ရှင်ဖို့ အခွင့်အရေးဟာ ၅ နှစ်အတွင်းမှာ ရာခိုင်နှုန်း ၅၀ နဲ့ ၆၀ ကြားပဲ ရှိပါလိမ့်မယ်။ ဒါ့အပြင် ကုသနေချိန်မှာလည်း ဓာတ်ကင်တာတို့၊ လျှာနဲ့ မေးရိုးတွေ လှီးထုတ်ပစ်တာမျိုး လုပ်ရနိုင်တယ်။ ဒါတွေကြောင့်မို့ ဖြစ်မှ ကုမယ် ဆိုတာထက် မဖြစ်ခင်ကတည်းက ဆင်ခြင် စားသုံးတာက ပိုပြီး ကိုယ့်အတွက် ပိုပြီး လုံခြုံစိတ်ချရမှာပေါ့။ ကွမ်းယာကို တယာ၊ နှစ်ယာ ဝါးတာမျိုးမဟုတ်ဘဲ အဝစားသလို တယာပြီး တယာ အဆက်မပြတ် စားနေမယ်ဆိုရင် အချိန်တိုအတွင်းမှာ ရောဂါတွေကို ငွေနဲ့ ကိုယ်တိုင် ဝယ်ယူနေသလို ဖြစ်ပါလိမ့်မယ်။ ကျန်းမာရေး အသိလေးတွေ ရှိကြပြီး ဆင်ခြင်စားသုံးကြဖို့ပဲ တိုက်တွန်းချင်ပါတယ်” ဟု သုံးသပ်ပြောဆိုသည်။

ထို့ကြောင့် မိမိ၏ ကျန်းမာရေးကို ထိခိုက်စေခြင်းနှင့်  ကွမ်းတံတွေးကြောင့် ပတ်ဝန်းကျင်ရှိ လူအများအား စိတ်အနှောင့်အယှက်ဖြစ်စေရုံသာမက ပတ်ဝန်းကျင် အလှအပကိုပါ ညစ်နွမ်းစေနိုင်သော ကွမ်းယာနှင့် ကွမ်းစားဆေးများ၏ အန္တရာယ်အား ကျန်းမာရေးသတိယှဉ်ပြီး ဆင်ခြင်စားသုံးသင့်ပါ ကြောင်း ရေးသားဖော်ပြလိုက်ပါသည်။

နေခြည်အောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013