DVB Logo
Home
မြန်မာသတင်း
အိန္ဒိယမှ ပဲတင်​သွင်းမှု ပိတ်ပင်တာကြောင့် မြင်းခြံမြို့ ကုန်စည်ဒိုင်နှင့်ပွဲရုံများ ရောင်းဝယ်​မှုရပ်​တန့်
DVB
·
August 29, 2017
Donate to DVB

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် မြင်းခြံမြို့မှာ အိန္ဒိယနိုင်ငံမှ ပဲ တင်သွင်းခွင့် ပိတ်လိုက်တဲ့အတွက် မြင်းခြံမြို့ရှိ ကုန်စည်ဒိုင်နဲ့ ပွဲရုံတွေ အရောင်းအဝယ် ရပ်တန့်သွားတယ်လို့ မြင်းခြံ ကုန်စည်ဒိုင်မှ သိရပါတယ်။

အဓိကထွက်ကုန်ဖြစ်တဲ့ ပဲစင်းငုံဟာ အိန္ဒိယနိုင်ငံက တင်သွင်းခွင့် ပိတ်ပင်လိုက်တာကြောင့် လှောင်လက်တွေ ပိတ်မိနေပြီး ပဲ အိတ် ၅၀၀၀၀ လောက် ရှိနေတယ်လို့ သိရပါတယ်။

မြင်းခြံကုန်စည်ဒိုင် တွဲဖက်အတွင်းရေးမှူး (၁) ဦးကျော်မျိုးက “အခု ကျနော်တို့ ပြည်တွင်းမှာ ကျယ်ပြန့်စွာ ဖြစ်ပေါ်နေတဲ့ အိန္ဒိယနိုင်ငံ ပဲ တင်သွင်းခွင့်ပိတ်လိုက်တဲ့အပေါ်မှာ ဒီဒေသတွေက အများကြီး ထိခိုက်မှုတွေ ရှိလာတာပါ။ တောင်သူလယ်သမားတွေနဲ့ လုပ်ငန်းရှင်တွေလည်း စိုးရိမ်မှုတွေ အများအပြား ဖြစ်ပေါ်နေတာပါ။ ဒီပြဿနာကို သက်ဆိုင်ရာတာဝန်ရှိတဲ့ နိုင်ငံတော်အစိုးရအနေနဲ့ အမြန်ဆုံး လုပ်ဆောင်နေတယ်လို့တော့ သိထားပါတယ်။ ဒီပြဿနာကို ပြေလည်အောင် ဖြေရှင်းပေးနိုင်ခဲ့ခြင်း မရှိရင်တော့ ကျနော်တို့နိုင်ငံရဲ့ စိုက်ပျိုးရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍမှာ အများအပြား ထိခိုက်မှုတွေ ကြုံတွေ့လာမှာ ဖြစ်ပါတယ်။ နောက်ဆက်တွဲက တခြား လုပ်သားပြဿနာတွေ၊ သယ်ယူပို့ဆောင်ရေးကဏ္ဍအားလုံး ထိစပ်နေတဲ့အတွက် နိုင်ငံအတွက်လည်း အများအပြား ဆုံးရှုံးမှုတွေ ဖြစ်လာနိုင်ပါတယ်။ လက်ရှိမှာလည်း မြင်းခြံ ကုန်စည်ဒိုင်မှာ ယာယီအရောင်းအဝယ် ပဲစင်းငုံ၊ မတ်ပဲ၊ ပဲတီစိမ်းတို့ကို အရောင်းအဝယ် ယာယီ ရပ်ဆိုင်းထားပါတယ်။ အထက်ဗမာပြည် အများဆုံး စိုက်ပျိုးတဲ့ ပဲစင်းငုံကို အခု အိန္ဒိယက တင်သွင်းခွင့် ပိတ်လိုက်တာ ဆိုတော့ တော်တော်များများက ဆုံးရှုံးနစ်နာမှုတွေဖြစ်ပြီး ပွဲရုံလုပ်ငန်းတွေ ခရီးသွားပို့ဆောင်ရေးလုပ်ငန်းတွေပါ ရပ်တန့်သွားတဲ့အတွက် အခက်အခဲတွေ အများကြီး ရှိနေပါတယ်”လို့ ဒီဗွီဘီကို ပြောပါတယ်။

မြင်းခြံ တခရိုင်လုံးမှာ ပဲစင်းငုံ စိုက်ဧက ၁၈၀၀၀၀ ရှိပြီး လာမယ့် ဇန်နဝါရီလမှာ ပဲအသစ် ထွက်ရှိမှာ ဖြစ်ပါတယ်။ နောက်အသစ် ထွက်ရှိလာမယ့် ပဲနဲ့ အခု လှောင်လက်တွေထဲ ရှိနေတဲ့ ပဲအိပ် အများစုကြောင့် ဈေးနှုန်း အတက်အကျထက် အရောင်းအဝယ် ရပ်ဆိုင်းမသွားဖို့ အဓိက လိုလားနေကြတာပါ။

မြင်းခြံ ပဲ၊ နှမ်းအသင်း ကုန်စည်ဒိုင်ဥက္ကဋ္ဌ ဦးခင်မောင်မြင့် က “ပြီးခဲ့တဲ့ သြဂုတ်လ ၂၅ ရက်နေ့က နေပြည်တော်မှာ မြန်မာနိုင်ငံ ကုန်သည်ကြီးတွေနဲ့ မြန်မာနိုင်ငံ ပဲ၊ နှမ်း ကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေ၊ စီးပွားကူးသန်းဝန်ကြီးနဲ့ လယ်/ဆည် ဝန်ကြီးတို့ ဒီ ပဲဈေးကွက်အတွက် ကြိုးစားကြမယ်လို့ သိရပါတယ်။ ဒီဆုံးဖြတ်ချက် အမြန်ဆုံး အကောင်အထည်ဖော်နိုင်ခဲ့ရင် ကုန်သည်တွေအတွက် ထွက်ပေါက်ရပြီး အသက်ရှူချာင်လာမှာပေါ့”လို့  ပြောပါတယ်။

မြင်းခြံခရိုင် မြင်းခြံမြို့နယ်ဟာ ပဲ၊ နှမ်း မျိုးစုံအပါအဝင် အခြား သီးနှံအများအပြား စိုက်ပျိုးတဲ့ ဒေသ တခုလည်း ဖြစ်ပါတယ်။

သတင်း၊ ဓာတ်ပုံ - ရီရီထွန်း (မြင်းခြံ)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013