DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ်တွင်း စားနပ်ရိက္ခာအကူအညီပေးမှု လုပ်ငန်းအားလုံးကို WFP ဆိုင်းငံ့
DVB
·
August 28, 2017
ရခိုင်ပြည်နယ်တွင်း  စားနပ်ရိက္ခာအကူအညီပေးမှု လုပ်ငန်းအားလုံးကို WFP ဆိုင်းငံ့
Donate to DVB

ရခိုင်ပြည်နယ်အတွင်း  စားနပ်ရိက္ခာ အကူအညီပေးနေတဲ့ လုပ်ငန်းတွေအားလုံးကို ဆိုင်းငံထားလိုက်ပြီလို့ ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ရန်ကုန်ရုံးက ဒီဗွီဘီကို ပြောပါတယ်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ သြဂုတ် ၂၅ ရက်နေ့ကစလို့  အကြမ်း ဖက်တိုက်ခိုက်မှုတွေ ထပ်မံဖြစ်ပွားနေတာကြောင့် မောင်တောခရိုင်မှာ ရုံးစိုက်တဲ့ WFP အပါအ၀င် နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့တွေနဲ့ အိုင်အန်ဂျီအိုတွေက ၀န်ထမ်းတွေဟာ စစ်တွေမြို့ကို တိမ်းရှောင်ထွက်ခွာသွားနေကြတာ ဖြစ်ပါတယ်။

လက်ရှိ ရခိုင်ပြည်နယ်မှာ လူသားချင်းစာနာမှု အကူအညီပေးရေးလုပ်ငန်းတွေရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ရန်ကုန်အခြေအစိုက်  WFP ဌာနေကိုယ်စားလှယ်ရုံးက  ဒီဗွီဘီကို အီးမေးလ်နဲ့ ဖြေကြားပါတယ်။

“မောင်တောဒေသမှာ ၀န်ထမ်းတချို့ရှိနေဆဲဖြစ်ပေမယ့် ရခိုင်ပြည်နယ်မှာ  စားနပ်ရိက္ခာ အကူအညီပေးမှုလုပ်ငန်းတွေအားလုံးကို ဆိုင်းငံ့ထားပါတယ်။ ဒါဟာ အိုင်ဒီပီ ၂ သိန်းခွဲလောက်နဲ့ တခြားအကူ အညီအလိုအပ်ဆုံးသောလူတွေကို သက်ရောက်မှုရှိပါတယ်။”

လက်ရှိမငြိမ်မသက်မှုတွေကြောင့် ထိခိုက်နစ်နာတဲ့ လူသစ်တွေအတွက်အပါအ၀င် အားလုံးအတွက် စားနပ်ရိက္ခာတွေ မြန်နိုင်သမျှ အမြန်ဆုံးပြန်လည် ဖြန့်ဝေနိုင်ဖို့ အာဏာပိုင်တွေနဲ့ ပူးပေါင်း ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၃၀ ရက်နေ့က  မေယုတောင်ပေါ်မှာ အကြမ်းဖက်သမားတွေ ခိုအောင်း စခန်းချရာတဲတွေမှာ ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) မှ ဖြန့်ဝေထားတဲ့ စွမ်းအားမြင့် ဘီစကစ်တွေ တွေ့ရှိခဲ့ရကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံးက သတင်း ထုတ်ပြန်ထားပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး သတိထားမိတဲ့အကြောင်းနဲ့ အသေးစိတ်သိရဖို့ အာဏာပိုင်တွေထံမှာ အချက်အလက်တွေ တောင်းခံထားတယ်လို့လည်း WFP က ပြောပါတယ်။

“အစားအစာတွေ လမ်းကြောင်းလွှဲသွားတဲ့ စွပ်စွဲချက်ကို WFP အနေနဲ့ အလွန်အလေးထားပြီး အသေးစိတ်ပိုမိုသိရဖို့ အာဏာပိုင်တွေဆီကနေ တောင်းခံထားတယ်။  ပြီးတော့ ဘီစကစ်ရဲ့ ပစ္စည်းအမှတ်စဉ်ကိုကြည့်ဖို့ တောင်းခံထားတယ်၊ ဒါမှသာ သူ့ရဲ့မူရင်းနဲ့  ဖြန့်ချိတဲ့နေရာကို ခြေရာခံလိုက်ရှာလို့ရလိမ့်မယ်။  ဒီအသေးစိတ် အချက်အလက်တွေသိရဖို့ စောင့်နေတုန်းပဲ။”

ယိုယွင်းဆိုးရွားလာနေတဲ့ ရခိုင်ပြည်နယ်လုံခြုံရေးအခြေအနေနဲ့ ပတ်သက်လို့ အလွန်အမင်းစိုးရိမ်တဲ့အကြောင်းနဲ့ မောင်တောမှာ လတ်တလော တိုက်ခိုက်မှုတွေဖြစ်ပွားပြီး နောက်မှာ သေဆုံးသွားခဲ့ရသူတွေရဲ့ ကျန်ရစ်သူမိသားစုတွေအတွက်လည်း ၀မ်းနည်းရတဲ့ အကြောင်း WFP ကပြောပါတယ်။

ဓာတ်ပုံ-SCOIC

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013