
မြန်မာနိုင်ငံမှာ မသန်စွမ်းသူ ကလေးငယ်တွေ ကျောင်းနေပညာသင်ကြားခွင့်မရတာဟာ သာမာန်ကလေးငယ်တွေထက် ၁၀ ဆကျော်ပိုများနေတယ်လို့ ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေအဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
မသန်စွမ်းကလေးငယ်တွေအနေနဲ့ တခြားကလေးငယ်တွေနည်းတူ ပညာသင်ကြားခွင့် ဆုံးရှုံးနေပြီး သာမာန်လူတွေရတဲ့ အခွင့်အရေးတွေကို ဆုံးရှုံးနေတယ်၊ အသက် ၁၃ နှစ်အရွယ် ဆိုးဆိုးရွားရွားထိခိုက်ထားတာမရှိတဲ့ မသန်စွမ်းကလေးတွေ ကျောင်းနေပညာသင်ကြားခွင့် မရတာဟာ တခြားကလေးတွေထက် ၁၁ ဆ ပိုများတာ တွေ့ရတယ်လို့လည်း ဆိုပါတယ်။
ပြည်သူ့အင်အား ဦးစီးဌာနကလည်း သန်းခေါင်စာရင်းကို အခြေခံတဲ့ မသန်စွမ်းမှုအကြောင်းအရာ လေ့လာခြင်း စာတမ်းကို ဒီနေ့ပဲ ထုတ်ပြန်ပါတယ်။
မသန်စွမ်းသူတွေရဲ့ ၂၃.၉ ရာခိုင်နှုန်းပဲ အလယ်တန်းနဲ့ အထက်တန်း ပြီးစီးခဲ့ပြီး မသန်စွမ်းသူ အမျိုးသား ၁၆.၉ ရာခိုင်နှုန်းနဲ့ အမျိုးသမီး ၃၁.၇ ရာခိုင်နှုန်းတို့ဟာ စာမတတ်သူတွေဖြစ်ကြကာ မသန်စွမ်းသူ အမျိုးသား ၂၆.၈ ရာခိုင်နှုန်းဟာ ကျောင်းလုံးဝ မတက်ဖူးသူတွေ ဖြစ်တယ်လို့ သန်းခေါင်စာရင်း စာတမ်းအရ သိရပါတယ်။
ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေအဖွဲ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် မစ္စဂျဲနက်ဂျက်ဆင်က အစိုးရအနေနဲ့ မသန်စွမ်းကလေးငယ်တွေနဲ့ လူငယ်တွေကို တခြားသူတွေနဲ့ရောနှောပြီး အဆင့်မြင့်ပညာတွေ သင်ကြားခွင့်ရအောင် စီစဉ်ပေးဖို့လိုအပ်ပြီး အရေးကြီးတဲ့ အချက်တစ်ချက်ကတော့ လမ်းမလျှောက်နိုင်တဲ့ မသန်စွမ်းတွေအတွက် ဘီးတပ်ကုလားထိုင်တွေ ပိုမိုသုံးစွဲနိုင်အောင် စီစဉ်ပေးရမယ်လို့ပြောပါတယ်။
ဧရာဝတီတိုင်းနဲ့ ချင်းပြည်နယ်မှာ မသန်စွမ်းမှုနှုန်း အမြင့်ဆုံးဖြစ်ပြီး မြို့ပြထွန်းကားတဲ့ နေပြည်တော်၊ မန္တလေး၊ စစ်ကိုင်းနဲ့ ရန်ကုန်တိုင်းမှာတော့ နည်းပါးပါတယ်။ မသန်စွမ်းသူ ၇၀ ရာခိုင်နှုန်းဟာ ကျေးလက်ဒေသမှာ နေထိုင်ကြတယ်လို့ စာတမ်းမှာ ဖော်ပြထားပါတယ်။
မသန်စွမ်းသူ ခြောက်ယောက်မှာ တစ်ယောက်ဟာ မိလ္လာစနစ်ကိုမသုံးနိုင်ဘဲ မသန်စွမ်းသူ စုစုပေါင်းရဲ့ ထက်ဝက်ကျော်ဟာ ဆွေမျိုးသားချင်းတွေဆီမှာ ခိုလှုံနေရတယ်လို့ ဆိုပါတယ်။ ဒါကြောင့် လက်ရှိထက် ပိုကောင်းတဲ့ လူမှုဖူလုံရေးဝန်ဆောင်မှုစနစ်တွေ လိုအပ်နေတယ်လို့ ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေအဖွဲ့က ထုတ်ပြန်ပါတယ်။ မသန်စွမ်းမှု ဖြစ်တာနဲ့ ဆင်းရဲနွမ်းပါး တာဟာလည်း ဆက်စပ်နေတယ်လို့ ဆိုပါတယ်။
အသက်အရွယ်ကြီးရင့်လာတဲ့အမျှ မသန်စွမ်းမှုနှုန်း များပြားလာလို့ သက်ကြီးရွယ်အို တဖြည်းဖြည်း များလာတဲ့ မြန်မာ့လူနေမှုအသိုင်းအဝန်းမှာ လာမယ့် ၃၅ နှစ် အတွင်း မသန်စွမ်း ဦးရေ သိသိသာသာ တိုးပွားလာတာကို တွေ့မြင်ရမယ်လို့ ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေအဖွဲ့က ထုတ်ပြန်ပါတယ်။
မူဝါဒတွေချမှတ်တာ၊ စီမံချက်တွေရေးဆွဲတာ စတာတွေမှာ အနာဂတ်အတွက် မသန်စွမ်းဦးရေ တိုးပွားလာမယ် ဆိုတဲ့အချက်ကိုပါ ထည့်သွင်းစဉ်းစားကြရမယ်လို့ မစ္စဂျဲနက်ဂျက်ဆင်က ဆိုပါတယ်။
“မသန်စွမ်းအမျိုးသမီးနဲ့ မိန်းကလေးငယ်တွေဟာ ခွဲခြားဆက်ဆံမှုတွေကို တခြား သူတွေထက်ပိုပြီး နှစ်ဆတိုး ခံစားကြရပါတယ်။ မသန်စွမ်းအမျိုးသမီးတွေဟာ တခြား အမျိုးသမီးတွေထက်ပိုပြီး ဖယ်ကြဉ်ခံရတာတွေ၊ ခွဲခြားဆက်ဆံခံရတာတွေ၊ အကြမ်းဖက် ဆက်ဆံခံရတာတွေ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရတာတွေ၊ လျစ်လျူရှုခံရတာ၊ အမြတ်ထုတ် ဆက်ဆံခံရတာ စတာတွေ မကြာခဏ ကြုံတွေ့ရတတ်ပါတယ်” လို့ ပြောပါတယ်။
မြန်မာ့လူဦးရေရဲ့ ၄.၆ ရာခိုင်နှုန်း၊ လူပေါင်း ၂၃ သိန်းကျော်ဟာ မသန်စွမ်းသူတွေ ဖြစ်တယ်လို့ သန်းခေါင်စာရင်းအရ သိရပါတယ်။










