
ရခိုင်ပြည်နယ် မောင်တော- ဘူးသီးတောင်၊ မောရဝတီ စတဲ့နေရာတွေမှာ အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် ဒေသခံ စစ်ရှောင်ဒုက္ခသည် ၄၀၀၀ ကျော် အရေးပေါ် အရေးအကူအညီ လိုအပ်နေတာပါ။
အကြမ်းဖက်ခံရတဲ့နေရာတွေကို ကားလမ်းတွေနဲ့သွားဖို့ အခက်အခဲဖြစ်နေပြီး ရဟတ်ယာဉ်နဲ့သွားဖို့ အကူအညီတောင်းခံထားတယ်လို့ ပြည်နယ်အစိုးရတာဝန်ရှိသူက ပြောပါတယ်။
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေက “စခန်းတွေကို ရဟတ်ယာဉ်နဲ့ အပေါ်ကနေပြီး သွားကြည့်နေပါတယ်။ အခြေအနေကြည့်နေတယ်။ ဘယ်စခန်းတွေကို ဘယ်လိုထောက်ပံ့ရမလဲ၊ ဘယ်လိုကူညီရမလဲ၊ ဘယ်လိုဆွဲထုတ်ရမလဲ ဆိုတာကိုပေါ့။ ပြီးရင်ဆွဲပါမယ်။ လောလောဆယ်တော့ ဘူးသီးတောင် တောင်ပဇာက ထွက်ခွာလာတဲ့ အင်းအား ၇၀၀ ကိုတော့ ရိက္ခာ တပါတ်စာပေးထားပြီး ဖြစ်ပါတယ်။ ကျန်တဲ့ဥစ္စာတွေကိုပို့ဖို့ ကျနော်တို့ မှာရှိပါတယ်။ ကားလမ်းတွေက အဆင်မပြေတာရှိတဲ့အတွက် ရဟတ်ယာဉ်တွေ တောင်းခံထား ပါတယ်။ လေကြောင်းကနေပြီးတော့ ရဟတ်ယာဉ်နဲ့ ကျနော်တို့ ပေးသွားမှာပါ။ ခန့်မှန်း ၄၀၀၀ ကျော်မယ်။ နံပါတ်နှစ်က ညကတော့ စိုးရိမ်ကြောင့်ကြတာပေါ့။ လုံခြုံရေးစိုးရိမ်ကြောင့်ကြ ကြတာပေါ့။ အဲ့ဒါအဒီက အခက်အခဲပဲ။ နောက်ပြီး စားစရာတွေကလည်း လက်ကျန်နှစ်ရက်စာ လောက်ပဲ ကျန်တော့မယ်။ နောက်တခုက နေရပ်ကနေ အန္တရာယ်ကင်းတဲ့ နေရာတနေရာကို ရောက်ရှိနိုင်ဖို့အတွက် ထွက်ခွာနိုင်ဖို့အတွက် သူတို့ စိတ်ဆန္ဒရှိနေတယ်”လို့ ဒီဗွီဘီကိုပြောပါတယ်။
မောင်တော၊ ဘူးသီးတောင်ဒေသတွေကနေ ထွက်ပြေးတိမ်းရှောင်းလာတဲ့သူတွေကို စစ်တွေမြို့မှာ နေရာချထားမယ့် အစီစဉ်တွေလုပ်ထားပေမယ့် မောင်တောဒေသမှာရှိတဲ့သူတွေကို အဓိက ဦးစားပေးကူညီလုပ်ဆောင်သွားမယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။
ဝံလက်ဖောင်ဒေးရှင်းက ဒါရိုက်တာ ဦးခိုင်ကောင်းစံက “တကယ်လို့ ဟိုဘက်က စားနပ်ရိက္ခာတွေ လိုအပ်ရင် ပံ့ပိုးမယ့်ငွေအရန်က အဆင့်သင့်ရှိနေပါတယ်။ ပြီးတော့ တကယ်လို့ လမ်းအခြေအနေအရ သွားလာလို့ရမယ်ဆိုရင် ကျနော်တို့ကိုယ်တိုင် ဝံလက်ဖောင်ဒေးရှင်းအနေနဲ့ရော မိတ်ဖက်အဖွဲ့တွေနဲ့ သွားရောက်ကူညီဖို့ အဆင့်သင့်ရှိနေပါတယ်။ တကယ်လို့ ဘူးသီးတောင်၊ မောင်တောကနေ ထွက်ပြေးလာမယ် ဆိုရင် ကျနော်တို့ဘက်ကတော့ တက်နိုင်သလောက် ကူညီမယ်။ ဒါပေမယ့် စစ်တွေ ရှိနေတဲ့ လူတွေထက် ဟိုဘက်ရှိနေတဲ့ လူတွေကို ပိုပြီးကူညီဖို့ ဆန္ဒရှိတယ်”လို့ ပြောပါတယ်။
လက်ရှိအချိန်အထိတော့ မောင်တော၊ ဘူးသီးတောင်တွေမှာ အကြမ်းသမားတွေက ပစ်ခတ်မှုတွေရှိပြီး လက်တလောအကြမ်းဖက်မှုတွေကြောင့် ပိတ်မိနေတဲ့ ဒေသခံ ပြည်သူတွေနဲ့ ၀န်ထမ်းတွေ ထောင်နဲ့ချီပြီး ရှိနေပါတယ်။
ဒါ့အပြင် ရခိုင်ပြည်နယ်ထဲမှာရှိတဲ့ စာသင်ကျောင်း ပေါင်း ၄၀၀ ကျော် ပိတ်ထားရတယ်လို့ ပြည်နယ်ပညာရေးမှူးက ပြောပါတယ်။ ပိတ်ထားရတဲ့ကျောင်းတွေမှာ ကျောင်းသားဦးရေ စုစုပေါင်းကတော့ ၁ သိန်းခွဲကျော် ရှိတယ်လို့ ပြည်နယ်ပညာရေးမှူးရုံးစာရင်းတွေမှာ ဖော်ပြထားပါတယ်။
သတင်း- ဝဏ္ဏခွာညို၊ ဓာတ်ပုံ-ကိုအောင်











