
ဆေးခန်းတွင် လူနာများ စည်းကမ်းတကျ ဝင်ရန်အတွက် တိုကင်စနစ်ကို ကျင့်သုံးပါသည်။
ရှေ့တိုကင်များကိုကျော်ပြီး သုံးနှစ်အရွယ် ကလေးကို ချီ၍ အမေတယောက် ဆေးခန်းထဲ အပြေးအလွှား ဝင်လာသည်။
“ကြည့်ပါဦး ဆရာရယ်၊ ကျမ ကလေး ခြေ လက်တွေ အေးစက်နေတာပဲ၊ ရှော့ခ်ဖြစ်နေလား မသိဘူး”
စမ်းသပ်ဆဲ လူနာကို ခဏထားပြီး အနှီကလေးကို အရင်ကြည့်ပါသည်။ သွေးပေါင်ချိန် တိုင်းတော့လည်း ပုံမှန်ပါပင်။
“မနေ့ညနေက လာပြတာ ဆရာ။ အဖျားမကျတာနဲ့ ခြောက်နာရီခြား တခါ ပါရာစီတမော တိုက်နေတာ။ ခြေထောက် အေးစက်ရင် ချက်ချင်း ပြန်လာဆိုလို့ လာတာပါ”
“ကလေးက ဖျားတာ ၂၄ နာရီကျော် ကျော်ပဲ ရှိသေးတယ်။ သွေးလွန်တုပ်ကွေးဆို သုံးရက်မြောက်လောက်မှ ရှော့ခ်ဖြစ်တာ၊ ပါရာစီတမော ဘယ်လို တိုက်နေလဲ”
“ဆရာက အဖျားရှိမှ တိုက်လို့ ပြောမယ့်သူက ခြောက်နာရီကြာရင် အဖျား ပြန်တက်နေတာနဲ့ မတက်အောင် ကြိုတင်တိုက်ထားလိုက်တယ် ဆရာ”
“အဖျားမရှိချိန်မှာ တိုက်ရင်တော့ မူလအပူချိန်ထက် လျော့သွားတော့ ချွေးတွေထွက်ပြီး အေးစက်သွားတာပါ။ ရေများများတိုက် စွပ်ပြုတ်တိုက်၊ စောင်တွေ ခြုံမထားနဲ့။ နောက်တခါ အဖျား ၃၈ံC (၁ဝဝ.၄ံF) အဖျားမရှိရင် ပါရာစီတမော မတိုက်ရဘူး”
“ကျမ အစိုးရိမ် လွန်သွားလို့ပါ ဆရာရယ်”
x x x
“ဆရာ... ကျမသားလေး ပါရာစီတမော ပေးတာလည်း အဖျားမကျဘူး ဆရာ”
“ဘယ်တုန်းက ဆေးတိုက်တာလဲ”
“သူက ဆေးတိုက်မရလို့ စအိုထဲ ဆေးထည့်ရတယ်။ ဝမ်းချုပ်နေတာလည်း သုံးရက်ရှိပြီ ဆိုတော့ ဆေးထောင့်ထည့်ရင် ဝမ်းလည်း သွားမယ်၊ အဖျားလည်း ကျမယ်ဆိုပြီး လုပ်တာပါ။
“ဝမ်းချုပ်တဲ့အချိန်မှာ ပါရာစီတမော ဆေးတောင့်ထည့်ရင် အီအီးတုံး မာမာထဲ ဝင်သွားပြီး ဆေးက အူနံရံနဲ့ မထိရတော့ ဆေးကို စုပ်မယူနိုင်တော့ဘူး။ အဲဒီတော့ အဖျားမကျတော့ဘူးပေါ့။ ဝမ်းချူတောင့်က သက်သက်ထည့်ရမယ်။ ရေဖတ်လည်း တိုက်ပေး။ အခုလောလောဆယ်တော့ ပါးစပ်ကပဲ ဆေးတိုက်ရမယ်''
x x x
ပြင်ပဆေးခန်းများသို့ လာပြသော ကလေးများ၏ ၃ဝ ရာခိုင်နှုန်း - ၅ဝ ရာခိုင်နှုန်းသည် ဖျားသည့်အတွက် ဆေးကုသခံခြင်း ဖြစ်သည်။ အများအားဖြင့် ဗိုင်းရပ်ပိုး၊ ဘက်တီးရီးယားပိုး၊ ငှက်ဖျား စသည့် ကူးစက်ပိုးများကြောင့်ဖြစ်ပြီး ရှားရှားပါးပါး အနည်းငယ်သာ ကင်ဆာ၊ သွေးလေးဘက်နာ၊ အရေပြား လေးဘက်နာတို့ကြောင့် ဖြစ်တတ်သည်။ အဖျားသည် ခန္ဓာကိုယ်အတွက် အသုံးဝင်သော ခုခံကာကွယ်မှုစနစ်တခု ဖြစ်သည်။ မြင့်တက်သော အပူချိန်တွင် ခန္ဓာကိုယ်ခုခံကာကွယ်ရေး ဇီဝဖြစ်စဉ်များ အလုပ်လုပ်ရန် ပိုအဆင်ပြေသည်။ ရောဂါပိုးမွှားများ ကိုယ်တိုင်လည်း အဖျားဒဏ်ကြောင့် ရှင်သန်ရာ မလွယ်ပေ။ အဖျားများလာလျှင်မူ ကိုယ်လက် မအီမသာဖြစ်ခြင်း၊ ဂျီကျခြင်း၊ တက်တတ်ခြင်းတို့ကြောင့် အဖျားကျဆေးများပေးခြင်း ဖြစ်သည်။ အဖျားငွေ့ငွေ့ ရှိနေခြင်းသည် ရောဂါကို ပိုမြန်မြန်ပျောက်စေသည်။ ထို့ကြောင့် အဖျား ၃၈ံC (၁ဝဝ.၄ံF) ရှိမှ ပါရာစီတမော ပေးခိုင်းခြင်း ဖြစ်သည်။ ပုံမှန် ကိုယ်အပူချိန်သည် ၃၇ံC ဖြစ်သဖြင့် အဖျား ၃၇ နှင့် ၃၈ံC ကြား အဖျာငွေ့ငွေ့ရှိခြင်းကို စိတ်ပူစရာ မလိုပါ။ ကလေးသည် စားနေ၊ ကစားနေလျှင် မစိုးရိမ်ရပေ။
အဖျားရှိလျှင် ကလေးကို ထမင်းမကျွေးတော့ချေ။ ပုံမှန်အားဖြင့် အစာစားလိုက်လျှင် ခန္ဓာကိုယ်က အစာခြေ၊ အစာစုပ်၊ အစာချက်ရသဖြင့် ဇီဝဖြစ်စဉ်ကြောင့် အပူထွက်ပေါ်လာသည်။ သာမန် လူကောင်းတွင်ပင် ထမင်းစားပြီး အပူချိန်တက်ကာ ချွေးထွက်ပါသည်။ ဖျားသည့်ကလေးတွက် အဖျားနည်းနည်း ပိုတက်တာ မဆန်းပါပေ။ သို့သော် အာဟာရပြည့်မှ ကိုယ်ခံစွမ်းအား ကောင်းမည်ဖြစ်သဖြင့် အစာပျော့ပျော့ ကျွေးသင့်သည်။ တကယ် နေမကောင်းသည့် ကလေးတို့တွင် ခံတွင်းပျက်နေသဖြင့် ကျွေးတောင်မစားပါ။ ချော့ကျွေးဖို့ လိုပါသည်။ အဖျားကျဆေးများက ချွေးထွက်များသဖြင့် အရည်များများ တိုက်ရပါမည်။ သွေးလွန်တုပ်ကွေး ထင်လျှင်မူ အနီရောင်၊ အညိုရောင် ရှိသော ကော်ဖီ၊ လက်ဖက်ရည်၊ ကိုကာကိုလာ မတိုက်ရပါ။
ကလေးအဖျားတိုင်းရန် ပြဒါးပါသော သာမိုမီတာ မသုံးသင့်တော့ပါ။ ဒစ်ဂျစ်တယ် သာမိုမီတာများ အစားထိုးလာပါပြီ။ ချိုင်းကြား၊ နားအတွင်း၊ ခေါင်းနားထင်တွင် တပ်၍ တိုင်းရပါမည်။ အညွှန်းအတိုင်းထားပြီး အသံမြည်လာလျှင် ဖတ်ရုံပါပင်။ ချိုင်းကြားတွင် သုံးမိနစ်ကြာချိန် ရှိပြီး၊ နားထဲတွင် တစက္ကန့်လောက်သာ ကြာသဖြင့် အိပ်နေချိန်တွင်ပင် တိုင်းနိုင်သည်။ နားအတွင်း အဖျားသည် ချိုင်းကြားထက် ဝ.၆ံF အနည်းငယ် ပိုမြင့်ပါသည်။ ခဏ ခဏလည်း အဖျားတိုင်းစရာ မလိုပါ။ အဖျားရောဂါ ပင်ရင်းကို ရှာမရသော နာတာရှည် ဖျားနေသူများကိုသာ ခြောက်နာရီကြား ဆေးရုံတွင်တိုင်းပြီး အဖျား အတက်အကျ ပုံစံကို ကြည့်၍ ရောဂါအမျိုးအစားကို ခန့်မှန်းခြင်း ဖြစ်သည်။
ဆေးခန်းလာပြသော လူနာများသည် အများအားဖြင့် ဗိုင်းရပ်ပိုးကြောင့် သာမန်ဖျား ရောဂါများပေသည်။ ကိုယ်ခံအားပေါ် မူတည်ပြီး သုံး လေးရက်အတွင်း ပျောက်ကင်းသည်။ ကိုယ်ခံအားမကောင်းသည်နှင့် ကြုံပါက တပတ်လောက်အထိ ကြာနိုင်ပါသည်။ ပဋိဇီဝ ဆေးပေးစရာမလိုဘဲ ဝေဒနာသက်သာအောင်သာ သာမန်အိမ်သုံးဆေးများ ပေးပါသည်။
သို့ရာတွင် အန္တရာယ်လက္ခဏာများ ရှိပါက ဆေးရုံဆေးခန်း ပြရပေမည်။ အသက် နှစ်လအောက် ဖျားခြင်း (သို့မဟုတ်) အဖျား < ၃၅ံC ရှိပြီး အေးစက်ခြင်းသည် စိုးရိမ်ရသည်။ ကလေးတက်ခြင်း၊ မှိန်းခြင်း၊ ဖက်တောင့်ခြင်း၊ နို့မစို့၊ ရေမသောက်ခြင်း၊ တောက်လျှောက် အန်ခြင်း၊ ဗိုက်နာခြင်း၊ ခြေလက် အေးစက်ခြင်း၊ အဖျားကြီးလွန်းခြင်း (၃၉ံC အထက် ၁၂ နာရီကျော် ကြာနေခြင်း) အဖျားရက်ရှည်ခြင်းတို့ ရှိပါက ဆရာဝန်နှင့် ပြရပေမည်။
အဖျားကျရန် ပါရာစီတမော တိုက်ရမည် ဆိုသည်ကို ယခု မိခင်တော်တော်များများ သိပါသည်။ တခု သတိထားရမည်ကား ဆေးကုမ္ပဏီအမျိုးမျိုး၊ တံဆိပ်အမျိုးမျိုးနှင့် ထုတ်လုပ်ရာတွင် ဆေးအချိန်အဆ ကွာခြားချက်များ ရှိပါသည်။ မိမိတိုက်သည့် ဆေးစွမ်းအားသည့် ၁၂ဝ မီလီဂရမ်လား၊ ၁၆ဝ မီလီဂရမ်လား၊ ၂၅ဝ မီလီဂရမ်လား၊ ၅ဝဝ မီလီဂရမ်လား ကွဲကွဲပြားပြား သိပါမှ အချိန်အဆမှန်အောင် တိုက်နိုင်ပါသည်။ ဆေး၏ အာနိသင်သည် လေးနာရီမှ ခြောက်နာရီသာ ခံသဖြင့် လေးနာရီခြား သို့မဟုတ် ခြောက်နာရီခြား တိုက်နိုင်ပါသည်။ သို့သော် အဖျားမရှိဘဲ ကြိုမတိုက်ရပါ။ အဖျားငွေ့ငွေ့သာ ရှိလည်း မတိုက်သင့်ပါ။ ၃၈ံC ကျော်မှ တိုက်သင့်ပါသည်။ သို့သော် ဝမ်းသွားပြီး ဖျားပါက အရည်ခန်းခြောက်မှု မရှိလျှင် အဖျား ၃၉ံC ရှိ မှ ပါရာစီတမော တိုက်ရမည်။ အရည် ခန်းခြောက်မှု ရှိနေပါက ပါရာစီတမော မတိုက်ရ။ ရေဖတ်သာ တိုက်ရပါမည်။ ပါရာစီတမောကြောင့် ရေပိုခန်းခြောက်နိုင်သလို အဖျားကိုလည်း ပိုတက်စေနိုင်ပါသည်။
အသက် နှစ်လအောက် ကလေးများ ဖျားလျှင်လည်း ပါရာစီတမော မတိုက်သင့်ပါ။ အသည်းဇီဝလုပ်ငန်း အပြည့်အဝ မလုပ်ဆောင်နိုင်သဖြင့် ဆေးကြောင့် ဝန်ပိမည်ကို စိုးရိမ်ရသည်။
ယခုနောက်ပိုင်း စအိုထဲသွင်းသော ပါရာစီတမော အတောင့်များ ခေတ်စားလာသည်။ အန်နေလျှင်၊ သတိမေ့နေလျှင် ဆေးသောက်ကြောက်သော ကလေးများအတွက် အဆင်ပြေပါသည်။ သို့သော် ကလေးကြီးများတွင် စအိုထဲ ဆေးသွင်းခြင်းကို အားမပေးလိုပါ။ အထူးသဖြင့် ယောက်ျားကလေးများတွင် ပိုသတိထားရ မည်။ ဝမ်းသွားနေသော ကလေးများကိုလည်း စအိုတွင်း ပါရာစီတမော မသုံးသင့်ပါ။ ဝမ်းသွားနေသည့်အတွက် ဆေး အရည် ပျော်ချိန်မရဘဲ ပြန်ထွက်လာပါ မည်။
အဖျားကျရန် နဖူးကပ်သော ကပ်ခွာ gel များ ပေါ်ပေါက်လာသည်။ Bye Bye Fever နှင့် Cooltana gel များသည် နဖူးတွင် ကပ်ထားပါက ၁ဝ နာရီအာနိသင် ရှိသည်ဟု ဆိုပါသည်။
အဖျားကြီးနေလျှင် အမြန်ချနည်းကား တကိုယ်လုံး ရေဖတ်တိုက်ရန် ဖြစ်သည်။ အထူးသဖြင့် အဖျားကြီးပြီး တက်သော ကလေးများအတွက် အရေးပါသည်။ တကိုယ်လုံး ရေပတ်တိုက်ရာတွင် ခေါင်း၊ လည်ပင်း၊ ချိုင်းကြား၊ ပေါင်ခြံနှင့် တံကောက်ကွေးတို့တွင် အချိန်ကြာကြာ ထားတိုက်ရမည်။ သွေးကြောမကြီးများ ရှိနေသောနေရာကို ရေပတ်တိုက်ခြင်းဖြင့် အပူ မြန်မြန်ထွက်ပေသည်။ တချို့က အဖျားကျချင်ဇောနှင့် ရေခဲရေ သုံးကြသည်။ ရေခဲရေကြောင့် ခဏသာ အေးသွားပြီး အဖျားပြန်တက်ပေမည်။ အအေးဓာတ်ကြောင့် သွေးကြောများ ကျဉ်းသွားလျှင် အပူအပြင်ထုတ်ဖို့ ခဲယဉ်းပေမည်။ ထို့ကြောင့် ရိုးရိုးရေသာ သုံးသင့်သည်။
အဖျားသည် ခန္ဓာကိုယ်၏ ကိုယ်ခံ စွမ်းအားက ရောဂါပိုးကို တိုက်ခိုက်ရန် ကူညီပေးနေခြင်း ဖြစ်ပါသည်။ အန္တရာယ် လက္ခဏာများ ရှိရင်သာ ကြောက်ပါဟု ‘အဖျားကြောက်ရောဂါ’ ရပြီး ဗျာများနေသော မိခင်များအား နှစ်သိမ့်အပ်ပါသည်။
ဒေါက်တာအောင်ကြည်ဝင်း










