တိုက်ပွဲကြောင့် တရိန်းကျေးရွာသား ၇၀ ခန့် တောင်ကုန်းပေါ်တွင် ပိတ်မိနေ
DVB
·
August 27, 2017

ရခိုင်ပြည်နယ်၊ မောင်တောမြောက်ပိုင်း တရိန်း ကျေးရွာက ဒေသခံ ၇၀ ဝန်းကျင်ဟာ တရိန်းကျေးရွာရဲ့ မြောက်ဘက် ၁ မိုင် အကွာ တောင်ကုန်းပေါ်မှာ ပိတ်မိနေတယ်လို့ အဲဒီရွာက တာဝန်ကျနေတဲ့ မှုလတန်းပြကျောင်းဆရာ ဦးအေးထွန်းက ဒီဗွီဘီကိုပြောပါတယ်။
“ရွာသားတွေ ခန့်မှန်း ၆၀၊ ၇၀ လောက်ရှိတယ်။ အနီးအနားရွားနားတွေမှာ တိုက်ပွဲတွေဖြစ်နေတယ်။ စခန်းတွေ ဝင်ပြီးတော့ မီးရှို့တယ်။ အဲဒီမှာမနေဝံ့လို့ ရွာရဲ့မြောက် ဘက်တောင်ရဲ့ တမိုင်လောက်ဝေးတဲ့နေရာမှာ ကျနော်တို့ ပုန်းခိုနေရပါတယ်ခင်ဗျ။”
အကြမ်းမှုတွေဖြစ်နေလို့ တရိန်းကျေးရွာဒေသခံ ၇၀ ဝန်းကျင်လောက်ဟာ မနေ့ ညနေကတည်းက တရိန်းကျေးရွာကနေ ထွက်ပြေးလာပြီး ဒီကနေ့ မနက်အချိန်ထိ သက်ဆိုင်တာဝန်ရှိသူတွေကို လာခေါ်ပေးဖို့ တောင်ဆိုထားပေမယ့် အခုအချိန်ထိ မလာသေးဘူးလို့ ပြောပါတယ်။
“ကျနော်တို့ ဌာနဆိုင်ရာတွေအားကုန်လုံးကို ဆက်သွယ်ထားပါတယ်။ အခုအချိန်အထိတော့ အကူအညီပေးတာတော့ မရှိသေးဘူး။ သက်ဆိုင်ရာကတော့ လုပ်နေတယ်။ အကူအညီလာပေးလို့ ပြောပါတယ်။ ဒါပေမယ့် အချိန်အထိတော့ မရောက်သေးဘူး။ ကျနော်တို့ကို လုံခြုံတဲ့နေရာကိုခေါ်ထုတ်ပေးပါ။ သက်ဆိုင်ရာ တာဝန်ရှိသူတွေကို တဆင့်ပြောပေးပါ”လို့ ဒီဗွီဘီကို ပြောပါတယ်။
အနီးအနားမှာရှိတဲ့ ကျေးရွာတွေ ဒီကနေ့ မနက်အထိ ပစ်ခတ်သံတွေကြားနေရပြီး တိမ်းရှောင်လာတဲ့သူတွေအားလုံး ထိတ်လန့်နေကြရတယ်လို့ ပြောပါတယ်။
ဒါ့အပြင် အခုထွက်ပြေးတိမ်းရှောင်လာတဲ့အထဲမှာ တရိန်းကျေးရွာက ကျောင်းထိုင်ဆရာတော်အပါအဝင် သံဃာတော်တွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။
အခုသတင်းရေးနေတဲ့ အချိန်အထိ တရိန်းကျေးရွာသားဒေသခံ ၇၀ ဝန်းကျင်ဟာ အဲဒီတောင်ကုန်ပိတ်နေပြီး သက်ဆိုင်ရာတာဝန်ရှိသူတွေ အမြန်ဆုံးခေါ်ထုတ်ပေးဖို့ တောင်းဆိုနေကြပါတယ်။
တရိန်းကျေးရွာမှာရှိတဲ့ နယ်ခြားရဲစခန်းမှာ လုံခြုံရေးအင်အား ၈ ဦးရှိတယ်လို့ ဆရာဦးအေးထွန်းက ပြောပါတယ်။
သတင်း-ဝဏ္ဏခွာညို- ဓာတ်ပုံ အေးထွန်း