DVB Logo
Home
မြန်မာသတင်း
တမိနစ်လောက်ပဲ ဖြစ်ဖြစ် သစ္စာရှိပေးပါ
DVB
·
March 15, 2012
တမိနစ်လောက်ပဲ ဖြစ်ဖြစ် သစ္စာရှိပေးပါ
Donate to DVB

ဧပြီ ၁ရက် ကြားဖြတ် ရွေးကောက်ပွဲ ၀င်မယ့် နိုင်ငံရေး ပါတီ တွေ အောက်ခြေမှာ ကြုံတွေ့နေရတဲ့  မဲစာရင်း ပြဿနာ၊ ကြိုတင်မဲ ပြဿနာတွေ အကြောင်း ဧရာဝတီတိုင်း မအူပင်မြို့နယ်  ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း  ဦးစိန်ဝင်းဟန် (ခ) ဦးစိန်ဝင်းကို ဆက်သွယ် မေးမြန်းထားပါတယ်။

ရွေးကောက်ပွဲအတွက် ဘာတွေ ပြင်ဆင် ပြီးသွားပြီလဲ။

[caption id="attachment_22593" align="alignleft" width="300" caption="မအူပင် အမတ်လောင်း ဦးစိန်ဝင်း "][/caption]

“ရွေးကောက်ပွဲနဲ့ ပတ်သက် လို့ ဟောပြောဆွေးနွေး ပွဲလည်း ၇၅ ရာခိုင်နှုန်း ပြီးသွားပြီ။ ဒုတိယအနေနဲ့ ကိုယ်စားလှယ်၊ အကူ ကိုယ်စားလှယ် ထားတာလဲ ကျနော့်ဘက်က စီစဉ်ပြီး သွားပြီ။ နောက် မဲရုံ တရုံမှာ ဧည့်ကြို ၈ဦးစီ ထားတာလည်း ပြီးသွားပြီ။ အခု ကျန်နေတဲ့ မဲစာရင်း အမှန် ရရှိရေး ကိစ္စဆောင်ရွက်နေတယ်။ မဲစာရင်း အမှန်ရရှိရေး ကိစ္စရယ်၊ မဲရုံမှာ ကြီးကြပ် ဆောင်ရွက်တာ ဘယ်လို ကြီးကြပ် ဆောင်ရွက်မလဲ၊ မဲ မှန်မှန် ကန်ကန် ရရှိအောင် မဲရုံကြီးကြပ်မှု ဆိုတဲ့ အပိုင်းကို အခု ဆောင်ရွက်နေတယ်။”

အခု မဲစာရင်းကွာဟမှုတွေ၊ မဲပေးမယ့်သူရဲ့ အဖေနာမည်လွဲတာ၊ မှတ်ပုံတင် နံပါတ် ကွာဟမှုတွေ ရှိတယ်။ ဒါမျိုးတွေ ဘယ်လောက် အနေအထားလောက် ရှိနေလဲ ။

“လွန်ခဲ့တဲ့ ၄ရက်လောက်က ကျနော်မဲစာရင်းတွေကို ကူးပြီးသွားပြီ။ ကျနော့်လက်ထဲမှာ မဲစာရင်းလဲ ရရော ဒီ မဲစာရင်းဟာ မှန်၊ မမှန် ကျနော် စစ်တမ်းလိုက်ကောက်တယ်။ အဲ့ဒီအခါမှာ တချို့နေရာမှာ ၅ရာခိုင်နှုန်း၊ တချို့နေရာမှာ ၂၅ရာခိုင်နှုန်း၊ တချို့နေရာမှာ ၅၀ ရာခိုင်နှုန်း၊ တချို့နေရာမှာ ၆၃ရာခိုင်နှုန်းလောက်ထိ ကွာတာ ရှိနေတယ်။ ကျနော်တောင် လန့်သွားတယ်။ ဒီလိုမျိုး တနေရာနဲ့ တနေရာ မတူတဲ့ အကြောင်းတရားက ဘာလို့လဲ။ လုပ်တဲ့ လူတွေကလည်း တယောက်နဲ့ တယောက် မတူဘူးပေါ့။ အောက်ခြေက လုပ်တဲ့ ကိစ္စတွေ ဖြစ်တဲ့အတွက် မဲစာရင်းကွာဟမှုက တနေရာနဲ့ တနေရာ မတူဘူး။ သို့သော် ပျမ်းမျှ ပြန်ကြည့်မယ်ဆိုရင် အနည်းဆုံး ကျနော်တို့ မအူပင်က ၃၅ ရာခိုင်နှုန်းလောက် ကွာနေတာတွေ့ရတယ်။ ကွာနေတဲ့ လူစာရင်းကလည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ထောက်ခံ အားပေးတဲ့ မိတ်ဆွေတွေ ဖြစ်နေတယ်။ တော်တော်လေး အံ့သြစရာ ကောင်းတယ်။”

ဒီလိုမျိုး ကွာဟမှုတွေ မြန်မာနိုင်ငံ နေရာအနှံ့က မဲဆန္ဒ နယ် တော်တော် များများ ဖြစ်နေတယ်ပေါ့။ ဒီလို ဖြစ်ရတဲ့ အကြောင်းရင်းက ရည်ရွယ်ချက် ရှိရှိနဲ့ တမင် မှားယွင်းအောင် လုပ်ထားတာလား။ သုံးသပ်ချက် အမြင်လေး ပြောပြပေးပါ။

“မှားနေတဲ့ အမှား အထောက်အထားတွေကို လိုက်ကြည့်တဲ့အခါမှာ စာရင်းကို ပြုစုတဲ့ ပုံစံစနစ်အတိုင်း မှန်တယ်။ တကယ် ဒီစာရင်းထဲမှာတော့ ပုံစံ စာရင်း အတိုင်း မဖြစ်ဘူး ဆိုတာ သွားတွေ့တယ်။ သူတို့ မိတ္တူထဲမှာလည်း ပုံစံ စနစ်အရ လုပ်ထားတယ်။ ဒါပေမယ့် ဒီ စာရင်းက ကွဲလွဲနေတော့ သူတို့လက်ထဲမှာ ရှိတဲ့ စာရင်းနဲ့တောင် မတူဘူးဆိုတော့၊ ကျနော်ကတော့ မတော်တဆ အမှား မဟုတ်ဘူးလို့ ပြောရဲတယ်။”

ပြည်ခိုင်ဖြိုးပါတီကလည်း အခုစည်းရုံးရေး ဆင်းနေတယ်။ အန်အယ်လ်ဒီ ကလည်း အခု စည်းရုံးရေး ဆင်းနေတယ်ဆိုတော့ ဘာပြဿနာတွေ ရှိနေလဲ။

“ပြည်ခိုင်ဖြိုးပါတီကတော့ အုပ်ချုပ်ရေးပိုင်း၊ ဆယ်အိမ်ခေါင်းတို့ဘာတို့နဲ့ ရောနှောပြီး စည်းရုံးရေး ဆင်းတာကို တွေ့ရတယ်။ ကျနော်တို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကတော့ ဘယ်သူ့ အကူအညီမယူဘဲ ပြည်သူလူထုထဲကို သီးသန့်ပဲ၊ ပြည်သူလူထုရဲ့ အားပေး ထောက်ခံမှုနဲ့ တောက်လျှောက် စည်းရုံးရေး ဆင်းတယ်။ ဟောပြောပွဲတွေ လုပ်တယ်။ ကျနော်တို့ တပပြီး တပွဲလုပ်ရင် တတ်ရောက်တဲ့ ပြည်သူလူထု ၃၀၀ ကနေ ၅၀၀ ကြား အမြဲ ရှိတယ်။ ပြည်ခိုင်ဖြိုးမှာတော့ ဒီလောက် မတတ်ဘူး။ မလာမနေရ ဆိုပြီး ဆယ်အိမ်ခေါင်းက အမိန့်နဲ့ ဖိတ်တယ်။ အကြောင်းအရာ တခုပြပြီး မလာမနေရ ဆိုပြီး ဖိတ်တယ်။ ပြည်သူလူထုက သွားတဲ့အခါမှာ သူတို့ပြောတဲ့ အကြောင်းအရာ ကိစ္စ မဟုတ်ဘဲ နဲ့ မဲဆွယ်တဲ့ ကိစ္စဖြစ်နေတယ်။ ဒါကြောင့် ပြည်ခိုင်ဖြိုးပါတီရဲ့ မဲဆွယ်မှု ဟာ အောက်ခြေက အုပ်ချုပ်ရေးတွေကို အသုံးချပြီး ကြိုးစားနေရတယ် ဆိုတာ တွေ့ရတယ်။”

ဒါဆိုရင် ပြည်ခိုင်ဖြိုးပါတီရဲ့ မဲဆွယ်စည်းရုံးမှုဟာ အခြေခံဥပဒေနဲ့ မညီဘူး ဆိုတာ ကို ပြောချင် တာလား။

“သေချာတာပေါ့။”

အခု မဲထည့်နိုင်တဲ့ မဲဆန္ဒရှင် ဘယ်နှစ်ဦးလောက် ရှိပါလဲ။

“မဲဆန္ဒရှင် ၁ သိန်း ၉ သောင်းနဲ့ ၄ ထောင့်၎ ရာ ၇ ဆယ် (၁၉၄၄၇၀) ရှိတယ်။ အတိုးအလျှော့တော့ ရှိတယ်။ တသိန်းကိုးသောင်းလောက်တော့ ရှိတယ်။”

အခု တချို့ ၀န်ထမ်းတွေကို ကြိုတင်မဲ ကောက်နေတယ်လို့ ကြားပါတယ်။ ဆရာရော ကြားမိပါလား။ ကြိုတင်မဲတွေကရော ဥပဒေနဲ့ ညီရဲ့လား။

“ဒီအချိန် အစောကတည်းက ကြိုတင်မဲတွေ လုပ်တယ်ဆိုတော့ ကျနော်တို့ကတော့ မျှမျှတတ ပြောရရင်တော့ ဥပဒေနဲ့ မညီညွတ် နိုင်ဘူး လို့ ပြောချင်ပါ တယ်။ ကြိုတင်မဲ သည် ကော်မရှင်ကပေးတဲ့ ကြိုတင်မဲ ရှိတယ်။ ကျေးရွာမှာ ပေးတဲ့ ကြိုတင်မဲ ရှိတယ်။ မြို့နယ်ကော်မရှင်က ပေးတဲ့ ကြိုတင်မဲကို ဒီလောက် အစောကြီး စာရင်းတွေ လိုက်လုပ်နေတယ် ဆိုတာတော့ ဒါဟာ သိပ်မရိုးသား နိုင်ဘူးလို့ ပြောချင်ပါတယ်။”

ဆရာနဲ့ ပြိုင်မယ့်ပါတီတွေက။

“၅ပါတီပေါ့။ ဒီမိုကရေစီအင်အားစု ခမောက်ပေါ့။ နောက် တိုင်းရင်းသားစည်းလုံး ညီညွတ်ရေး ပါတီ (တစည)။ နောက် တခုက ခေတ်သစ်ပြည်သူ့ခေတ် ပါတီ၊ ပြည်ခိုင်ဖြိုး ပါတီနဲ့ ကျနော်တို့ ပါတီပေါ့။”

ပါတီတွေ အများကြီးထဲမှာ အန်အယ်လ်ဒီကလည်း စည်းရုံးရေး ဆင်းနေတယ်ပေါ့။ မဲကိုခွဲယူဖို့အတွက် ပါတီတွေ များနေတာရော မဖြစ်နိုင်ဘူးလား။

“ရှိတာပေါ့။ တောကလူတွေက အမေစုနဲ့ ခမောက်ကို တွဲသိတုန်းဆိုတော့ ခမောက်ပါတီ ပါလိုက်တော့ သူတို့ကို ပြောတာက ခမောက်ကို ပေးရင် အမေစု မရပါဘူး။ အမေစုကို မဲပေးမယ်ဆိုရင် ခွပ်ဒေါင်းပေါ်က ကြယ်ဖြူတလုံးနဲ့ကို ပေးရပါတယ် ဆိုတာကို ကျနော်တို့က အောက်ခြေအထိ ဆင်းပြီး စည်းရုံး ပြောနေ ရတယ်။ ဒါက သင်္ကေတနဲ့ ဆိုင်တာ တခုပေါ့။ နောက်တခုက ကျနော်တို့နဲ့ ပြိုင်မယ့် ၄ပါတီမှာ တချို့ပါတီတွေက မဲဆွယ်စည်းရုံးမှုကို မလုပ်ဘူး။ မှတ်ပုံတင်ပြီးတော့ စာရင်းအရ အင်အား အရ ပြတာပဲ ရှိတယ်။ တကယ့် တာဝန်တွေကို ကောင်းကောင်း မလုပ်ဘူး။ ရွေးကောက်ပွဲရဲ့ ၀တ္တရားနဲ့ တာဝန်ကို မလုပ်ဘူး။ အဲ့တော့ ဘာလို့ ၅သိန်း အကုန်ခံပြီး ရွေးကောက်ပွဲ ၀င်တာလဲ လို့ တွေးကြည့်ရင်တော့ တဖက်က မဲပြန့်အောင် လုပ်တာပဲလို့ ကျနော်ထင်တယ်။”

ရန်ကုန်တိုင်း ကော်မရှင် ဥက္ကဋ္ဌကလည်း ပြောတယ်။ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးကလည်း လွတ်လပ်ပြီး တရားမျှတတဲ့ ကြားဖြတ် ရွေးကောက်ပွဲ ဖြစ်ရမယ် လို့ ပြောတယ်။ ဒီဘက်မှာကျတော့ ကြိုတင်မဲတွေလည်း ကောက်တယ်။ မဲစာရင်း နာမည် လွဲမှားတာ လည်း ရှိတယ်။ သူတို့ပြောတာနဲ့ အောက်ခြေမှာ ဖြစ်တာနဲ့ တခြားစီဖြစ်နေတယ်။ ဒါနဲ့ပတ်သက်ပြီး ဆရာ ဘယ်လိုသုံးသပ်လဲ။

“လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်အောင် လုပ်မယ်လို့ ဥက္ကဋ္ဌ ဦးတင်အေး ပြောတာ သိရပါတယ်။ ဒါပေမယ့် အောက်ခြေမှာတော့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ မလွယ်သေးဘူးလို့ သုံးသပ်ပါတယ်။

နံပါတ် ၁ က မဲစာရင်းတွေ မှားတာ။ အန်အယ်လ်ဒီကို ထောက်ခံတဲ့ မဲစာရင်းတွေ မှားတာ တွေ့ရတယ်။ နောက်တချက်က စည်းရုံးတဲ့ အခါမှာ ပြည်ခိုင်ဖြိုးပါတီက အုပ်ချုပ်ရေးတို့ ကော်မရှင်တို့ကို အသုံးချပြီးတော့ စည်းရုံးတာ သွားတွေ့ရ တယ်။ နောက်တချက်က အန်အယ်လ်ဒီက စည်းရုံးရေး ဆင်းတဲ့အခါမှာ တော်တော်လေးကို သတိထားရတယ်။ ဒီမိုကရေစီရဖို့ ပါတီယှဉ်ပြိုင်တဲ့ အခါမှာ အမှား မဖြစ်အောင်လို့ ကျနော်တို့ဘက်က အတော် ဂရုစိုက်ပြီး ဆောင်ရွက်ရတယ်။ သူတို့ကျ ဒီလိုမဟုတ်ဘူး။ သူတို့က ကျနော်တို့ထက် ပိုပြီးတော့ လွတ်လွတ် လပ်လပ် လုပ်ဆောင်လို့ ရတယ်။ ဒါကြောင့် လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဆိုတာသည် အပေါ်က ပြောတာ ကောင်းပါတယ်။ တကယ့် အောက်ခြေက ဖြစ်ဖို့ရာသည် အတော်လေး ပြုပြင်ရဦးမယ်လို့ ကျနော် ဆွေးနွေးချင်ပါတယ်။”

အခု မအူပင် မဲဆန္ဒနယ်က ပြည်သူတွေကို အန်ကယ့်အနေနဲ့ ဘာများပြောကြား ချင်ပါလဲ။

“ကျနော့်အနေနဲ့ကတော့ မအူပင်က ပြည်သူတွေကို ပြောချင်တာက အမကြီး ဒေါ်အောင်ဆန်းစုကြည်ကို ချစ်ခင် လေးစားတယ် ဆိုတာ ကျနော်လည်း တိုက်ရိုက် သိရတယ်။ ကျနော့်ကို ပေးတဲ့ မဲတွေကလည်း ကျနော့်ကို ပေးတာမဟုတ်ဘူး။ အမကြီး ဒေါ်အောင်ဆန်းစုကြည်ကို ပေးတယ်လို့ပဲခံယူပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း မြို့ကလူတွေက လာစေချင်ပါတယ်။ ကျနော့်ဘက်ကလည်း လာအောင် ကြိုးစားပါတယ်။ ဒါပေမယ့် အကြောင်းကြောင်း ကြောင့် အမကြီး ဒီဘက်ကို မလာနိုင်ရင်တောင် အမကြီး အပေါ်မှာ ထောက်ခံတဲ့ မဲဟာ အနာဂတ်ကို ကြည့်ပြီး ဧပြီလ ၁ ရက်နေ့ ရောက်ရင်တော့ သစ္စာရှိရှိနဲ့ တမိနစ်လောက်ပဲ ဖြစ်ဖြစ် သစ္စာရှိပေးပါလို့ မှာကြားလိုပါတယ်။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013