
၂၀၂၆-၂၇ ပရီးမီးယားလိဂ်ရာသီအတွက် ပွဲစဉ်ဇယားတွေကို ဇွန် ၁၉ ရက် ညနေပိုင်းမှာ ထုတ်ပြန် ပါတယ်။
ဒီရာသီရဲ့ စတင်မဲ့ရက်နဲ့ ပြီးဆုံးမဲ့ရက်တွေဟာ ၂၀၂၆ ကမ္ဘာ့ဖလားပွဲကြောင့် ပုံမှန်ထက် နောက်ကျ နေတာ ဖြစ်ပါတယ်။
ရာသီသစ်ကို ၂၀၂၆ ခုနှစ် သြဂုတ် ၂၂ ရက် စနေနေ့ စတင်မှာဖြစ်ပြီး ကမ္ဘာ့ဖလား ဗိုလ်လုပွဲပြီး ၃၄ ရက်အကြာမှာစတင်မှာဖြစ်ကာ ၂၀၂၇ ခုနှစ် မေ ၃၀ ရက်နေ့ ရာသီ ပြီးဆုံးမှာ ဖြစ်ပါတယ်။
လာမဲ့ရာသီမှာ အဓိကပြောင်းလဲမှုတခုက စက်တင်ဘာနဲ့ အောက်တိုဘာလတွေရဲ့ နိုင်ငံတကာပွဲ နားရက်တွေကို ပေါင်းစည်းလိုက်တာပါပဲ။
ဒါကြောင့် စက်တင်ဘာ ၁၉/၂၀ ရက်နေ့ကနေ အောက်တိုဘာ ၁၀/၁၁ ရက်အထိ ပရီးမီးယားလိဂ် ပွဲစဉ်တွေ ၃ ပတ်ကြာ နားရမှာပါ။
ခရစ္စမတ်နဲ့ နှစ်သစ်ကူးကာလမှာလည်း ပွဲစဉ် ၂ ခုကြား နာရီ ၆၀ အောက် မနည်းစေဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။ ဒီလိုပြောင်းလဲမှုတွေက ၂၀၃၀-၃၁ ရာသီအထိ ဆက်ရှိနေဦးမှာပါ။
Photo: Reuters










