
ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင် ဒေသတွေက လုံခြုံရေးရဲကင်းစခန်းတွေနဲ့ စစ်တပ်အခြေစိုက်စခန်းတခုကို သြဂုတ် ၂၅ ရက် မနက်အစောပိုင်းက အကြမ်းဖက် လက်နက်ကိုင်တွေရဲ့ ပူးပေါင်းတိုက်ခိုက်မှုအပေါ် ကုလသမဂ္ဂက ပြင်းပြင်းထန်ထန်ရှုတ်ချလိုက်ပြီး ဒီအကြမ်းဖက်မှုကို ဘက်ပေါင်းစုံကနေ ထိန်းသိမ်းပေးဖို့ တောင်းဆိုလိုက်ပါတယ်။
အကြမ်းဖက်မှုကနေ ရှောင်ကြဉ်ထိန်းပေးဖို့၊ အရပ်သားပြည်သူတွေကို ကာကွယ်စောင့်ရှောက်ပေးဖို့နဲ့ တရားဥပဒေ စိုးမိုးရေးကို အဖက်ဖက်ကနေ ထိန်းသိမ်းဖို့ အားလုံးကို တိုက်တွန်းကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ဌာနေညှိနှိုင်းရေးမှူး ရီနာတာ လော့က် ဒက်ဆယ်လီယန်က ကြေညာချက်ထဲမှာ ပြောပါတယ်။
ရခိုင်ပြည်နယ်က လုံခြုံရေးအခြေအနေနဲ့ပတ်သက်ပြီး အလွန်အမင်း စိုးရိမ်ပူပန်တယ်လို့လည်း ပြောထားပါတယ်။
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အဖွဲ့ဥက္ကဋ္ဌ ကိုဖီအာနန်ကလည်း ရခိုင်ပြည်နယ်မှာ လတ်တလောဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုတွေအပေါ် အထူးစိုးရိမ်မိပြီး ပြင်းထန်စွာ ရှုတ်ချပြီး လုံခြုံရေး အဖွဲ့ဝင်တွေ အသက်ဆုံးရှုံးခဲ့ကြောင်း ကြားသိရတဲ့အတွက် ဝမ်းနည်းကြောင်း ထုတ်ပြန်ထားပါတယ်။











