
ရှေ့နေ ဦးကိုနီကို လုပ်ကြံခဲ့တဲ့အမှုမှာ ရန်ကုန် လေဆိပ်အခင်းဖြစ်နေရာဝန်းကျင်က CCTV ကင်မရာ ၁၉၆ လုံးနီးပါးက မှတ်တမ်းတွေနဲ့ ဓာတ်ပုံ ၇၀ ကျော်ကို သက်သေ အဖြစ်တင်သွင်းပြီး စစ်ဆေးခဲ့ပါတယ်။
မနေ့က စစ်ဆေးခဲ့တာဖြစ်ပြီး ဒါဟာပထမဆုံး electronic သက်သေကို စစ်ဆေးခဲ့တာဖြစ်တယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးနေလကပြောဆိုပါတယ်။
အဲဒီCCTV ကင်မရာ မှတ်တမ်းမှာ လေဆိပ်ဝင်ပေါက်မှာ ကြည်လင်းနဲ့ အောင်ဝင်းဇော်တို့ရှေ့နောက်ဝင်တဲ့ မှတ်တမ်းတွေလဲတွေ့ရှိခဲ့ပါတယ်။
ဩဂုတ် ၂၅ ရက်နေ့ မြောက်ပိုင်းခရိုင်တရားရုံးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအကြံပေး ဦးကိုနီကို လုပ်ကြံခဲ့တဲ့ ကြည်လင်းနဲ့ ဒီအမှုမှာ ပါဝင်တယ်လို့ ယူဆရတဲ့ ဇေယျာဖြိုး၊ အောင်ဝင်းဇော်၊ အောင်ဝင်းထွန်းတို့ကို ၂၁ ကြိမ်မြောက်ရုံးထုတ်မှာ သက်သေ ၅ ယောက်ကို စစ်ဆေးခဲ့ပါတယ်။











