
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ကျောက်ပန်းတူရဲစခန်းကို ဒီကနေ့ နေ့လယ်ပိုင်း ၁ နာရီဝန်းကျင်က ဘင်္ဂါလီ အကြမ်းဖက်သမား၁၀၀၀ ၀န်းကျင်လောက်က လာရောက်မီးရှို့ခဲ့တယ်လို့ ကျောက်ပန်းတူအုပ်ချုပ်ရေးမှူး ဦးမောင်သန်းအောင်က ဒီဗွီဘီကို ပြောပါတယ်။
ဘဂါင်္လီအကြမ်းဖက်သမားတွေ ကျောက်ပန်းတူ ရဲစခန်းအနီး ကားလမ်းမှာ ဗုံးထောင်ထားခဲ့တာကြောင့် ဗုံးပေါက်ကွဲလို့ ရဲတပ်သားအင်အား ၉ ဦးဒဏ်ရာရရှိသွားပါတယ်။
အဲဒီအနီးအနားက ကျေးရွာတွေကို ဘဂါင်္လီတွေ ထောင်ချီဝိုင်းဝန်းတိုက်ခိုက်မှုကြောင့် ကျောက်ပန်းတူကျေးရွာသားတွေ ရွာလုံးကျွတ်ထွက်ပြေးလာရတယ်လို့ ကျောက်ပန်းတူ အုပ်ချုပ်ရေးမှူး ဦးမောင်သန်းအောင်က ဒီဗွီဘီကိုပြောပါတယ်။
“ကျောက်ပန်းတူရွာကြီးဆိုတာရှိတယ်။ အဲဒီရွာကြီးကို နတလ စခန်းတာဝန်ရှိသူတွေ သွားခေါ်ဖို့လုပ်တာ။ အဲဒီကြားမှာ တံတားရှိတယ်။ အဲဒီတံတားကို ကျော်တာနဲ့ မိုင်းထိတယ်။ ဒဏ်ရာက ၉ ဦးရတယ်။ ရဲတပ်ဖွဲ့ဝင်တွေက အဲဒီကနေ ပြေးကြတယ်။ ဟိုဘက်ကလည်း ပစ်တယ်။ ဒီဘက်ကလည်း ပစ်တယ်။ ဗုံးလည်းဖောက်ကြတယ်။ သူတို့ဘက်က လက်နက်တွေအများကြီးနဲ့ ပစ်ကြတယ်။ အဲဒါနဲ့ ကျနော်တို့ ဖြည်းဖြည်းချင်းဆုတ်လာတယ်။ သူတို့မှာက လူတွေအများကြီးပဲ၊ စခန်းကိုလည်း သူတို့ မီးရှို့လိုက်ပြီ။ မွတ်ဆလင်တွေ တရွာလုံးလာကြတာ အင်အားကို တထောင်ကျော်လောက်ရှိတယ်။”
အခု သတင်းရေးနေတဲ့အချိန်ထိ ဘဂါင်္လီတွေက ရဲစခန်းကိုမီးရှို့ပြီးနောက် ထွက်ပြေးသွားကြပြီး ကျောက်ပန်တူ ကျေးရွာဒေသခံတွေ ၃၀၀ ဝန်ကျင်းက ကျောက်ပန်းတူနဲ့အခြားရဲစခန်းတခုမှာ ခိုလှုံနေရတယ်လို့ ကျောက်ပန်းတူ အုပ်ချုပ်ရေးမှူး ဦးမောင်သန်းအောင်က ဒီဗွီဘီကိုပြောပါတယ်။
ကျောက်ပန်းတူရွာက ထွက်ပြေးလာတဲ့ ကိုမောင်မောင်ချေက “ရဲစခန်းကိုလည်း မီးရှို့လိုက်ပြီ။ ကျနော်တို့ အခြားကျောက်ပန်းတူရဲစခန်းတခုမှာ ခိုလှုံနေရတယ်။ ကျနော်တို့ ရွာကတရွာလုံး အခု ရဲစခန်းမှာပါ။ ကျနော်တို့က ကြောက်ပြီးတော့ ဘယ်မှမထွက်ရဲတော့ဘူး။ လုံခြုံရေးတွေ အရမ်းနည်းတယ်” လို့ ဒီဗွီဘီကိုပြောပါတယ်။
ဘဂါင်္လီအကြမ်းဖက်သမားတွေက ဒီကနေ့မနက်ပိုင်းကစလို့ မောင်တောမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေတဲ့ ရဲကင်းတွေကို ၀င်ရောက်တိုက်ခိုက်ခဲ့တာကြောင့် တပ်မတော်က စစ်သည် ၁ ဦးအပါအဝင် ရဲတပ်ဖွဲ့ဝင် ၁၀ ဦး ကျဆုံးတယ်လို့ တပ်မတော် ကာကွယ်ရေးဦးစီးရုံးက သတင်းထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ- တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး











