DVB Logo
Home
Lead Story
ထွေပြားနေဆဲ စုပေါင်းပိုင် အဆောက်အအုံဥပဒေ
DVB
·
August 25, 2017
ထွေပြားနေဆဲ စုပေါင်းပိုင် အဆောက်အအုံဥပဒေ
Donate to DVB

ဖြစ်ရပ်တွေက မြန်ဆန်လွန်းတယ်။ ဖြစ်ရပ်တွေနဲ့အတူ အပြောင်းအလဲတွေက အရှိန်အဟုန်ကြီးတတ်တာလည်း မျက်မှောက်ကာလရဲ့ ထူးခြားတဲ့ လက္ခဏာတရပ် ဖြစ်နေပြန်ပါတယ်။

ဒီလိုကာလမျိုးမှာ ဖွံ့ဖြိုးမှုနိမ့်ကျတဲ့ တိုင်းပြည်တွေမှာ ကစဥ့်ကလျား ဖြစ်တတ်တာကလည်း သဘာဝပါ။ လိုအပ်ချက်တခု ဖြည့်ဆည်းနေဆဲမှာပဲ အခြားခြားသော မရေတွက်နိုင်တဲ့ လိုအပ်ချက်တွေ တန်းစီစောင့်နေတာကို တွေ့ရတတ်ပါတယ်။

မစောင့်နိုင်တဲ့အဆုံး တည်ရှိဆဲဥပဒေနဲ့ လုပ်ထုံးလုပ်နည်းတွေကို အခြေခံပြီး လုပ်ကိုင်ဆောင်ရွက်ကြလေတော့ အဆင်မပြေမှုတွေ နောက်ဆက်တွဲ ဖြေရှင်းရမယ့် ကိစ္စရပ်တွေက တပုံတပင်ကြီး ပေါ်ပေါက်လာတော့တာပါပဲ။

အဟုန်နဲ့ တိုးတက်နေတဲ့ ခေတ်ကြီးရယ်၊ လူဦးရေ ပေါက်ပွားနှုန်း မြင့်မားနေတဲ့ ကမ္ဘာကြီးရယ်၊ မြို့ပြဒေသ သိပ်သည်းလွန်းတဲ့ နေထိုင်မှုရယ်၊ ဖွံ့ဖြိုးမှု နှေးကွေးလွန်းတဲ့ နိုင်ငံရယ် ပေါင်းလိုက်တော့…

အဖြေက ကျူးကျော် အိမ်ရာပြဿနာနဲ့ ရာဇဝတ်မှု ထူပြောခြင်းတို့ပါပဲ။ ဒီပြဿနာရပ်တွေ ဖြေရှင်းဖို့ဆိုရင် ကျူးကျော်တဲတွေ ဖယ်ရှားရုံ၊ ဆိုးခိုးလူသတ်တွေ ဖယ်ရှားရုံနဲ့တော့ ပြဿနာတွေက ပြေလည်သွားမှာတော့ မဟုတ်ဘူး။

လိုအပ်နေတဲ့ အငှားအိမ်ရာတွေ၊ တန်ဖိုးနည်း၊ သင့်၊ မြင့် အစရှိတဲ့ အိမ်ရာစခန်းတွေ၊ စုပေါင်းပိုင် အဆောက်အအုံလို့ ခေါ်တဲ့ ကွန်ဒိုမီနီယံ တိုက်ခန်းတွေ စတာတွေကို အစိုးရဘက်ကလည်း မူဝါဒတွေ၊ စီမံကိန်းတွေ ချမှတ် အကောင်အထည်ဖော်ပေးဖို့ လိုအပ်ပါတယ်။

ဆင်းရဲမွဲတေသူကို သူ့ကံကြမ္မာပဲဆိုပြီး ပစ်ပယ်ထားလို့တော့ မရပေဘူး။ တဲပေါ်ကနေ တိုက်ပေါ်တင်ပြီး ဘဝတွေကို မြှင့်တင်ဖို့က အစိုးရတရပ် တာဝန်လို ဖြစ်လာတယ်။

ဒီလို စီမံကိန်းချ မြို့ပြပြန်လည်မွမ်းမံရာမှာ ဟိုတစ ဒီတစ ဟိုတစု ဒီတစု စိတ်ထင်တိုင်း ပြုလုပ်ခဲ့ရင်တော့ ဆင်ခြင်ဉာဏ်မဲ့ရာ ကျလွန်းပါတယ်။

ဒီလိုလုပ်ဆောင်မှုမျိုးက (Urban Aesthetics) လို့ခေါ်တဲ့ မြို့ပြတင့်တယ်မှု အလှကို ထိခိုက်စေတယ်။ လူဦးရေ ၇ သန်းကျော် နေထိုင်တဲ့ ရန်ကုန်လို မြို့ကြီးတွေမှာ ပိုမိုစနစ်ကျတဲ့ စီမံကိန်းတွေ ချမှတ်ဖို့လိုတယ်။

ဒီလို မချမှတ်ဘဲ လုပ်ဆောင်ခဲ့တဲ့အတွက် မြို့ပြအလှ ပျက်စီးရုံမက ဖြေရှင်းဖို့ ခက်ခဲတဲ့ ပြဿနာရပ်တွေ ထွက်ပေါ်လာခဲ့တယ်။ ဥပဒေတရပ် မချမှတ်နိုင်မီမှာ အဂတိ အခြေပြုပြီး အဆင်ပြေသလို တည်ဆောက်ခဲ့တဲ့ မသမာမှုတွေကနေ နစ်နာသူတွေ၊ ဆုံးရှုံးရသူတွေကလည်း ထုနဲ့ထည်နဲ့ ရှိနေပါတယ်။

အထူးသဖြင့် သိန်းထောင်ပေါင်းများစွာ ပေးပြီး ဝယ်ယူ နေထိုင်ခဲ့ကြသူတွေရဲ့ ကွန်ဒိုမီနီယံတိုက်ခန်းတွေရဲ့ ပြဿနာဟာ တိုးလို့ ဖြစ်ပေါ်နေပါပြီ။ အခုလို စုပေါင်းပိုင် အဆောက်အအုံဆိုင်ရာဥပဒေ ထွက်ပေါ်အတည်ပြုနိုင်မယ် ဆိုရင် မလွဲမသွေ ဖြေရှင်းရမယ့် ပြဿနာရပ်တွေ ထွက်ပေါ်လာတော့မှာပါ။

ဒါကြောင့် ဒီဗွီဘီရဲ့ ပိုင်းခြားစိတ်ဖြာဥပဒေရေးရာ (Law Lab) အစီအစဉ်မှာ “ကွန်ဒိုဈေးကွက် ကျဆင်းနေတာ စုပေါင်းပိုင် အဆောက်အအုံဆိုင်ရာ ဥပဒေရဲ့ အားနည်းချက်ကြောင့်လား”ဆိုတဲ့ခေါင်းစဉ်နဲ့ ဆွေးနွေးတင်ဆက်သွားမှာပါ။

ဆွေးနွေးကြမယ့်သူတွေကတော့ ဦးဖုန်းမြင့်အောင် (ပထမအကြိမ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်)၊ ဦးသန်းဦး (မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်း ဒုဥက္ကဋ္ဌ)နဲ့ စာရေးဆရာ ဦးမြင့်ဆွေ (ခေါ်) မြင့်မိုရ်ဆွေတို့ ဖြစ်တယ်။

အစီအစဉ် တင်ဆက်သူ ဦးခင်သန်းရဲ့ “စုပေါင်းပိုင် အဆောက်အုံဆိုင်ရာ ဥပဒေဟာ အရင်အစိုးလက်ထက်က တည်းရေးဆွဲခဲ့တာမို့ ဥပဒေရဲ့ အားနည်း၊ အားသာချက်ကို ရှင်းပြပေးဖို့ မေးရာမှာ “ကွန်ဒိုဥပဒေက အားနည်းချက်တွေ ရှိပါတယ်။ ကွန်ဒိုဥပဒေက ၁၉၆၀ အိမ်ရှင် အိမ်ငှား ဥပဒေကို မလွှမ်းမိုးနိုင်ဘူး။

ကွန်ဒိုဥပဒေနဲ့ အကျုံးဝင်ဖို့ဆိုရင် စုပေါင်းပိုင်မြေ ဖြစ်အောင် အရင် လျှောက်လွှာတင်ရမယ်။ အခု ဆောက်နေတာက ကိုယ့်မြေပေါ် ကိုယ်ဆောက်တာဆိုတော့ စုပေါင်းပိုင် လျှောက်ထားရင် ကိုယ့်မြေ ဆုံးရှုံးသွားမှာ ဖြစ်တဲ့အတွက် ဘယ်သူကမှ ဆက်မလျှောက်ထားဘူး။ ပုလဲကွန်ဒိုဆိုရင် ပထမအကြိမ် လွှတ်တော်ကတည်းက ပြဿနာဖြစ်နေတာ အခုထိ ဖြေရှင်းလို့ မပြီးသေးဘူး။ အရင်က ကွန်ဒိုဆိုပြီး ဆောက်ခဲ့တာတွေက အခု ကွန်ဒိုဥပဒေနဲ့ဆိုရင် လုံးဝ အင်္ဂါရပ်နဲ့မညီဘူး”လို့ ဦးဖုန်းမြင့်အောင်က ဆိုပါတယ်။

မြန်မာနိုင်ငံ အိမ်ခြံမြေအသင်းဒုဥက္ကဋ္ဌ ဦးသန်းဦးကတော့ “ဒီဥပဒေက အခုမှ ပေါ်လာတာ။ နိုင်ငံခြားသားတွေအတွက် ရေးဆွဲတာပါပဲ။ နည်းဥပဒေက မထွက်သေးတော့ ဝယ်/ရောင်းဖို့ ခက်တယ်။ ဥပဒေမှာ မရှင်းလင်းတာတွေလည်း ရှိနေတယ်။ ဘယ်လို ဗီဇာရှိတဲ့ နိုင်ငံခြားသားလဲ။ နေထိုင်ခွင့် (PR) ကျပြီးသူမှ ရောင်းရမလား။ စတာတွေ မပါရှိတော့ ခက်တယ်။ ကွန်ဒိုဈေးကွက် ကျင်းပတာလည်း ဒါတွေကြောင့်ပဲ။ နိုင်ငံသား ဝယ်နိုင်ခြေက အရမ်းနည်းတယ်။

မြင့်မိုရ်ဆွေကတော့ “စုပေါင်းပိုင် မြေပိုင်ဆိုတာ တဦးချင်း ဧရိယာအလိုက် ပိုင်တာကို ပြောတာမဟုတ်ဘူး။ အချိုးနဲ့ ကိုင်တွယ်လွှဲပြောင်းပိုင်ခွင့်ကို ဆိုလိုတာ။ ပိုင်ခွင့်လက်မှတ်နဲ့ မြေအဆောက်အအုံ အချိုးသင့် ပိုင်ခွင့်ပဲ ဖြစ်တယ်”လို့ ဆိုပါတယ်။

BOT စနစ်နဲ့ ဆောက်တာတွေဟာ ကွန်ဒို မဟုတ်ဘူး။ BOT နဲ့ ဆောက်တဲ့စနစ်က ကမ္ဘာမှာ မြန်မာ တနိုင်ငံပဲ ရှိတယ်။ အခန်းပဲရောင်းတာ။ နှစ်(၇၀)ပြည့်ရင်မြေက မူရင်းပိုင်ပဲပြန်ရမှာပါ။ ကွန်ဒိုဆိုပြီး  ဝယ်ခဲ့သူ တွေမပိုင်ဘူး။ ဒါကိုဝယ်ယူသူတွေ သိဖို့လိုတယ်။ စုပေါင်းပိုင်အဆောက်အုံကွန်ဒိုမျိုးကမြေကိုပါရှယ်ယာအချိုးနဲ့ ပိုင်ခွင့်ရှိတယ်။ ဒါဆိုရင် စုပေါင်းပိုင်အိမ်ရာဥပဒေ မပေါ်မီက သိန်းပေါင်းထောင်ချီ ပေးဝယ်ထားရသူတွေရဲ့ နစ်နာမှုကို ဘယ်လို ဖြေရှင်းကြမှာပါလဲ။

မကြာမီ တရားမကြောင်းအရ တရားစွဲဆိုမှုတွေ ဖြစ်ပေါ်လာတော့မှာပါ။ BOT နဲ့ ဝယ်ထားတဲ့ ကွန်ဒိုလို့ခေါ်ခဲ့တဲ့ တိုက်ခန်းတွေနဲ့ ပတ်သက်ပြီး ကြိုတင်သတ်မှတ်ချက် အမိန့်တွေ ထုတ်ပြန်ပေးရမှာ ဖြစ်တယ်။

ဒါတွေ ဖြေရှင်းပေးနိုင်ဖို့ နည်းဥပဒေမှာ ထည့်သွင်းရေးဆွဲပေးမလား ဆိုတာလည်း စဉ်းစားစရာပါ။ ဘယ်လိုဗီဇာမျိုးရှိတဲ့ နိုင်ငံခြားသားကို ရောင်းခွင့်ရှိသလဲဆိုတဲ့ တိကျတဲ့ သတ်မှတ်ချက် ထည့်သွင်းပေးရပါမယ်။

သိပ်တင်းလွန်းရင်လည်း ရင်းနှီးမြှုပ်နှံလို့ စိတ်လျော့ပါးသွားတတ်ပါတယ်။ ဒါ့အပြင် ဝယ်ယူခွင့်ရှိသူ နိုင်ငံခြားသားများ ပိုင်ဆိုင်ခွင့်အတွက် ခိုင်လုံတဲ့ အာမခံချက်ပေးဖို့ လိုပါတယ်။

ဒီလို မတင်မကျ၊ သံသယအကြောင်းခံကတော့ အရင့်အရင် အစိုးရ အဆက်ဆက်က မြို့ပြစီမံခန့်ခွဲမှု ညံ့ဖျင်းတာ၊ လူဦးရေ သိပ်သည်းမှု အချိုးအစားနဲ့ မြို့ပြစီမံကိန်းကို မတွက်ချက်နိုင်ခဲ့တာ၊ တွက်ချက်ရကောင်းမှန်း မသိတာတွေ၊ မြေနေရာဦးပြီး အဂတိလိုက်စားမှုတွေ၊ BOT စနစ်နဲ့ စည်းကမ်းမဲ့ ဆောက်ခွင့်ပြုခဲ့တာ၊ စတာတွေအားလုံးကို တပြိုင်တည်း ဖြေရှင်းနိုင်ဖို့ဆိုရင် စုပေါင်းပိုင် အဆောက်အုံဆိုင်ရာ ဥပဒေက လွှမ်းခြုံနိုင်ပါ့မလား ဆိုတာကိုတော့ နည်းဥပဒေရဲ့အဖြေကိုပဲ ကြည့်ရမှာပါ။

အခုထိတော့ စုပေါင်းပိုင် အဆောက်အုံဆိုင်ရာ စဉ်စားချက်တွေကတော့ ထွေပြားနေဆဲသာ ဖြစ်ကြောင်း တင်ပြလိုက်ပါတယ်။

ထွန်းဇော်ဌေး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013