DVB Logo
Home
မြန်မာသတင်း
ရခိုင်ကော်မရှင်အစီရင်ခံစာပါ အချက်အလက်အချို့လွဲမှား လိုအပ်ချက်များရှိနေဟု ကာချုပ်ပြော
DVB
·
August 25, 2017
ရခိုင်ကော်မရှင်အစီရင်ခံစာပါ အချက်အလက်အချို့လွဲမှား လိုအပ်ချက်များရှိနေဟု ကာချုပ်ပြော
Donate to DVB

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ရဲ့ အစီရင်ခံစာပါ အချက်အလက်တချို့ဟာ လွဲမှားလိုအပ်ချက်တွေ ရှိတယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ဥက္ကဋ္ဌ ကိုဖီအာနန်ခေါင်းဆောင်တဲ့အဖွဲ့နဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့ မနေ့က နေပြည်တော်မှာတွေ့ဆုံစဉ် ပြောကြားလိုက်တာလို့ တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။

ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ကော်မရှင်ရဲ့ အကြံပြုချက်တွေဟာ တရားဝင်အစီရင်ခံစာဖြစ်တာကြောင့် အတိုင်းအတာတခုအထိ သက်ရောက်မှု ရှိမှာဖြစ်ကြောင်း၊ ကော်မရှင်အနေနဲ့  အချိန်ကန့်သတ်ချက်၊ သွားလာမှုကန့်သတ်ချက်တွေကြောင့် အကြောင်းအရာ အချက်အလက်ပိုင်းမှာ မပြည့်စုံနိုင်ဟု ယူဆပါကြောင်း၊ ကော်မရှင်ရဲ့အစီရင်ခံစာပါ အချက်အလက်အချို့မှာ လွဲမှားမှု လိုအပ်ချက်များရှိနေကြောင်း”ပြောပါတယ်။

ရခိုင်ပြည်နယ်လုံခြုံရေးနဲ့ ပတ်သက်လို့ ဆွေးနွေးရာမှာ  လက်ရှိအခြေအနေဟာ  လုံခြုံရေးစိတ်ချရမှု မရှိသေးကြောင်း၊ တဖက်နိုင်ငံနယ်စပ်မှာ လက်နက်ကိုင်အဖွဲ့အစည်းအချို့ ရောက်ရှိနေတဲ့ သတင်းတွေရရှိထားကြောင်း၊ မေယုတောင်တန်းမှာလည်း နယ်မြေရှင်းလင်းမှုတွေ မပြီးပြတ်သေးကြောင်းနဲ့ ဒေသခံတွေအတွက် လုံခြုံမှုစိတ်ချရတဲ့အထိ  လုပ်ဆောင်ဖို့လိုကြောင်း ပြောပါတယ်။

ဒါ့အပြင် တပ်မတော်အနေနဲ့ လူသားချင်းစာနာမှုအကူအညီပေးတဲ့ လုပ်ငန်းတွေမှာ ပူးပေါင်းလုပ်ဆောင်နေတယ်။ ဒါပေမယ့် ထောက်ပံ့ရေးပစ္စည်းတွေကို အကြမ်းဖက်သမားတွေရဲ့  စစ်ရေးလေ့ကျင့်ရေးစခန်းတွေမှာ တွေ့ရှိရတာကို စဉ်းစားသုံးသပ်ဖို့လိုတယ်။ ဒုက္ခသည်စခန်းမှာ နေထိုင်စားနပ်ရိက္ခာတွေရယူပြီး တည်ငြိမ်မှုပျက်ပြားအောင် လုပ်ဆောင်နေပါက အကြမ်းဖက်ကူညီသူလို့ သတ်မှတ်ရမယ်။ ဒုက္ခသည်တွေကို ကူညီထောက်ပံ့ဖို့ တာဝန်ရှိသကဲ့သို့ ဒုက္ခသည်တွေကလည်း စိစစ်မှုကိုခံယူဖို့ တာဝန်ရှိတယ်။ ဘင်္ဂါလီတွေအနေနဲ့ စိစစ်ခံဖို့ လက်မခံတာကို အစီရင်ခံစာမှာ ထည့်သွင်းရေးသားဖို့လိုတယ်လို့လည်း တပ်မတော်အကြီး အကဲက မစ္စတာ ကိုဖီအာနန်ကို ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

အကြံပေးကော်မရှင် အဖွဲ့ခေါင်းဆောင် မစ္စတာ ကိုဖီအာနန်ကတော့ ကော်မရှင်အနေနဲ့ အစီရင်ခံစာမထုတ်ပြန်မီ တပ်မတော်ဘက်မှ အကြံပြုချက်တချို့ကို  အစီရင်ခံစာမှာ ပြင်ဆင်ရေးသားခဲ့တဲ့အကြောင်း၊ ကော်မရှင်ရဲ့ အပြီးသတ် အစီရင်ခံစာထုတ်ပြန်ပြီးဖြစ်လို့ ယခုတပ်မတော်မှ ဆွေးနွေးအကြံပြုမှုများအားလုံးကို ပြင်ဆင်ဖို့ အခက်အခဲရှိတဲ့အကြောင်းနဲ့ အကြံပြုချက်တွေကို ပြန်လည်လေ့လာပြီး လိုအပ်ပါက အချက်အလက်မှားယွင်းမှုတချို့ကို ပြင်ဆင်ချက်ထုတ်ပြန်ပေးမယ်လို့ ပြောကြားခဲ့တဲ့အကြောင်း တပ်မတော် သတင်းထုတ်ပြန် ချက်မှာ ရေးပါတယ်။

ကော်မရှင်ရဲ့အစီရင်ခံစာမှာ ရခိုင်ပြည်နယ် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရေး၊ ရင်းနှီးမြှုပ်နှံမှု အားပေးမြှင့်တင်ရေး၊ အခြေခံဝန်ဆောင်မှုများရရှိရေး ကိစ္စရပ်တွေအပြင် နိုင်ငံသားစိစစ်ရေးကိစ္စ၊ နယ်စပ်လုံခြုံရေး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး၊ ပြည်တွင်းပြည်ပ သတင်းမီဒီယာတွေနဲ့ လူသားချင်းစာနာရေး အကူအညီပေးတဲ့ အဖွဲ့တွေကို ရခိုင်ပြည်နယ်ကို သွားလာခွင့်ပေးရေး ကိစ္စတွေ အစိုးရကို အကြံပြု တိုက်တွန်းထားပါတယ်။

ဓာတ်ပုံ-seniorgeneralminaunghlaing

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013