DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်းတွင် ဆီဈေးကြီးပြီး အကန့်အသတ်ရှိနေသဖြင့် ရေဘေးကယ်ဆယ်ရေး နှောင့်နှေး 
မောရစ်
·
August 20, 2026
Photo: Kyaw Kyaw Lin
Photo: Kyaw Kyaw Lin
Donate to DVB

ဧရာဝတီတိုင်းထဲက ရေဘေးဒဏ်ခံနေရတဲ့မြို့နယ်တွေမှာ စက်သုံးဆီတွေကို ထောက်ခံစာပါမှ ဝယ်ယူခွင့်ရတဲ့အပြင် ဆီဈေးတွေကလည်း ၃ ဆနီးပါးအထိ ထိုးတက်လာနေလို့ ကူညီကယ်ဆယ်ရေးပိုင်းတွေမှာ နှောင့်နှေးမှုတွေနဲ့ ကြုံနေရပါတယ်။ 

ဧရာဝတီတိုင်းထဲက ရေဘေးဒဏ်ကို ရင်ဆိုင်နေရတဲ့ လေးမျက်နှာ၊ ရေကြည်၊ သာပေါင်းနဲ့ ဟင်္သာတ စတဲ့ မြို့နယ်တွေမှာ စက်သုံးဆီ ဝယ်ရင် ထောက်ခံစာပါမှ ရောင်းချပေးနေတဲ့အတွက် ဒေသခံတွေနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေဟာ စက်သုံးဆီဝယ်ယူဖို့ အခက်အခဲတွေ ရှိနေပါတယ်။ 

အာဏာပိုင်တွေရဲ့ အသင်းအဖွဲ့ထောက်ခံစာနဲ့ ဝယ်ယူမဲ့ပမာဏ စာရင်းဇယား တောင်းဆိုမှုတွေကြောင့် ဓာတ်ဆီရဖို့ ကြန့်ကြာနေတဲ့အပိုင်းတွေရှိတယ်လို့ အိုင်သပြုဘက် ကယ်ဆယ်ရေးဝင်နေတဲ့သူတွေက DVB ကို ပြောပါတယ်။ 

လက်ရှိမှာတော့ ဓာတ်ဆီကို ရန်ကုန်နဲ့ တခြားမြို့တွေကနေ ဆီတပုံးစီ သယ်လာတဲ့စနစ်နဲ့ လည်ပတ်နေရပြီး လိုသလောက်ဝယ်လို့မရတဲ့အတွက် ရေဘေးရှောင်တွေကို ပို့ပေးနေတဲ့ ကယ်ဆယ်ရေးကားတွေမှာ ဆီပြတ်ခါနီးပြီလို့ ဆက်ရှင်းပြကြပါတယ်။

ကယ်ဆယ်ရေးသမားတယောက်က “လိုသလောက်ဝယ်လို့မရဘူး။ ကျနော်တို့ကိုလည်း သူတို့က စာရင်းတွေတောင်းတယ်။ အသင်းအဖွဲ့ ထောက်ခံစာတို့ ဘာတို့ညာတို့ အဲ့ဒါတွေတောင်းတယ်။ ကျနော်တို့က အရေးပေါ်အရ အဲဒီလိုထောက်ခံစာတွေ လုပ်လို့မရလာဘူးလေ။ အဲဒီလို အခက်အခဲတော့ရှိတယ်။ အခု ကားတွေ၊ ကျနော်တို့ကားတွေဆိုရင် ဆီက မရှိတော့ဘူး။ ကျနော်တို့ဆိုရင် Courier လုပ်နေရတဲ့သူတွေ၊ ရေဘေးရှောင်ပြည်သူတွေကို လုပ်လိုက်၊ အလှူရှင်တွေကို လိုက်ပို့လိုက်၊ ပစည်းတွေသယ်လိုက်နဲ့ ကားတွေမှာလည်း မရှိသလောက်ကို ခက်ခဲနေကြပြီ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းက စက်သုံးဆီတလီတာကို ကျပ် ၅,၀၀၀ ကနေ အမြင့်ဆုံး ကျပ် ၆,၅၀၀ ဝန်းကျင်သာ ရှိခဲ့ပေမဲ့ လက်ရှိရေဘေးမှာ တလီတာကို ကျပ် ၁၂,၀၀၀ ကနေ ၁၅,၀၀၀ အထိ ဈေးနှုန်းထိုးတက်သွားတာလို့ ဒေသခံတွေက ဆိုပါတယ်။ 

ဒါ့အပြင် ဆီကို လိုသလောက် ဝယ်မရတဲ့အပြင် လိုအပ်ချက်ကြောင့် နှစ်ကြိမ် ဝယ်ယူမိပါက စစ်ဆေးခံနေရတဲ့အတွက် ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ အဓိက ကြန့်ကြာမှုတွေ ဖြစ်ပေါ်နေရပါတယ်။ 

လက်ရှိရေဘေးမှာ ဓာတ်ဆီဝယ်ရင် ကြုံရတဲ့အခက်အခဲကို  ရေဘေးသင့်ပြည်သူတယောက်က “ဘယ်ဆိုင်ဝယ်ဝယ် ၁၃,၀၀၀ နဲ့ ၁၅,၀၀၀ ကြားမှာပဲ။ အကျကိုမရှိတာ။ စက်လှေရှိရင်တောင် ဆီဝယ်မရတာနဲ့ ဆီဖိုး မတတ်နိုင်တာနဲ့ဆိုတော့ လှေဆိပ်နဲ့ နီးတဲ့နေရာတွေလောက်ပဲ အသွားအပြန်လုပ်နိုင်တယ်။ ဒါကြောင့် ဝေးတဲ့ဘက်တွေကို အကူအညီတွေမရောက်တာ” လို့ ပြောပါတယ်။

လေးမျက်နှာမြို့နယ်အတွင်းမှာ ပြီးခဲ့တဲ့ ၃၁ ရက်ကစပြီး ရက် ၂၀ ကျော်တဲ့အထိ ရေမျက်နှာပြင် ဆက်မြင့်တက်နေတာဖြစ်ပြီး ရေလွှမ်းဧရိယာကလည်း ပိုကျယ်လာနေပါတယ်။ 

လေးမျက်နှာနဲ့ ဆက်စပ်နေတဲ့ မြို့နယ် ၁၀ ခုကို ရေဆက်ဝင်နေပြီး ငါးသိုင်းချောင်းမြို့နယ် တမြို့နယ်လုံးကတော့ ရေမြုပ်သွားပြီလို့ လက်ရှိအခြေအနေတွေကို ကယ်ဆယ်ရေးသမားတွေက ဆက်ရှင်းပြပါတယ်။ 

အိုင်သပြုဘက်တွေမှာ ရေစီးကြမ်းနေတဲ့အတွက် စက်လှေမောင်းမရတော့ဘဲ ကြိုးတန်းနဲ့ သွားပြီးကယ်ဆယ်ရေးစခန်းတွေကို ရိက္ခာပို့ဖို့ ခက်ခဲနေတဲ့အခြေအနေထိ ရင်ဆိုင်နေကြတာပါ။

ကယ်ဆယ်ရေးသမားတယောက်က “ရေစီးကြမ်းတဲ့ဥစ္စာက လုံးဝ ကျနော်တို့ စက်လှေမောင်းလို့မရအောင် ကြမ်းတယ်။ ကျနော်တို့ ကယ်ဆယ်ရေးသွားမယ်ဆိုရင် ကြိုးတန်းတွေနဲ့ သွားရမယ့် ပုံစံမျိုးရှိတယ်။ ပြောရမယ်ဆိုရင် လုံးဝ Safe မဖြစ်ဘူးပေါ့နော်။ ရေစီးကြမ်းတဲ့ပုံစံမျိုးက အသက်အန္တရာယ်အထိတောင် ဒုက္ခရောက်နိုင်တဲ့ အနေအထားရှိပြီးတော့ ကျနော်တို့ ကယ်ဆယ်ရေးလုပ်တဲ့ အချိန်မှာဆိုရင် ပိုပြီးတော့ ခက်ခဲပါတယ်။ အိုင်သပြုဘက်မှာရှိတဲ့ ကယ်ဆယ်ရေးစခန်းတွေ ဆိုရင်လည်း စားသောက်ကုန်လေးတွေ အခက်အခဲဖြစ်လာနေပြီ” လို့ ပြောပါတယ်။

ဒေသခံအများအပြားဟာ အိမ်တွေ လက်ရှိ  ရေမြုပ်နေပေမဲ့ သူခိုးရန်ကြောင့် ကိုယ့်အိမ်မှာကို စင်ထိုးပြီးနေနေတဲ့သူတွေ ကျန်နေသေးသလို ရထားကုန်း ရေကာတာကုန်းတွေမှာ ပိတ်မိနေတဲ့သူတွေ ရှိနေသေးတယ်လို့ သိရပါတယ်။ 

ရေထပ်တိုးလာပါက အဲဒီဒေသခံတွေအတွက် အသက်အန္တရာယ်နဲ့ စားနပ်ရိက္ခာပိုင်းတွေမှာ စိုးရိမ်ရတဲ့ အနေအထားရှိတဲ့အတွက် ကယ်ဆယ်ရေးအဖွဲ့တွေဟာ တကျော့ပြန် ကယ်ဆယ်ရေးအတွက် ထပ်မံပြင်ဆင်နေကြတယ်လို့ သိရပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013