DVB Logo
Home
Lead Story
ဒီစီဒီပြားကြီးဟာ မှန်ကန်ပါတယ်လို့ ဘယ်လိုမှ မှတ်ယူလို့မရဘူး - ရှေ့နေ ဦးမောင်မောင်ဝင်း
DVB
·
August 24, 2017
ဒီစီဒီပြားကြီးဟာ မှန်ကန်ပါတယ်လို့ ဘယ်လိုမှ မှတ်ယူလို့မရဘူး - ရှေ့နေ ဦးမောင်မောင်ဝင်း
Donate to DVB

သီပေါအကျဉ်းထောင်မှာ မတရားအသင်းအက်ဥပဒေ ပုဒ်မ ၁၇(၁) နဲ့ ဖမ်းဆီး တရားစွဲခံနေရတဲ့ ဒီဗွီဘီနဲ့ ဧရာဝတီသတင်းထောက်တွေရဲ့ အမှုနဲ့ ပတ်သက်လို့ သြဂုတ် ၂၅ ရက်နေ့ သီပေါတရားရုံးမှာ ဆက်လက်စစ်ဆေးဖို့ ရှိနေပါတယ်။

ဒီတကြိမ်ရုံးချိန်းမှာ အမှုအတွက် အရေးပါတဲ့ သက်သေခံအချက်အလက်တွေကို တရားလိုက  ဖျက်ဆီးပြီး မိတ္တူအဖြစ်သာ တင်သွင်းတဲ့ကိစ္စနဲ့ ပတ်သက်လို့ တရားရုံးက ဆုံးဖြတ်ချက်ပေးဖို့ ရှိပါတယ်။ အမှုအလားအလာနဲ့ ပတ်သက်လို့ စွပ်စွဲခံရသူတွေဘက်က လိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဦးမောင်မောင်ဝင်းကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။

မေး - ပြီးခဲ့တဲ့ရုံးချိန်းမှာ သက်သေခံပစ္စည်းနဲ့ ပတ်သက်ပြီးတော့ ထွက်ဆိုရာမှာ သတင်းသမားတွေရဲ့ ဖုန်းတွေ၊ ကင်မရာတွေမှာပါတဲ့ သက်သေအချက်အလက်အားလုံးကို ဖျက်ပစ်တယ်။ ဖျက်ပြီးတော့ သက်သေအဖြစ် တရားရုံးကို တင်တဲ့နေရာမှာ စီဒီချပ်ထဲမှာ အကုန်ရောပြီးတော့ အဲလို သက်သေတင်တဲ့ တရားရုံးဖြစ်စဉ်ကို ဆရာအရင်ဆုံးပြောပြပေးပါရှင်။

ဖြေ - ဆရာတို့ စွပ်စွဲခံရတဲ့ အကျိုးဆောင်များအနေနဲ့လည်း တရားရုံးရဲ့ သဟာရအဖြစ်နဲ့ပေါ့နော်၊ တရားရုံးကို ဥပဒေအတိုင်းဖြစ်ဖို့အတွက် ကူညီပြီးတော့ ဆောင်ရွက်ဖို့ တာဝန်ရှိပါတယ်။ အဲတော့ တင်လာတဲ့ သက်သေခံ စီဒီပေါ့နော်၊ စီဒီပြားကတော့ စွပ်စွဲခံရတဲ့လူဆီက သိမ်းထားတာ မဟုတ်ဘူး။ သူ့ရဲ့အပြောအရဆိုရင် ဒီစွပ်စွဲခံရတဲ့ လူတွေက ကင်မရာတွေ၊ ဖုန်းတွေ၊ ရီကော်ဒါတွေကနေ ပြန်ကူးပြီးတော့ စီဒီထဲမှာ ထည့်ထားတယ်လို့တော့ ပြောတယ်။ ဥပဒေအရ ပြောရမယ်ဆိုရင်တော့ ဒါဟာ သက်သေခံအဖြစ်နဲ့ လက်ခံမယ်ဆိုရင် ဒါ ဒုတိယအဆင့် သက်သေခံချက်ပေါ့နော်။ ဒုတိယအဆင့် သက်သေခံချက်ဖြစ်တဲ့အတွက် မူရင်း သက်သေခံချက်နဲ့ သက်ဆိုင်စစ်ဆေးခြင်း မရှိဘဲနဲ့ ဒါ သက်သေခံအဖြစ်နဲ့ လက်ခံလို့မရဘူး။ ဒါ သက်သေခံဥပဒေအရ ပြဋ္ဌာန်းထားပြီးသား။

ဒါကြောင့်မို့လို့ ဆရာတို့ဘက်က ဒီဟာကို ကန့်ကွက်ခဲ့တယ်။ ကန့်ကွက်ပြီးတော့ Electronic Evidence ဖြစ်တယ်။ နောက်ပိုင်း ဒီဘက်ခေတ်တွေကျမှ သက်သေခံတွေဟာ ဒီလို အသံဖိုင်တို့၊ ရုပ်ဖိုင်တို့ဆိုတာ ဒီဘက်ခေတ်ကျမှ လက်ခံရတော့ သက်သေခံဥပဒေက တော်တော်လေး ခိုင်မာဖို့အတွက် အသစ်ပြဋ္ဌာန်းထားတဲ့ ဟာလေးပါတယ်။ ပါတော့ ဒါကို မနက်ဖြန်ခါကျတော့ လျှောက်လဲချက်ပေးမယ်။ လျှောက်လဲချက်ထဲမှာ ဘာတွေပါလဲလို့ အကျဉ်းချုပ်ပြောရင် အဓိကကတော့ Electronic Evidence ဆိုတာ အများကြီး Make Up လုပ်လို့ရတယ်။ ဖြည့်လို့ရတယ်၊ ဖျက်လို့ရတယ်၊ ဒါကို ပြင်လို့တယ်၊ နောက် ရုပ်တွေပြောင်းလို့ရတယ်။ အဲတော့ ဒီစွပ်စွဲခံရသူထံက သိမ်းဆည်းထားတဲ့ စီဒီမဟုတ်ဘူး။ ဒီဟာတွေဟာ ပြန်ကူးပါတယ်လို့ ပြောရင် ပြန်ကူးတဲ့ဟာ မှန်ကန်တယ်ဆိုလို့ရှိရင်တော့ ဒီစီဒီက လက်ခံလို့ရတယ်။ မှန်ကန်ကြောင်း သက်သေပြဖို့အတွက်ကတော့ သူတို့က မူရင်းဟာတွေကိုတော့ ပြဖို့လိုတယ်။ မူရင်းကဟာတွေ ဖျက်ပစ်လိုက်ပြီဆိုတော့ ဒါဟာ မူရင်း သက်သေခံချက်သည် မရှိတော့ဘူး။

မူရင်းသက်သေခံချက် မရှိတော့ဘဲနဲ့ ဒုတိယ သက်သေခံချက်သည် ဒီဟာကိုကူးတဲ့ ဗိုလ်ကြီးလုပ်တဲ့ပုဂ္ဂိုလ်ဟာ ဘာတွေ ဖြည့်စွက်ထားလဲ၊ ဘာတွေလုပ်ထားလဲဆိုတော လုံးဝ မသိနိုင်ဘူး။ အဲတော့ ဒီအချက်က ဒုတိယ သက်သေခံချက်သည် မှန်ကန်ကြောင်း သက်သေထင်ရှား ပြမှသာလျှင် ဒုတိယ သက်သေခံချက်က  မူရင်းနဲ့ တိုက်ဆိုင်စစ်ဆေးမှ လက်ခံနိုင်တဲ့အတွက် ဒါဟာ ဥပဒေအရ ဘယ်လိုမှ လက်ခံလို့မဖြစ်တဲ့ကိစ္စ။

နောက် တရားရုံးက ပြောတာ လေးချက်က ဘာလဲဆိုရင် ဒီစီဒီကို ဖွင့်ပြမယ်တဲ့ အများရှေ့မှာ၊ အများရှေ့မှ ဖွင့်ပြတာလေ ဒုတိယသက်သေခံချက်ဖြစ်။ ဒီစီဒီဟာ မူရင်း စစ်ဆေးခံရတဲ့လူတွေ ရိုက်ထားတယ်ဆိုတဲ့ သက်သေသည် မဖြစ်တော့ဘူး။ သက်သေသည် အဲဒီဟာက ချိုးဖောက်ပစ်လိုက်ပြီ။ ဖျောက်ဖျက်တဲ့အခါ ဘယ်သူက ဖျောက်ဖျက်တာလဲဆိုပြီး မေးရင်လည်းပဲ တရားလိုရဲ့ ထွက်ချက်အရရော အခုက ဗိုလ်မှူးရဲ့ ထွက်ချက်အရရော သူတို့က ဖျက်ဆီးလိုက်တယ်လို့ ပြောတယ်။ အဲတော့  ဖျက်ဆီးတဲ့ အကြောင်းတရားသည် ဘာကြောင့်ဖျက်ဆီးလဲ ဆိုတာတော့ သူတို့ဘက်က ပြောဖို့တော့လိုပါတယ်။

ဒီထဲမှာ Personal Data တွေလည်း ပါပါတယ်။ Handphone ထဲမှာ Personal Data တွေလည်း ပါပါတယ်။ ဒါကြောင့် ဆရာတို့ဘက်က အဓိကပြောမယ့်အချက်သည် ဘာလဲ၊ ဒါဟာ ဒုတိယသက်သေခံချက်ဖြစ်သည်။ ဒုတိယသက်သေခံချက်သည် မူရင်းသက်သေခံချက်နဲ့ ထင်ရှားကြောင်း မပြနိုင်ဘဲနဲ့တော့ ရုံးတော်က ဒီလိုတင်တိုင်း လက်ခံနေမယ်ဆိုရင်တော့ ဒါ တရားဥပဒေစိုးမိုးရေးနဲ့ ဥပဒေအတိုင်း တည့်မတ်စွာ တရားစီရင်ရေး အပိုင်းလေးကိုတော့ ဆရာတို့ဘက်က ထောက်ပြတဲ့သဘောပါပဲ။

မေး - ပထမ မူရင်းသက်သေခံချက်ဖြစ်တဲ့ Personal Data တွေလည်းပါတယ်။ ဖုန်းတွေ၊ ကင်မရာတွေ ဒီတရားခွင်မှာ ထပ်ပြီး ထုတ်မပြနိုင်ရင် ဒီအမှုဖြစ်စဉ်က ဘယ်လိုဖြစ်သွားနိုင်လဲ။

ဖြေ - အမှုဖြစ်စဉ်ကတော့ ဆိုလိုတဲ့သဘောက သူတို့စွပ်စွဲတာက ဒီဟာတွေကို သတင်းသွားယူပါတယ်လို့ စွပ်စွဲတယ်။ သတင်းသွားယူလာတဲ့ဟာမှာ ရိုက်ကူးလာတဲ့ ဓာတ်ပုံတွေ၊ ဖမ်းလာတဲ့အသံတွေ၊ ရုပ်သံတွေပေါ့။ ဒါတွေဟာ ခိုင်ခိုင်မာမာ မပြနိုင်ဘူးဆိုရင်တော့ သူတို့ဘက်က သက်သေခိုင်မာပြရာ အားနည်းသွားပြီပေါ့နော်။ အားနည်းသွားတဲ့အတွက် ဒီအမှုရဲ့ တည်ဆောက်မှုပေါ်မှာတော့ ဒါ ထက်ဝက်လောက်ကို အားပျော့သွားတဲ့သဘော ဖြစ်တာပါ့။

မေး - အခုတင်ပြထားတဲ့ ဒုတိယ သက်သေခံချက်ကို လက်မခံခြင်း၊ ခံခြင်းနဲ့ မနက်ဖြန် တရားခွင်အခြေအနေကိုရော၊ တရားရုံးရဲ့ ဆုံးဖြတ်မှုကိုရော တရားရင်ဆိုင်နေရတဲ့ ပုဂ္ဂိုလ်တွေက ဘယ်လို သုံးသပ်မျှော်လင့်ထားလဲ။

ဖြေ - တရားရုံးရဲ့ ဆုံးဖြတ်ချက်ကိုတော့ အန်ကယ်တို့က သိပ်ပြီး ဘာမှတော့ ပြောလို့တော့မရဘူးပေါ့နော်။ သူ့ရဲ့သုံးသပ်ချက်နဲ့ သူ့ရဲ့ထင်မြင်ချက်အရ ဆုံးဖြတ်မယ့် သဘောပေါ့။ ဒီအပေါ်မှာတော့ တကယ်လို့သာ ဒီလို မူလသက်သေခံချက်တွေကို ဖျောက်ဖျက်တာကလည်း သူတို့ပဲ ဖျောက်ဖျက်တာ။ ဒါက မိမိရဲ့လက်ဝယ်မှာ မရှိလို့၊ မိမိရဲ့ ထိန်းသိမ်းမှုအောက်မှာ မရှိလို့ မူလသက်သေခံချက်ကို မပြနိုင်ဘူးဆိုရင်တော့ တရားရုံးက ခွင့်လွှတ်နိုင်သေးတာပေါ့။ ဒါ ဥပဒေအရ ခွင့်လွှတ်နိုင်တာပေါ့။ အခုဟာက ဒီ မူရင်းသက်သေခံချက်တွေကို ဖျောက်ဖျက်ပြီးမှ ဒီစီဒီပြားကြီး တင်လာတာဟာ ဒီစီဒီပြားကြီးရဲ့ဟာ မှန်ကန်ပါတယ်လို့တော့ ဘယ်လိုမှကို မှတ်ယူလို့မရပါဘူး။ ဒီအပေါ်မှာလည်းပဲ ခိုင်မာတဲ့ သက်သေခံချက်အဖြစ်နဲ့ သုံးသပ်လို့မရပါဘူး။ သို့သော် တရားရုံးရဲ့ ဆုံးဖြတ်ချက်ကိုတော့ ကျနော်တို့က စောင့်ပြီးတော့ နာခံရမယ့်သဘောပေါ့။ နောက်တချက်ကတော့ သူ ဒီဟာကို လျှောက်လဲချက်ကြားနာမယ်။ ကြားနာပြီးလို့ရှိရင်တော့ အမိန့်ချမယ်။ အမိန့်ချပြီးလို့ရှိရင်တော့ ခုနက စစ်ဆေးလက်စ ဗိုလ်မှူးကို ကျနော်တို့က ဆက်စစ်မယ်။ နောက်ထပ် သက်သေလာရင်လည်း ဆက်စစ်မယ်။ ကျနော်တို့ဘက်က ဒါ အမိန့်ချရင်လည်း ကျနော်တို့ ဒီအမိန့်ကို နာခံဖို့ပါပဲ။ နောက်ပြီးတော့ ဆက်စစ်မယ်ဆိုရင်လည်း ကျနော်တို့ဘက်က ဆက်စစ်ဖို့အတွက် အဆင်သင့်ပါပဲ။ ဒါ ဒီအမှုကို မြန်ဖို့အတွက်ကတော့ ကျနော်တို့လည်း လိုလားပါတယ်။

မေး - နောက်ဆုံးအနေနဲ့ ဒီ ပုဒ်မ ၁၇(၁) နဲ့ တရားစွဲဆိုခံရတဲ့ သတင်းသမားတွေနဲ့ ပတ်သက်ပြီးတော့ သက်သေခံပစ္စည်း စစ်ဆေးတဲ့နေရာတွေမှာကော၊ ဒီအမှုဖြစ်စဉ် တောက်လျှောက်ကို ဆရာ ဘယ်လိုသုံးသပ်မိလဲ။

ဖြေ - အခု ဒီမှာ တချက်ကလေးတွေ့တာက ဥပဒေနှစ်ခု ရှိပါတယ်။ သတင်းမီဒီယာဥပဒေ၊  နောက်တခုကတော့ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်ခွင့်နဲ့ ပုဂ္ဂိုလ်ဆိုင်ရာ အန္တရာယ်ကို တားဆီးကာကွယ်ဖို့ ဥပဒေ၊ မကြာသေးခင်ကမှ ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေပါ။ ဒီဥပဒေပြဋ္ဌာန်းချက်တွေအရ ကြည့်မယ်ဆိုရင်တော့ နံပါတ် ၁ အချက်ကတော့ မီဒီယာဥပဒေအရ သတင်းသမားဟာ သတင်းရယူပိုင်ခွင့်ရှိတယ်။ စစ်မက်ဖြစ်ပွားတဲ့နေရာကိုလည်း သွားယူလို့ရတယ်။ အဓိကရုဏ်းဖြစ်တဲ့ နေရာတွေလည်း သွားယူလို့ရတယ်။ ဆန္ဒပြတဲ့နေရာတွေလည်း သွားယူလို့တယ်။ သတင်းသွားယူတဲ့အခါမှာ မီဒီယာဥပဒေပုဒ်မ ၅(က) အရဆိုရင်တော့ ဒါ လုံခြုံရေးတပ်ဖွဲ့တွေက ဒါတွေကို သူတို့ဖမ်းဆီးလို့ မရပါဘူး။

ဒီပစ္စည်းတွေကို သိမ်းလို့မရဘူး၊ ဖျက်ဆီးလို့မရဘူး။ မကြာခင်က ပြဋ္ဌာန်းထားတဲ့ ပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေအရ ကြည့်မယ်ဆိုရင်လည်းပဲ ဒါ ပုဂ္ဂလိက ရွှေ့ပြောင်းနိုင်တဲ့ပစ္စည်း၊ မရွှေ့ပြောင်းနိုင်တဲ့ပစ္စည်းကို ဒီလို ဥပဒေမဲ့ အကြောင်းခိုင်လုံမှု မရှိဘဲနဲ့ ဖျက်ဆီးတာတို့၊ ဘာတို့ဆိုတာလည်းပဲ ဒီမှာလည်း ဥပေဒတားမြစ်ချက်တွေရှိတော့ ဆရာတို့ဘက်က တရားဥပဒေစိုးမိုးရေး ရှုထောင့်ကနေပြီးတော့ ရုံးသဟာရအဖြစ်နဲ့ကတော့ လုပ်လာတဲ့ပေါ်မှာ ကန့်ကွက်စရာရှိရင်တော့ ကန့်ကွက်ရမှာပဲ။ ပြောစရာရှိရင်တော့ ပြောရမယ့်သဘောပါပဲ။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013