ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ဥက္ကာပျံရပ်ကွက်မှာ ရှိတဲ့ သောက်ရေကန်မှာ အမျိုးသမီးတဦး အလောင်းတလောင်းကို သြဂုတ်၂၄ ရက်နေ့ မနက်ပိုင်း ၁၀ နာရီဝန်းကျင်မှာ တွေ့ရှိခဲ့ပါတယ်။
သေဆုံးသူဟာ ရပ်ကွက်ထဲမှာ ပျောက်ဆုံးနေတာ ၂ ရက်လောက်ရှိပြီး အလောင်းကို ဥက္ကာပျံရပ်ကွက် ဘောလုံးကွင်းအနီး၊ ဆည်းမြောင်းရုံးအနောက်ဘက်မှာရှိတဲ့ ရေကန်မှာ တွေ့ရှိခဲ့တယ်လို့ မင်းပြားမြို့ရဲစခန်းက နယ်ထိန်းခေါင်းဆောင် ကိုညီညီက ပြောပါတယ်။
“အမျိုးသမီးပျောက်နေတာ နှစ်ရက်လောက်ရှိပြီဗျ။ ဒီကနေ့ မနက်ပိုင်းက သောက်ရေကန်မှာ အလောင်းကိုတွေ့တာ။ ပထမတော့ အိမ်ကသူကို ပတ်ဝန်းကျင်မှာ လိုက်ရှာလည်း မတွေ့ဘူး။ အမျိုးသမီးက ရပ်ကွက်တွေမှာ လျှောက်သွားနေတာ၊ အမျိုးသမီးက စိတ်မနှံ့ဘူးလေ။ အဲ့ဒီလို ရပ်ကွက်မှာ လည်ပြီးတော့ သွားနေတာပဲ။ ဒီကနေ့ မနက်ကပဲ အလောင်းက ရေကန်ထဲမှာ ပေါ်လို့ တွေ့ပါတယ်” လို့ ဒီဗွီဘီကိုပြောပါတယ်။
သေဆုံးသူမှာ မဦးသန်းမေ (အသက် ၃၃ နှစ်) ဥက္ကာပျံရပ်ကွက်က ဖြစ်ပြီး အဲ့ဒီအမျိုးသမီး သေဆုံးမှုနဲ့ပတ်သတ်လို့ သေမှုသေခင်းအမှတ်စဉ် ၁၉/၂၀၁၇ နဲ့ ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်မဟုတ် စုံစမ်းစစ်ဆေးနေတယ်လို့ မင်းပြားမြို့မရဲစခန်းက ပြောပါတယ်။
သတင်း - ဝဏ္ဏခွာညို











