မလေးရှားနဲ့ မြန်မာ ဆီးဂိမ်းစ်ဘောလုံးပွဲစဉ်အပြီး ကွင်းအပြင်မှာ ကိုယ်ထိလက်ရောက် တိုက်ခိုက်ခံရလို့ ဆေးရုံတက်ရောက် ကုသမှုခံယူခဲ့ရတဲ့ မြန်မာပရိသတ်တွေကို မြန်မာဘောလုံးအဖွဲ့ချုပ်က သွားရောက်တွေ့ဆုံ ဆေးကုသစရိတ်ပေးအပ်ခဲ့ပါတယ်။
မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌကိုယ်စား မြန်မာယူ-၂၂ အသင်းမန်နေဂျာ ဦးသန်းတိုးအောင်နဲ့အဖွဲ့၊ မြန်မာသံရုံးမှ ပထမအတွင်းဝန် ဦးသက်ဇော်တိုးနဲ့အဖွဲ့၊ နှလုံးလှ ပရဟိတအသင်းမှ ဦးဆောင်သူတွေက မနေ့က မွန်းလွဲပိုင်းမှာ သွားရောက်တွေ့ဆုံပြီး နှစ်သိမ့် အားပေးစကား ပြောကြားခဲ့ကြပါတယ်။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်က ဒဏ်ရာပြင်းထန်စွာ ရရှိထားတဲ့ ကိုမောင်မျိုးနဲ့ ကိုမင်းစိုးတို့ အပါအဝင် ဒဏ်ရာရရှိခဲ့သူတွေအတွက် ဆေးကုသစရိတ် စုစုပေါင်း မလေးရှား ရင်းဂစ်ငွေ ၁၂၇၈၀ ကို ဦးသန်းတိုးအောင်မှတဆင့် ကာယကံရှင်တွေကို ပေးအပ်ခဲ့ပါတယ်။
သြဂုတ် ၂၁ ရက်ညက အိမ်ရှင်မလေးရှားအသင်းက မြန်မာအသင်းကို ၃ ဂိုး ၁ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ဆီးဂိမ်းစ် ဘောလုံးပွဲစဉ်အပြီးမှာ အိမ်ပြန်ကြမယ့် မြန်မာပွဲကြည့်ပရိသတ်တွေ တိုက်ခိုက်ခံရလို့ ဒဏ်ရာရရှိသွားခဲ့ကြတာ ဖြစ်ပါတယ်။











