DVB Logo
Home
မြန်မာသတင်း
အိန္ဒိယပဲအ၀ယ်ကန့်သတ်မှုကြောင့် မြန်မာ့ပဲဈေးကွက်မတည်မငြိမ်ဖြစ်နေ
DVB
·
August 23, 2017
အိန္ဒိယပဲအ၀ယ်ကန့်သတ်မှုကြောင့် မြန်မာ့ပဲဈေးကွက်မတည်မငြိမ်ဖြစ်နေ
Donate to DVB

 

အိန္ဒိယက ပြည်ပကနေ ပဲဝယ်ယူတင်သွင်းမှု ကန့်သတ်လိုက်ပြီး မတ်ပဲနဲ့ ပဲတီစိမ်းတန်ချိန် ၃ သိန်းဘဲ ပြည်ပက ၀ယ်ယူမယ်လို့ သတင်းထွက်ပေါ်တဲ့အတွက် မြန်မာနိုင်ငံ ပဲအရောင်းအ၀ယ် လောကမှာ အကြီးအကျယ် ဂယက် ရိုက်ခတ်နေပါတယ်။

ပဲစင်းငုံကိုလည်းလွန်ခဲ့တဲ့ တပတ်လောက်က အိန္ဒိယက ပါမစ်ပိတ်လိုက်တဲ့အတွက် ပဲဈေးကွက်ဟာ လွန်ခဲ့တဲ့ တပတ်လောက်ကတည်း လှုပ်ခတ်နေတာဖြစ်ပါတယ်။ ဒီလို အခြေအနေမှာ တရုတ်ဝယ်လက်တွေက မြန်မာ ပဲတီစိမ်းကို ဈေးနှိမ်ဝယ်ယူမှုတွေ ရှိနေပါတယ်။

လတ်တလော အခြေအနေတွေကြောင့် ပဲလောကမှာ ငွေကြေးအရှုပ်အရှင်းတွေဖြစ်ခဲ့ပြီး လိမ်လည်ထွက်ပြေးမှုတွေရှိခဲ့တယ်လို့ အောင်လံ ကုန်သည်အသင်း ဥက္ကဋ္ဌက ဒီဗွီဘီကို ပြောပါတယ်။

ဘုရင့်နောင်ကုန်စည်ဒိုင်၊ ပခုက္ကူကုန်စည်ဒိုင် စတဲ့ ကုန်စည်ဒိုင်တွေမှာ ပဲဈေးကွက်ပိတ်လိုက်တဲ့ အခြေအနေထိဖြစ်နေပြီး မုံရွာကုန်စည်ဒိုင်မှာတော့ အရောင်းအဝယ် ရှိနေဆဲဖြစ်ပါတယ်။

မုံရွာကုန်စည်ဒိုင် ဒုဥက္ကဋ္ဌ ဦးဇော်မိုးက "အဓိကကတော့ဗျာ ကျွန်တော်တို့ကုန်စည်ဒိုင်ကို ပဲမျိုးစုံနဲ့ နှမ်းအဓိကဝင်တယ်။ ကျွန်တော်တို့က ဈေးကွက်ပိတ်လိုက်ရင် ပွဲစားတွေတင်မကဘူး။ တောင်သူတွေပါ နစ်နာမှာ။ ဒါကြောင့် ဈေးကွက်ကို ဖွင့်ထားဆဲဖြစ်ပါတယ်။ ပဲအိတ်စပို့ပျက်တာက ရိုက်ခတ်မှုတွေတော့ အများကြီးရှိပါတယ်” လို့ ဒီဗွီဘီကိုပြောပါတယ်။

ဒီနေ့မှာ ပဲစင်းငုံ တင်း ၁၅၀၀ လောက်အရောင်းအဝယ်ဖြစ်ခဲ့ပြီး မုံရွာကုန်စည်ဒိုင်အနေနဲ့ မတ်ပဲ၊ ပဲစင်းငုံနဲ့ ပဲတီစိမ်း လက်ကျန်ကုန်ချိန် တန် ၈၀၀၀ လောက်ရှိနိုင်မယ်လို့လည်း သူက ခန့်မှန်းပါတယ်။

"ဒီလိုတွေဖြစ်ရတာက သီးနှံအာမခံချက်မရှိတာ။ ခိုင်မာတဲ့ အရောင်းအဝယ်စာချုပ်မရှိတာ။ ပလန်ဘီပေါ့။ ဒီလိုဖြစ်လာရင် ဘယ်လိုဖြေရှင်းမလဲဆိုတဲ့ နောက်ထပ်အစီအစဉ်တွေမရေး ဆွဲနိုင်လို့ဖြစ်တာ။ နစ်နာသားရှိရင် ပွဲစား၊ တောင်သူ၊ နိုင်ငံ အားလုံးနစ်နာတာ"လို့ ပဲကုန်သည်တစ်ဦးကလည်းပြောပါတယ်။

မန္တလေးမြို့မှာတော့ လက်ရှိ ပဲ အရောင်းအ၀ယ်နဲ့ ပတ်သက်ပြီး မန္တလေးပဲ၊ နှမ်းကုန်စည်ဒိုင်အသင်း အတွင်းရေးမှူး  ဦးကျော်သွင်က “ ပဲစင်းငုံနဲ့ မတ်ပဲက ဒီနေ့ အရောင်းအဝယ်မဖြစ်ပါဘူး။ အခုအချိန်ထိကတော့ အရောင်းအဝယ် ပိတ်တာမရှိပေမယ့် ဝယ်ဈေး၊ ရောင်းဈေး မမျှလို့ အရောင်းအဝယ်မဖြစ်တာပါ။ ပဲတီစိမ်းကတော့ ဈေးနည်းနည်း အေးပြီး အရောင်းအဝယ် နည်းနည်းဖြစ်ပါတယ်” လို့ ပြောပါတယ်။

ပခုက္ကူ ကုန်စည်ဒိုင်အနေနဲ့တော့ ပဲမာ ဒေသအခေါ် ပဲစင်းငုံ နဲ့ မတ်ပဲ ရောင်းဝယ်တာကို အခု သြဂုတ်လ ၂၃ ရက်နေ့ကစပြီး ယာယီပိတ်လိုက်ပါတယ်။

ခုလို ပိတ်ရတာက ဈေးကွက်ပြန်လည်တည်ငြိမ်လာဖို့နဲ့ တောင်သူတွေရော ကုန်သည်တွေပါ နစ်နာမှု နည်းနိုင်သမျှ နည်းဖို့ဖြစ်တယ် လို့သိရပါတယ်။ ပဲမာက ပခုက္ကူမြို့ကနေ တစ်နှစ်ကို တန်ချိန် လေးသောင်းနဲ့ ငါးသောင်းကြား ထွက်လေ့ရှိပြီး ဈေးကွက်အနေနဲ့ ရန်ကုန်ပြီးရင် ဒုတိယ အကြီးဆုံးအနေအထားမှာရှိပါတယ်။

ပဲဈေးကွက်ပိတ်လိုက်တဲ့အတွက် ဈေးနှုန်းတွေလည်း ထက်ဝက်နီးပါး လောက်ကျဆင်းသွားပါတယ်။

မြန်မာနိုင်ငံက ပဲဈေးကွက်ကို အိန္ဒိယ၊ ဆီထွက်သီးနှံကို တရုတ်ဈေးကွက်ကိုသာ အဓိကထားနေရတာဖြစ်ပါတယ်။ ရှေ့လ အိန္ဒိယဝန်ကြီးချုပ် မိုဒီရဲ့ မြန်မာပြည်လာမယ့် ခရီးစဉ်မယ့် ဒီကိစ္စ  ပြေလည်မှုရရှိနိုင်မယ်လို့  မြန်မာ ပဲကုန်သည်တွေက မျှော်လင့်နေကြပါတယ်။

လတ်တလော ပဲဈေးကွက်ပိတ်လိုက်တာကြောင့် ကုန်စည်ဒိုင်အချို့က လုပ်ငန်းရှင်တွေ ထွက်ပြေးနေတယ်လို့ သတင်းတွေထွက်နေပေမယ့်  လက်ရှိမှာ မုံရွာကုန်စည်ဒိုင်အဖွဲ့ဝင် ပွဲရုံ၊ ကုန်သည်၊ စက်ပိုင် ၅၅၀ လောက်ရှိတဲ့အထဲက ထွက်ပြေးရသူ တစ်ယောက်မှမရှိဘူးလို့လည်း ကုန်စည်ဒိုင်တာဝန်ရှိသူတွေကပြောပါတယ်။

ဘုရင့်နောင် ကုန်စည်ဒိုင် ဒုဥက္ကဋ္ဌကတော့ လက်ရှိအချိန် ကုန်သည်တွေရဲ့ လက်ထဲမှာ ပဲသုံးမျိုးလက်ကျန် တန်ချိန် ၇ သိန်းလောက် ရှိနိုင်တယ်လို့ ခန့်မှန်းပါတယ်။

အိန္ဒိယနိုင်ငံက ပဲတင်သွင်းမှုဆိုင်ရာ ကုန်သွယ်မှုမူဝါဒ အပြောင်းအလဲနဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့ လာမယ့် သြဂုတ် ၂၅ ရက်နေ့မှာ ကုန်စည်ဒိုင်တွေရဲ့ တာဝန်ရှိသူတွေကို နေပြည်တော်မှာ အစိုးရက အစည်းအဝေးဖိတ်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013