မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်မှာရှိတဲ့ တောင်သမန်အင်းရေဟာ ခုရက်ပိုင်းအတွင်း သိသိသာသာ မြင့်တက်လာနေပါတယ်။
“တောင်သမန်အင်းဟာ အခုလို ရေကြီးရေလျှံမှုတွေ မကြာခဏဖြစ်ပေါ်နေတာဟာ တောင်သမန်အင်းတွင်း တည်ဆောက်နေတဲ့ စီမံကိန်းရဲ့ ဖို့မြေ ဧရိယာတွေများလာတာကြောင့် အင်းအတွင်းရေက မပြန့်နိုင်ဘဲ မြင့်တက်လာတာဖြစ်တယ်”လို့ တောင်သမန်အင်းမှာ နှစ်ပေါင်း ၃၀ ကျော်ကြာနေထိုင်သူ ဦးငြိမ်းဝင်းကပြောပါတယ်။
စိမ်းရောင်စို အဖွဲ့အတွင်းရေးမှူး ကိုစိုးညိမ်းကတော့ “ဧရာဝတီမြစ် အထက်ပိုင်းမှာ သစ်တောပြုန်းတီးမှုတွေများတော့ မြစ်ရေအဆင်းကြမ်းပြီး မြစ်အောက်ပိုင်းမှာ စီမံကိန်းတွေ များလွန်းတာကြောင့် မြစ်ရဲ့ စန့်ထွက်နိုင်တဲ့ ဧရိယာတွေ ပျက်စီးဆုံးရှုံးမှု များလာတာကြောင့် ရေကြီးရေလျှံမှုတွေ ပိုမြန်လာတယ်”လို့ပြောပါတယ်။










