DVB Logo
Home
Lead Story
ချစ်တဲ့သူ ကိုဆံရှည် သျှောင်ကြီးဗွေ
DVB
·
August 23, 2017
ချစ်တဲ့သူ ကိုဆံရှည် သျှောင်ကြီးဗွေ
1 / 2
Donate to DVB

 

တလလောက်နေမှ တခါ ညှပ်ရတာပေမယ့် ဆံပင်ညှပ်ရတာ ပျင်းပါတယ်။ မဖြစ်လို့သာ ညှပ်ရတာ။ လူပုံက ညှဉ်းသိုးသိုးနဲ့ စိတ်ကလည်း အိုက်လွန်းလို့သာ ဆံသဆိုင် သွားရပါတယ်။ တပါးသူရှေ့မှာ လည်စင်းပေးထားရတဲ့ ကိစ္စကြီးကို မပျော်ပါဘူးဗျာ။ ဒီနေ့ ဟိုနေ့ ရွှေ့နေတာနဲ့ တပတ်လောက်မှ ညှပ်ဖြစ်တာချည်းပါပဲ။

အဲဒီလို အစကမှ ပျင်းရတဲ့အထဲ ဆံသဆိုင်ကို မသွားချင်တဲ့အကြောင်း တခု ထပ်တိုးလာတယ်။ ဆံပင်ညှပ်တဲ့အခါ ရှေ့မှန်ထဲမှာ နောက်မှန်ထဲကဟာတွေပါ ပေါ်နေပါတယ်။ အိမ်မှာ မှန်ကြည့်ရင် ရှေ့ပိုင်းလေးတင် မြင်ရတာ။ ခုတော့ နောက်ပိုင်း အခြေအနေကိုပါ မြင်နေရပြီလေ။ ဘုရား… ဘုရား ငယ်ထိပ်တဝိုက်မှာ ဆံပင်တွေ အတော်ပါးနေပါရော့လား။

ဆံဖြူပေမယ့် ထူရင် တော်သေးတာပေါ့။ အဖြူကို အနက်သုတ်ရတာ လွယ်ပါတယ်။ ၄ဝ ကျော်ကတည်းက သိသိသာသာနဲ့ နဖူးပြောင်လာပေမယ့် ရှေ့ဆံပင်လေး မသိမသာ ချလို့ ဖုံးဖိလာခဲ့တာ အသားကျနေပါပြီ။ ခုတော့ ရှေ့ရော နောက်ပါ ပြောင်တော့မယ်။ နောက်ပြောင်ခြင်း သည်းခံရတော့မယ်။ စိတ်ပျိုပါလျက် ခေါင်းမနုတာ ဒေါသထွက်မိတယ်။ မောင်းထဲသာ ထည့်ထောင်းလိုက်ချင်ပါရဲ့။

ထိပ်ပြောင်ရင် အဘိုးကြီးပုံ ပေါက်တာပဲ။ ဘောလုံးသမား ဇီဒန်းတို့၊ ဂျပ်စတန်းတို့ ကြည့်ပါလား။ ၄ဝ မှ မရောက်သေး။ အဘိုးကြီးပုံ ပေါက်နေပြီ။ ဘယ်သူမဆို မရင့်ချင်ဘူး။ နုချင်တာပဲ။ ထိပ်ပြောင်လေးနဲ့ နုလိုက်တာရယ်လို့လည်း မရှိဘူး။ ထိပ်ပြောင်အောင် ပွတ်ပွတ်ပေးနေတဲ့ လူရယ်လို့လည်း မကြားဖူးဘူး။ သို့သော် ဖြစ်ချင်တာလည်း မဖြစ်ရပါ။ မပြောင်ချင်တာလည်း ပြောင်ရမှာ။ အဲဒါ... အဲဒါ... အဲဒါ... ဘဝ သံသရာ။

အသက်လေးရယ်တဲ့ ၅ဝ မပြည့်သေး။

“ဆရာကြီး ပင်စင်နီးပြီလား” အမေးခံရတာ၊ မေးပေါင်းများလို့ ရိုးနေပါပြီ။ သမီးကြီးက ၂၃ နှစ်ရှိပြီလို့ ပြောမိပြန်တော့ ''ဆရာကြီးက အသက်ကြီးမှ အိမ်ထောင်ကျလို့လားတဲ့''

''သေစမ်းပါ'' အဓိက တရားခံဟာ နဖူးပဲ။ ထိပ်ပဲ။ ဆံပင်ပဲ။

ဆံပင်လည်း ဆိုးပါတယ်ဗျာ။ ဆံပင် သန်တယ်ဆိုတဲ့ ခေါင်းလိမ်းဆီတွေလည်း သုံးပါသဗျာ။ ဒါပေမဲ့ ဆံပင်ညှပ်ဆိုင် တခါရောက်၊ တဆ ပါးဖြစ်နေတာကိုလည်း သတိထားမိပါတယ်။ တကယ်လို့များ ကိစ္စမများလှဘဲ ဆံထူ၊ အဖြူပျောက် နည်းရမယ်ဆိုရင် အသပြာ လေး ငါး ခြောက်သိန်းတော့ အကုန်ခံဝံ့ပါရဲ့။ ကျုပ်နဲ့နော်။ ဆိုင်ကယ်လေး ရောင်းပြီး စက်ဘီးပဲ စီးရစီးရ။ ဒါပေမဲ့ ဒီဘဝအတွက်တော့ နှမ လက်လျှော့နေလေဦးတော့ကွယ် ထင်ပါရဲ့ဗျာ။

အဲဒီလို စိတ်ဓာတ်တွေကျနေချိန်မှာ နိုင်ငံခြားသတင်းစာ တစ်စောင်ထဲပါလာ တဲ့ ဆောင်းပါးတစ်ပုဒ် ဖတ်လိုက်ရတော့ အားတက်ရမလို ဖြစ်ရပြန်သဗျို့။ ကျွန် တော်လို ပြောင်ဖော်ပြောင်ဖက် ရဲဘော် တွေလည်း အားတက်ပါစေတော့ ရယ်လို့ အဲဒီဆောင်းပါးကို ခပ်ဝါးဝါး စပ်ကြား ဘာသာပြန်လုပ်လိုက်ရသော်...။

လူစုစုများရှိလို့ ကြည့်လိုက်ရင် အရွယ်ငယ်ငယ် ကိုထိပ်ပြောင်လေးတွေကို တွေ့ရတတ်ပါတယ်။ သူ့ခမျာများမှာ ပြောင်ချင်လို့ ပြောင်တာ မဟုတ်တန်ရာပါ။ သူတို့မှာလည်း တောင်းဆိုပိုင်ခွင့် အခွင့်အရေးရှိရမယ်။ သိပ္ပံပညာဟာ သူတို့အတွက်ရော တစုံတရာ လုပ်ပေးပါရဲ့လား။

လုပ်နေပါတယ်။ အများကြီးကို လုပ်နေပါတယ်။

အင်္ဂလိပ် ကုမ္ပဏီတစ်ခုက ထုတ်ကြွားလာပြီ။ ဆံပင်ပုံတူမျိုးပွား Hair Cloning သုတေသနရဲ့ ကျေးဇူးကြောင့် ထိပ်ပြောင်ငါးဖော်ကို လူတောထဲပြန်ပို့ နိုင်ပြီတဲ့။ ဆံပင်တွေ ရာချီထောင်ချီ ပြန်ပေါက်အောင် လုပ်ပေးလိုက်နိုင်ပြီတဲ့။ အမေရိကန်တွေလည်း အဲဒီ သုတေသနမျိုး လိုက်လုပ်ကြတော့မယ်လို့ ဆိုတယ်။

သုတေသီတချို့က မျိုးရိုးဗီဇဆီ လှည့်ကြည့်ကြပါတယ်။ တချို့သော ပုဂ္ဂိုလ်များမှာ အဘယ်ကြောင့် သူများထက်ထူးပြီး နဖူးဆံပင်ပြောင်ရလေသလဲ။ အကြောင်းရင်းခံ ရှိရမယ်။ မျက်ခုံးမွေးလည်း သန်၊ မုတ်ဆိတ်မွေးလည်း ထူလပျစ် ဖြစ်နေပါလျက် ဆံပင်ကျမှ ပြောင်ရလေခြင်း။ ဘာသဘောလဲ။ ကဲ ... ။

လူမည်းတွေက ထိပ်ပြောင်ခဲတယ်။ လူဖြူတွေကတော့ အသက် ၃ဝ လောက်ဆို ပြောင်တော့မယ့် အရိပ်အယောင်တွေ လူ သုံးပုံ တပုံလောက်မှာ ပြနေပြီ။ ယောက်ျား ပီသစွာ ပြောင်ခြင်း၊ သို့မဟုတ် ကျားသဏ္ဌာန် ပြောင်ခြင်း Male Pattern Baldness လို့ ကင်ပွန်းတပ်ထားလိုက်တယ်။ ၅ဝ အရွယ်ရောက်ရင်တော့ လူဖြူတဝက်လောက် ထိပ်ပြောင်ပြီးသာမှတ်။

ဆံပင်တွေ ပါးလာပြီး ထိပ်ပြောင်လာပုံက သစ်တောတတောကို စစ်ကြောင်း သုံးကြောင်းခွဲပြီး ခုတ်ထွင်ရှင်းလင်းလာသလိုပဲတဲ့။ ရှေ့ဘက် ဝဲယာက နှစ်ကြောင်း၊ နောက်ဘက်က တတပ် ချီတက် ရှင်းလင်းလာတယ်။ နောက်ဆုံးတော့ ရှေ့ရောနောက်ပါ ပြောင်သလင်းခါတယ်။ ဘေးလေးပဲ ကျန်မယ်။

တချို့တလေ ပုဂ္ဂိုလ်တွေကျတော့ ပြောင်ပြောင်လေးကိုက ကျက်သရေ တင့်တယ်နေတယ်။ ရှားရှားပါးပါးပါ။ အများစုကတော့ ပြောင်ခြင်းကို အန်တုဖို့ ကြိုးစားနေရပါတယ်။ ဆေးဆိုး၊ ဆေးလိမ်း လုပ်ကြတယ်။ Hair Transplant လို့ခေါ်တဲ့ ဆံပင်တပင်ချင်း လိုက်စိုက်ရတာမျိုးတောင် လုပ်ကြလေရဲ့။ ငွေကုန်ကြေးကျ များပါဘိသနဲ့။

သုတေသီတဦးကတော့ “လူ့သမိုင်းတလျှောက်မှာ ခုအချိန်ဟာ ထိပ်ပြောင်ဖို့ အကောင်းဆုံးပဲဗျ''တဲ့။ စမ်းစရာလမ်းတွေ များလို့ပေါ့လေ။ ဒါပေမဲ့ ကြိုးစားတိုင်းလည်း အဆင်ပြေတာ မဟုတ်ပါဘူး။ ဆံပင်ပေါက်ဆေး ဆိုတတွေ ကြည့်ပါလား။ သူ့မှာ စွမ်းပေမယ့် ကိုယ့်မှာ စွမ်းချင်မှစွမ်းတာ။ လိမ်းရင်း၊ ပြောင်ရင်း ထိပ်ပလိန်း ဖြစ်ရရှာသူတွေ မနည်း။ ဆံပင်စိုက်တာကတော့ သေချာပါရဲ့။ အတော်အတန် လူ မတတ်နိုင်။ ဒီတော့ ထိပ်ပြောင်ကုနည်းတွေ များလှပါတယ် ဆိုပေမယ့် ပိုကောင်းမယ့် နည်းသစ်၊ လမ်းသစ်တွေ လိုနေဆဲပါ။

အဲဒီလို နည်းသစ်တွေ ရှာဖွေကြရင်းကနေ အမြတ်ထွက်လာတာကတော့ ဆံပင်ရဲ့ သဘာဝကို ပိုပြီးသိရှိလာကြခြင်း ဖြစ်ပါတယ်။ ထိပ်ပြောင်ပုံပြောင်နည်း သဘောတရားတွေကို ပိုမိုနားလည်လာကြပါတယ်။ ဆံကေသာရဲ့ သဘာဝကို တင်ပြလိုက်ပါဦးမယ်။

လူတိုင်းမှာ မွေးရာပါ အခွင့်အရေးအရ ဆံဥလို့ခေါ်တဲ့ Hair Follicle ပေါင်း ၁ သိန်းခွဲခန့်စီ ခွဲတမ်းရကြပါသတဲ့။ ဆံတဥမှာ တပင်ပေါက်တယ်။ ဆံပင် ၁ သိန်းခွဲလောက် ရှိတယ် ဆိုပါတော့။

ဆံတဥဟာ နှစ်နှစ်ကနေ ခြောက်နှစ်အထိ တောက်လျှောက် ဆံပင်ထုတ်လုပ်နေပါတယ်။ မဖြတ်ဘဲ ထားရင် ဆံပင် အရှည်ကြီး ရတာပေါ့။ အဲဒီလို ဆက်တိုက် အလုပ်လုပ်ပြီးတဲ့အခါ ရက်သတ္တပတ် အနည်းငယ် အနားယူပါတယ်။ လုပ်သက်ခွင့်ပေါ့လေ။ ဆံပင်ထပ် မရှည်တော့ဘူး။ ကျွတ်သွားမယ်။ ဆံဥကိုယ်တိုင် သေသွားတာ မဟုတ်ပါဘူး။ နားရုံ နားတာပါ။ ခွင့်စေ့တော့ လုပ်ငန်းခွင် ပြန်ဝင်တယ်။ ဆံပင်ပြန်ထုတ်တယ်။ ဆံဥ သံသရာဟာ အဲဒီလိုပဲ လည်နေပါတယ်။

ဝန်ထမ်းတွေလိုပါပဲ။ သူတို့လည်း အလှည့်ကျ နားကြတယ်။ တနေ့ တနေ့မှာ ဆံဥ ၁ဝဝ လောက် ခွင့်သွားသတဲ့။ ဆံပင် ၁ဝဝ ကျွတ်သပေါ့။ ဆံဥ ၁ဝဝ လောက်လည်း ခွင့်စေ့ပြီး အလုပ်ပြန်ဝင်လို့ ဆံပင် ၁ဝဝ ပေါက်ပါတယ်။ ဘဲစား ဘဲချေပဲ။ ဆံပင် လျော့မသွားပါဘူး။ တွက်ချက်ကြည့်တော့ အချိန်တိုင်းမှာ ဆံဥ ၅ ရာခိုင်နှုန်းမှ ၁ဝ ရာခိုင်နှုန်းအထိ ခွင့်ခံစား နေဆဲဖြစ်ပြီး ကျန် ၉ဝ မှ ၉၅ ရာခိုင်နှုန်းက အလုပ်လုပ် နေပါသတဲ့ ဗျာ။ ပြောင်ချင်လာပြီဆိုမှဖြင့် ကပြောင်းတိကပြောင်းပြန် ဖြစ်လာရော။

ဆံဥတို့ရဲ့ လုပ်ငန်းခွင်သက်တမ်း တိုလာတယ်။ ဆံပင်အရှည်ကြီး မဖြစ်ခင် ကျွတ်သွားပြီ။ အနားယူချိန်က ရှည်လာတယ်။ ခွင့်မဲ့ပျက်တွေ များလာတယ်။ ဆံဥသက်လေးတော့ ရှိနေပါသေးရဲ့။ ဒါပေမဲ့ အတော်လေး ကြုံလှီသွားပါပြီ။ အသက်ငွေ့ငွေ့ပဲ ကျန်တယ်။ ဆံပင် ထုတ်လုပ်ပြန်တော့လည်း ပြောင်းဖူးမွေး။

ပျို့မောင်ဖုန်းရဲ့ ခေါင်းလုံးလုံးလေးဟာ သစ်ပင်ကြီးတွေကို ခုတ်လှဲလိုက်ပြီး ချုံနွယ်ပင်တွေသာ ပြန်ပေါက်လာတဲ့ တောင်ပူစာလေးပမာ ဖြစ်ရရှာတော့တယ်။ နောက်ဆုံးမှာတော့ ဆံဥသက်ကြွေလျှောသွားပါလေရော။ ဘာပင်မှကို မပေါက်လာတော့ဘူး။ ဒီလို ဒီလို အပျက် အပျက်နဲ့ ဆံပင်ကွက်လာပါတယ်။ တနှစ်မှာ ဆံဥ ၅ ရာခိုင်နှုန်း ဆုံးရှုံးသွားပါတယ်။

ဒီကိစ္စမျိုး တကယ် ရှိတယ် ...။ ရှိပါ့။

ဘယ်အရာက ဖန်တီးသလဲ။ ရေရေ ရာရာ မသိပါ။

သေချာတာကတော့ မျိုးရိုးဗီဇရယ်၊ တက်စထရိုစတီရုန်းလို ဟော်မုန်းတွေရယ်နဲ့ ဆက်နွှယ်ပတ်သက်မှု တစုံတရာ ရှိနေတယ် ဆိုတာပါပဲ။ ဆံဥထဲမှာ ထိပ်ပြောင်ခြင်းမှ ကာကွယ်နိုင်တဲ့ ဇီဝဓာတုပစ္စည်းတခုခု ပါလိမ့်မယ်။ အဲဒီ ပစ္စည်းရှိမှု၊ ချို့ငဲ့မှုအပေါ် မူတည်ပြီး ပြောင်လွယ်၊ မပြောင်လွယ် ကွာမယ်။ အဲဒါ ဗီဇသတ္တိပဲ။ မျိုးလိုက်၊ ရိုးလိုက် ထိပ်ပြောင်တတ်တာ ဒီသဘောပဲ။

ဗီဇညံ့လို့ ထိပ်ပြောင်တာလို့ပြောရင် စိတ်ဆိုးကြမယ်။

အင်္ဂလန်နိုင်ငံ အင်တာဆိုက်တက် Intercytex ကုမ္ပဏီက ဆံပင် ပုံတူပွားခြင်း သုတေသနကို လူမှာ စ စမ်းနေပြီတဲ့။ ဆံဥဆဲလ်လေးတွေကို ဦးရေခွံမှာ ထည့်ပေးလိုက်ခြင်းဖြင့် ဆံဥအသစ်တွေ ဖြစ်စေမယ်။ ဆံပင်တွေ ထူစေမယ်။

ဦးခွံရဲ့ ဘေးနားသားလို ဆံပင်ပြောင်လေ့မရှိတဲ့ နေရာက ဆံဥဆဲလ်တွေယူ။ ဓာတ်ခွဲခန်းထဲက ပန်းကန်ပြားထဲမှာ ပုံတူမျိုးပွား။ ဆဲလ်တွေ ထောင်ချီပွားလာ။ ဆံပင်ပါး တဲ့နေရာမှာ ထည့်ပေးလိုက်။ အဲဒီနေရာက ဦးရေခွံအိမ်ရှင် ဆဲလ်တွေနဲ့ ထည့်ပေးလိုက်တဲ့ ပုံတူမျိုးပွား ဆဲလ်တွေ အကျိုးတူ ပူးပေါင်းဆောင်ရွက်ကြလိမ့်မယ်။ ဆံဥတွေ မှိုလို ပေါက် လာမယ်။ ဆံပင်တွေ ပေါက်လာမယ်။ တပင်ချင်းလိုက် စိုက်တာထက် ထူထူ ပေါက်မယ်။

လောလောဆယ်အနေနဲ့ လူခုနစ်ယောက်မှာ စမ်းတာ ၅ ယောက် အိုကေသတဲ့။ ဗဲရီးဂွတ်ပေါ့။ မလိုလားအပ်တဲ့ ဆိုးကျိုးတွေ ပေါ်လာဦးမလား ဆိုတာတော့ စောင့်ကြည့်တုန်းပဲ။ ခုအထိတော့ ပြဿနာ မတွေ့ရသေးဘူး။

သို့ပေမယ့် အခုထိ စမ်းကြည့်ရတာက ဆံပင်ပါးနေတဲ့ နေရာမှာသာတဲ့။ လုံးဝ ပြောင်သလင်းခါနေတဲ့ ဦးရေခွံမှာ မစမ်းရသေးဘူး။ ဆံပင်ပါးရာ ဧရိယာရဲ့ သုံးပုံ တပုံလောက်မှာ စမ်းတာဆိုတော့ အဲဒီနေရာလေးပဲ ကွက်ပြီး ထူလာတယ်။ သူတို့ အောင်မြင်မှုကလည်း ကွက်တိကွက်ကျား၊ ကိုးလိုးကန့်လန့်အဆင့်ပဲ ရှိနေသေးတယ်။

ဆဲလ်လေးတွေ ကိုယ်တိုင်က အထူ အပါး ခွဲခွဲခြားခြား နားလည်နိုင်စွမ်းရှိရင် ကောင်းလှပေမပေါ့။ လိုတိုး ပိုလျှော့ လုပ်ပေးနိုင်ရင် အဆင်ပြေမှာပေါ့။ ဒါတွေအတွက် ဆက်လက် စမ်းသပ်စရာတွေ အများကြီး ကျန်သေးတယ်။ ဘာပဲဖြစ်ဖြစ် တနေ့နေ့မှာတော့ ဆံပင်စိုက်ရတဲ့ ဒုက္ခက ကင်းဝေးကြတော့မှာပါတဲ့။ ဆံပင်နည်းနည်းလေး ပါးလာတာနဲ့ ပုံတူ မျိုးပွားထားတဲ့ ဆဲလ်တွေ ထိုးထည့် လိုက်ရုံပဲ။ အားရလိုက်တာ ...

နောက် အုပ်စုတစ်စုကလည်း ဆံပင်ပုံ တူမျိုးပွားခြင်း သုတေသနကို ကြွက်တွေမှာ စမ်းသပ်အောင်မြင်နေပြီတဲ့။ နောင်နှစ်မှာ လူကို စမ်းမယ်။ မူကွဲလေးနဲ့ အလုပ် လုပ်ကြမယ်ပေါ့လေ။ အောင်မြင်ပါစေဗျာ။

အောင်လည်း အောင်မြင်မှာပါ။ ဘာကြောင့်လဲဆိုတော့ ဆံပင်စိုက်တာကို ကြည့်ပါလား။ ဆံပင်ထူတဲ့ နေရာက ဆံပင်ကိုယူပြီး ပြောင်တဲ့နေရာ ရွှေ့စိုက်တော့လည်း ရှင်တာပဲမဟုတ်လား။ တော်တော်ကြာကြာ ခံပါတယ်။

အကောင်းဆုံးကတော့ အပြောင်လေးပေါ် ခေါင်းလိမ်းဆီကို လိမ်းလိုက်ရုံနဲ့ ဆံပင်တွေ ဖွားခနဲ ပေါက်လာစေမယ့် ဓာတုလှုံ့အချက်ပြပစ္စည်းမျိုး ထွင်နိုင်ဖို့ပါပဲ။ သိပ္ပံပညာရှင်တွေကလည်း ဒါကို မျှော်လင့်ကြိုးပမ်းနေကြပါတယ်။ အခု မဖြစ်၊ နောင် ဖြစ်လာမှာပေါ့။

သုတေသီတဦးက ကြွက်တွေကို လိမ်းဆေးလိမ်းပြီး ဆံဥဗီဇကို ထိန်းသိမ်းနိုင်ဖို့ ကြိုးစားပါသတဲ့။ ထိပ်မပြောင်ခင် ကြိုတင်ကာကွယ်ရေးစနစ်ပါပဲ။ အခြေအနေ အတော်ကောင်းနေပြီလို့ ဆိုတယ်။ စီးပွားရေးကိစ္စမို့ အသေးစိတ်တော့ မပြောပါရစေနဲ့တဲ့။ ပေါက်ဖော်တွေကို ကြောက်လို့နေမှာ။

အရှည်ကို တွေးသူတွေက တွေးကြပြန်ပါတယ်။ ဆံပင်ပုံတူ မျိုးပွားခြင်းကိစ္စဟာ ဒီအဆင့်မှာတင် ရပ်နေမှာ မဟုတ်ဘူးတဲ့။ ဗီဇဆဲလ် Stem Cell အဆင့်အထိ တက်ပြီး လေ့လာကြလိမ့်မတဲ့။ စတင်းဆဲလ် ဆိုတာကို အခြား ရောဂါကုသရေးတွေကလည်း စိတ်ဝင်စားနေတာ။ ဆံကေသာကိစ္စမှာ စတင်းဆဲလ်နဲ့ အောင်မြင်လိုက်ရင် ကင်ဆာတို့၊ အယ်လ်ဇိုင်းမားတို့အတွက်ပါ အဆင်ပြေသွားမယ်။ ပဋ္ဌာန်းဆက်ပဲ။

အခြားရောဂါတွေအတွက် စတင်းဆဲလ်ကိစ္စ အောင်မြင်ပြန်ရင်လည်း ဦးထိပ်ပြောင်တို့ ကြားချောင်က အမြတ်ထွက်နိုင်ပါတယ်။

ကဲ...ထိပ်ပြောင် ဘော်ဒါအပေါင်း ပညာရှိ သူတော်ကောင်းတို့ရေ။

စိတ်မလျှော့ကြကုန်လင့်။

နောင်ဆို ပြောင်လိုပြောင်၊ မည်းလိုမည်း၊ ကိုယ့်သဘောပဲ ဖြစ်တော့မယ်။

လာမယ့် ၅ နှစ်အတွင်းမှာ ဆံပင်ပုံတူမျိုးပွား နည်းပညာဟာ ဈေးကွက်ထဲ အရောက်လာတော့မယ်။ ငွေအသပြာသာ အသေအချာ ရယ်ဒီစုထားကြပါလေ။

ကျနော်ကတော့ အခြေအနေ အလွန်ကြီးမဆိုးခင် လက်မတင်လေး မီသေးတယ်။ အဲဒီကျမှ သျှောင်တစောင်းလေးနဲ့ ဟန်ရေးပြလိုက်ဦးမယ်။

ချစ်တဲ့သူ ကိုဆံရှည်...သျှောင်ကြီးဗွေ… ရွာတောင်ခြေ ညောင်ပင်မလေ ... ။

(ကြိုက်သလို ဆက်ဆိုတော့ဗျာ။)

ဒေါက်တာအောင်ကျော်မြင့်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013