
ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ စိတ်ကြွဆေးပြား ၁,၈၁၃,၅၀၀ ပြား ဖမ်းဆီးရမိခဲ့တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက သတင်းထုတ်ပြန်ပါတယ်။
လုံခြုံရေးတပ်ဖွဲ့ဝင်တွေပါဝင်တဲ့ ပူးပေါင်းအဖွဲ့က သြဂုတ် ၂၁ ရက် ညနေ ၄ နာရီမှာ သတင်းအရ မောင်တောမြို့နယ် မြို့ဦးအုပ်စုအတွင်း လှည့်ကင်းဆောင်ရွက်စဉ် ဇူလရွာနေသစ် ကုန်သည်/ပုဇွန်ကန်လုပ်ငန်း လုပ်ကိုင်သူ အာဆော့ဒူလာ(၃၈)နှစ် (ဖ)မော်ဂူလာမောက်ရဲ့ နေအိမ်အား ဝင်ရောက်ရှာဖွေစစ်ဆေးရာမှာ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိခဲ့တာပါ။
အဆိုပါ နေအိမ်ဝင်းအတွင်းရှိ ဆန်ဂိုထောင်အတွင်းမှ ဆာလာ အိတ်(၁၀)အိတ်နဲ့ ထုပ်ထားတဲ့ ငွေကျပ် ၃၆၂၇ သိန်းတန်ဖိုးရှိ WYစာတမ်းပါ စိတ်ကြွဆေးပြား ၁,၈၁၃,၅၀၀ ပြား ၊ လက်ပ်တော့(၁)လုံး၊ လက်ကိုင်ဖုန်း(၁)လုံးတို့နဲ့ အတူ ဖမ်းဆီး ရမိခဲ့တယ်လို့ ဆိုပါတယ်။
ဖမ်းဆီးရမိသူ အာဆော့ဒူလာကို မောင်တောမြို့မရဲစခန်းက ဥပဒေနဲ့အညီ အရေးယူနိုင်ရေး အမှုဖွင့်စစ်ဆေးနေပြီး ဆက်စပ်တရားခံတွေ ဖမ်းဆီးရမိရေး ဆောင်ရွက်နေပါတယ်။
ဓာတ်ပုံ - နိုင်ငံတော်၏အတိုင်ပင်ခံရုံး











