DVB Logo
Home
မြန်မာသတင်း
ရွာသားတဦးကို ခြေကျိုးအောင်ရိုက်နှက်သည့် ရဲဝန်ထမ်း ၂ ဦးအား အမှုဖွင့်
DVB
·
August 22, 2017
ရွာသားတဦးကို ခြေကျိုးအောင်ရိုက်နှက်သည့် ရဲဝန်ထမ်း ၂ ဦးအား အမှုဖွင့်
Donate to DVB

 

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် တကွင်းကျေးရွာမှာ နယ်မြေကျော်ရဲတပ်ဖွဲ့ဝင် ၂ ဦးက တကွင်းကျေးရွာသား ၁ဦးကို လက်ထိပ်ခတ်ပြီး ခြေကျိုးအောင် ရိုက်ခဲ့တဲ့အတွက် ကာယကံရှင်တွေက အမှုဖွင့်ခဲ့တယ်လို့ ဟိုပင်ရဲစခန်းမှ သိရပါတယ်။

သြဂုတ် ၂၀ ရက်က တရားလို မမွေလှိုင်ဟာ နေအိမ်မှာ ရှိနေစဉ် ရွာအထွက် အမှိုက်ပစ်တဲ့ နေရာမှာ ဖခင်ဖြစ်သူ ဦးအိုက်ကံကို အရပ်ဝတ် လူ ၂ ဦးက ရိုက်နှက်နေကြောင်း သိရတဲ့အတွက် သွားရောက်ကြည့်ရှုစဉ် ဖခင်ဖြစ်သူမှာ လက်ထိပ်တန်းလန်းနဲ့ နေအိမ်ဖက်သို့ ပြန်ပြေးလာကာ လူ ၂ ဦးကလည်း နောက်မှ ပြေးလိုက်လာတာကို တွေ့ရပြီး ရပ်ကွက် အုပ်ချုပ်ရေးမှူးထံသို့ ဖုန်းဆက်အကြောင်းကြားခဲ့တယ်လို့ သိရပါတယ်။

ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့ ရောက်ရှိစစ်ဆေးခဲ့ရာ ရိုက်နှက်သူ ၂ ဦးမှာ စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့မရဲစခန်းမှ ရဲတပ်ကြပ်ဇော်မျိုးနဲ့ အင်းတော်မြို့နယ် မော်တိတ်ရဲကင်းစခန်းမှ ရဲတပ်သားကျော်လွင်ဦး တို့ ဖြစ်ကြပြီး ရိုက်နှက်ခံရသူ ဦးအိုက်ကံမှာ ညာမျက်ခုံး၊ ဝဲဦးခေါင်း၊ ရင်ဘတ် နောက်ကျော ညိုမဲ ဖူးယောင်၊ ညာခြေသလုံး အရိုးကျိုးတဲ့ ဒဏ်ရာတွေရရှိတဲ့အတွက် မိုးညှင်းပြည်သူ့ ဆေးရုံကြီးမှာ အတွင်းလူနာအဖြစ် ကုသခံနေရတယ်လို့ သိရပါတယ်။

နွားရှာဖို့ ဆိုင်ကယ်နဲ့ ရွာထိပ်ထွက်သွားစဉ် လူ ၂ ဦးက ဘိန်းဖြူထိုးတာကို ၀န်ခံခိုင်းပြီး လက်ထိပ်ခတ်ရိုက်နှက်ခဲ့တာလို့ အရိုက်ခံခဲ့ရတဲ့ တကွင်းကျေးရွာနေ ဦးအိုက်ကံက ပြောပါတယ်။

“ဘာ့ကြောင့်ရိုက်တာလဲဆိုတော့ နွားသွားရှာတာကို မင်း ဖိုးထိုးတာ မဟုတ်လားမေးတော့ မဟုတ်ဘူး၊ နွားလာရှာဆိုတာကြောင့် (ဘိန်းဖြူထိုးတာကို) ဝန်ခံခိုင်းတာ။ သူတို့က စစ်ဆေးမယ်ဆိုရင် လူကြီးပါရမှာ။ ကျနော်သွားတာ သူတို့လည်း မြင်တယ်။ သူတို့ ရဲဆိုရင် ရဲဝတ်စုံ ၀တ်ရမယ်။ ယူနီဖောင်းပါရမယ်။ သူတို့ ဘာမှ မပါဘဲ။ လက်ထိပ်ခတ်ပြီးမှ ရိုက်တာ။”

ဆိုင်ကယ်နဲ့ နွားသွားရှာတာ၊ ဆိုက်ကယ်သော့ကတော့ ရိုက်တဲ့ ရဲတွေကပြန်ပေးခဲ့ပြီး ဆိုင်ကယ်ကို သွားရှာတော့ မတွေ့တော့ဘူးလို့ ဦးအိုက်ကံရဲ့သား အိုက်ပန်က ပြောပါတယ်။

ဖခင်ဖြစ်သူကို ရိုက်နှက်ခဲ့တဲ့ ရဲဝန်ထမ်း ၂ ဦးကို သမီးဖြစ်သူ မမွေလှိုင်က တရားလိုပြုလုပ်ကာ တိုင်ကြားတဲ့အတွက် ဟိုပင်ရဲစခန်းမှ ပုဒ်မ ၃၂၅/၁၁၄/၃၄၁ အရ ဖမ်းဆီး အရေးယူထားပါတယ်။

ဒီအမှုနဲ့ပတ်သက်ပြီး မိုးညှင်းမြို့နယ်ရဲမှူးက “သူတို့ကို ရဲတရားရုံးရော၊ အရပ်တရားရုံးရော ၂ ခုမှာ စစ်ဆေးမယ်။ သြဂုတ်လ ၂၃ ရက်နေ့မှာ အင်းတော်စခန်းမှူးကိုယ်တိုင် ဟိုပင်မှာ လာရောက်စုံစမ်းစစ်မေးမှုတွေ လုပ်ပါမယ်”လို့ပြောပါတယ်။

သြဂုတ် ၂၁ ညနေက ရိုက်နှက်သူ ရဲဝန်ထမ်း ၂ ဦးကို အင်းတော်မြို့မရဲစခန်းကို လွှဲပြောင်း ပေးအပ်လိုက်ပြီလို့ လည်း ဟိုပင်မြို့မရဲစခန်းမှူးက ပြောပါတယ်။

သတင်း - မုန်းမုန်းမင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013