
ကချင်ပြည်နယ်နမ္မတီးမြို့နယ်နဲ့ ၁၃ မိုင်လောက်ဝေးတဲ့ ကေအိုင်အေထိန်းချုပ်နယ်မြေ ကဆုန့်ရွာမှာ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲကြောင့် နမ္မတီးကို ထွက်ပြေးတိမ်းရှောင်လာတဲ့ ကဆုန့်ရွာသူရွာသား ၁၀၀၀ ကျော် ဒီကနေ့ မိမိနေရပ်ရွာကို ပြန်လည်ထွက်ခွာ သွားကြပါတယ်။
ရွာသားတွေအနေနဲ့ နေရပ်ပြန်လိုကြောင်း ကချင်ဘာသာရေးခေါင်းဆောင်တွေနဲ့ ကချင်ငြိမ်းချမ်းရေးအကျိုးတော်ဆောင်အဖွဲ့ကို အကူအညီတောင်းပြီး ပြည်နယ်အစိုးရနဲ့ရော ကချင်လွတ်လပ်ရေးတပ်မတော် နှစ်ဖက်စလုံးကိုညှိနှိုင်းပေးပြီးနောက် အခုလို ပြန်သွားကြတာလို့ ကချင်ငြိမ်းချမ်းရေးအကျိုးတော်ဆောင် ဦးဆန်အောင်က ပြောပါတယ်။
“ညှိနှိုင်းတယ်ဆိုတာ ဒီဘက်ကိုညှိနှိုင်းတယ်။ ပြီးရင်အစိုးရဖက်က ညှိနှိုင်းတယ်။ တရားဝင်စာနဲ့ပဲ ကျနော်တို့ ပို့ဆောင်နေပါတယ်။ ရွာသားတွေ နဂိုကလည်းတပ်လည်းရှိတဲ့နေရာ မဟုတ်တဲ့ နေရာမှာ ရွာသားတွေကို ပစ်တာခတ်တာဖြစ်တဲ့အခါကျတော့ နောက်ဒီလို မဖြစ်ဖို့အ တွက်ကို ရွာမှာ ၀င်တာထွက်တာမရှိဖို့၊ ကေအိုင်အိုဘက်ကလည်း အဲဒီမှာ တပ်စခန်းတွေဘာတွေ ရွာထဲမှာ မထားဖို့၊ စစ်ဝတ်စစ်စားနဲ့ သေနတ်နဲ့ အ၀င်အထွက်မလုပ်ဖို့ ဆိုတဲ့ဟာလေးတွေ ကျနော်တို့ ညှိနှိုင်းပေးရတယ်။ စစ်တပ်ဖက်ကလည်း ပြည်နယ်အစိုးရကနေတဆင့် ညှိနှိုင်းတာပေါ့။ နောက်နောင် အရပ်ဖက်ကို ဒီလိုအဖြစ်မျိုးမဖြစ်ဖို့၊ ရွာပတ်ဝန်းကျင်မှာ စစ်ကြောင်းတွေရှိနေတယ်ဆိုရင်လည်း ပြန်ရုပ်ပေးဖို့၊ တပ်ဖက်ကလည်း ဟိုတလောတုန်းက ညှိနှိုင်းတဲ့အနေအထားနဲ့ ရုပ်ပြီးပါပြီဆိုတဲ့ အနေထားမျိုးရှိတဲ့အပြင် လမ်းမှာရှိတဲ့ ဂိတ်တွေလည်း ခွာဖို့အတွက် ညှိနှိုင်းပြီးမှာ ကျနော်တို့သွားတာပေါ့။ ”
စစ်ရှောင်ဒုက္ခသည် ၁၀၀၀ ကျော်ဟာ ဒီကနေ့ နမ္မတီးကနေ မွန်းလွဲ ၁၂ နာရီလောက်က စတင်ထွက်ခွာသွားကြပြီး အစိုးရအဖွဲ့စည်းတွေ၊ လူမှုကူညီရေးအဖွဲ့တွေနဲ့ ဘာသာရေးအဖွဲ့တွေရဲ့ ကားအစီး ၁၀၀ လောက်နဲ့ လိုက်ပါပို့ဆောင်နေတယ်လို့လည်း ဘာသာရေးဆရာ ဦးလဂျာ က ပြောပါတယ်။
“ဒုက္ခသည်အားလုံးက ၁၁၀၀ ကျော်တယ်။ အခု ကားကအစီး ၁၀၀ ကျော်ပြန်နေတယ်။ အခုသူတို့ ဆုံးဖြတ်ချက်နဲ့သူတို့ပါ။ သူတို့ဟိုမှာ အိုးအိမ်စွန့်ခွာပြီးမှ ကျွဲနွား တိရိစ္ဆာန်အကုန်လုံးပေါ့ လယ်တွေဘာတွေ စွန့်ပစ်ထားတယ်ဆိုတော့ သူတို့ အစီစဉ်နဲ့ပဲ ပြန်တာပါ။ ကားတွေကတော့ ဘာသာရေးရော၊ ဌာနဆိုင်ရာအစိုးရအဖွဲ့ရောကူညီပေးပါတယ်။”
ဒါ့အပြင် တပ်မတော်ဘက်ကလည်း ဒုက္ခသည်တွေမထွက်ခွာခင် ဆေးကုသပေးတာ၊ ပစ္စည်းတွေ တင်ပေးတာတွေလည်း ကူညီလုပ်ဆောင်ပေးခဲ့တယ်လို့လည်းပြောပါတယ်။
နမ္မတီးမြို့နဲ့ ၁၃ မိုင်လောက်ဝေးတဲ့ ကဆုန့်ရွာမှာ သြဂုတ် ၁၁ ရက်နေ့ မနက် ၁၀ နာရီက မြန်မာ့တပ်မတော်က အင်အား ၃၀၀ လောက်နဲ့ဝင်ရောက်ပြီး ကေအိုင်အေတပ်နဲ့ တိုက်ပွဲဖြစ်ပွား ခဲ့ပြီး ဒေသခံရွာသားတွေ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတာဖြစ်ပါတယ်။











