DVB Logo
Home
မြန်မာသတင်း
စစ်ဘေးရှောင်များကို ကူညီရန်သွားသည့် လိုင်စင်မဲ့ယာဉ် ၄ စီးနှင့် ယာဉ်မောင်း ၄ ဦးကို ဖမ်းဆီး
DVB
·
August 22, 2017
စစ်ဘေးရှောင်များကို ကူညီရန်သွားသည့် လိုင်စင်မဲ့ယာဉ် ၄ စီးနှင့် ယာဉ်မောင်း ၄ ဦးကို ဖမ်းဆီး
Donate to DVB

 

ဖားကန့် ကချင်အမျိုးသား လူမှုဖွံ့ဖြိုးရေးဖောင်ဒေးရှင်းမှ လိုင်စင်မဲ့ယာဉ် ၄ စီးနဲ့ ယာဉ်မောင်း ၄ ဦးတို့ကို ကာမိုင်းမြို့  နယ်မြေရဲစခန်းက ဥပဒေနှင့်အညီ အရေးယူထားတယ်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။

ကချင်ပြည်နယ်၊ ကာမိုင်းမြို့ဝင်စစ်ဆေးရေးဂိတ်မှာ မြို့နယ်ထွေအုပ်၊ တပ်မတော်နဲ့ ရဲတပ်ဖွဲ့ဝင်တွေပါဝင်တဲ့ ပူးပေါင်းအဖွဲ့က ရှောင်တခင်စစ်ဆေးစဉ်မှာ  သြဂုတ် ၁၇ ရက် မနက်က ဖားကန့်မြို့ရှိ ကချင်အမျိုးသား လူမှုဖွံ့ဖြိုးရေးဖောင်ဒေးရှင်းမှ ဥက္ကဋ္ဌ ဦးလမောင်လတောင် ဦးဆောင်တဲ့ လူ ၃၁ ဦး လိုက်ပါလာတဲ့  မော်တော်ယာဉ် ၈ စီး အနက် ၄ စီးမှာ လိုင်စင်မဲ့ ယာဉ်တွေ ဖြစ်ကြောင်း  စစ်ဆေးတွေ့ရှိခဲ့တာလို့ဆိုပါတယ်။

အဆိုပါ တရားမ၀င်ဥပဒေမဲ့ မော်တော်ယာဉ် ၄ စီး ပေါ်ပါထောက်ပံ့ရေးပစ္စည်းတွေကို ကာမိုင်းမှ နမ္မတီးသို့ ဆက်လက်ပို့ဆောင်နိုင်ဖို့ တာဝန်ရှိသူတွေက ၆ ဘီးယာဉ် ၁ စီးအား စီစဉ်ပေးခဲ့ပေမယ့် လက်မခံဘဲ ပတ်ဝန်းကျင်ကျေးရွာတွေက လူအင်အား ၁၀၀ ခန့် ၀န်းရံပြီး လိုင်စင်မဲ့ယာဉ် ၄ စီးကို ရဲစခန်းအနီးရှိ ကောင်ရာနှစ်ခြင်းဘုရားရှိခိုးကျောင်းသို့ ဥပဒေမဲ့ ရွှေ့ပြောင်းဝင်ရောက်သွားခဲ့တယ်လို့လည်း တပ်မတော် သတင်းထုတ်ပြန်ချက်မှာရေးပါတယ်။

အခုလိုကားနဲ့ ယာဉ်မောင်းတွေကို အရေးယူထားတဲ့အတွက် ကားပေါ်ပါပစ္စည်းတွေကိုပဲ အပ်ခဲ့ကြောင်း  ကချင်လူမှုကူညီရေးအဖွဲ့က ဦးလတောင်က ပြောပါတယ်။

“ကားနဲ့ ယာဉ်မောင်းကိုပါ အရေးယူထားပြီးတော့ ဒီပစ္စည်းတွေက မင်းတို့ယူထားပါဆိုတဲ့ အခါကျတော့ သိပ်သဘာဝ မကျဘူးလေ။ ဆိုတော့ အဲဒီပစ္စည်းတွေအပါ သူတို့ကိုပေးလိုက်တာ။ အဲဒီနောက်မှာတော့ အဲဒီကားမှာ ပါလာတဲ့ပစ္စည်းကို ဘာလုပ်လိုက်လဲဆိုတာ ဦးတို့နဲ့ မဆိုင်တော့ဘူးလေ။ ဒါပေမယ့် ကျနော်မနေ့က စုံစမ်းကြည့်တဲ့အခါကျတော့ သူတို့က အဲဒီ အိုင်ဒီပီစခန်းကို လာပြီးပေးတယ်လို့ပြောတယ်။ ဒါပေမယ့် CAMP က လက်မခံဘူးတဲ့။ အလှူရှင်မပါဘဲနဲ့တော့ သိပ်ပြီးတော့တော့အဓိပ္ပါယ်မရှိဘူးပေါ့ဗျာ။ အဲဒါကြောင့်သူတို့က လက်မခံဘူး။”

ကား ၄ စီးကို ပြန်အပ်လိုက်ပြီး ကျန်တဲ့ကား ၄ စီးနဲ့ပစ္စည်းတွေကို ယူပြီး နဂိုစီစဉ်ထားတဲ့ စစ်ရှောင်စခန်းဆီကို ကိုယ်တိုင်သွားရောက်လှူဒါန်းခဲ့တယ်လို့လည်းသိရပါတယ်။

ဒီလိုအရေးယူခံရတဲ့အပေါ် မကျေနပ်ဘူးလို့ဦးလတောင်က“ အဲဒီနေ့မှာ ဒီ  without ကားက ဖြတ်သွားဖြတ်လာတာ မနည်းဘူးလေ။ နေ့တိုင်းလို ဖြတ်သွားနေတဲ့  အဲလောက်များတဲ့ ကားတွေထဲမှာ ဒီ without က ကျနော်တို့ ၄ စီးထဲ မဟုတ်ဘူးလေ။ နေ့တိုင်းသွားလာနေတဲ့ without ကားရာချီကြားတဲ့ကနေ ကျနော်တို့ စီးလာတဲ့ ဒီ ၄ စီးကို ကွက်ပြီးတော့ ဖမ်းတယ် ဆိုကတည်းက အဲဒါ ကျနော်လည်းမစဉ်းစားတတ်တော့ဘူး။ နောက်ပြီး ဖမ်းရုံတင်မကဘူး ဦးတို့မှာတဦးချင်း မှတ်ပုံတင်စစ်တယ်။ စစ်တာတောင်ရိုးရိုးစစ်တာ မဟုတ်ဘူး။ မှတ်ပုံတင်နဲ့ ပါလာတဲ့သူနဲ့ မျက်နှာချင်းတူလားမတူလား စသဖြင့် ဓာတ်ပုံရိုက် အမျိုးမျိုးပေါ့။ တဦးချင်းစီ အဲလိုလုပ်တာ။  ညနေပိုင်း ၄ နာရီလောက်ရောက်မှ မင်းတို့ကားကို without အနေနဲ့ ဖမ်းလိုက်ပြီး လို့ အဲလိုပြောတာ။  အဲဒါကြောင့် တမင်သက်သက် ခွဲခြားပြီးတော့ ဆက်ဆံခံရတယ်။ အဲဒါကို သိပ်ပြီးတော့ မကျေနပ်ဘူး” လို့ပြောပါတယ်။

ကချင်ပြည်နယ်၊ နမ္မတီးမြို့နယ်၊ ကဆုန့်ရွာမှာ မြန်မာ့တပ်မတော်နဲ့ ကေအိုင်အေတို့ တိုက်ပွဲ ဖြစ်ခဲ့တာကြောင့် နမ္မတီးကို ထွက်ပြေး တိမ်းရှောင်ခဲ့တဲ့ ရွာသားတွေကို ဖားကန့်အခြေစိုက် ကချင်အမျိုးသားလူမှုဖွံ့ဖြိုးရေးဖောင်ဒေးရှင်းက အကူညီပစ္စည်းတွေနဲ့အတူ ကား ၈ စီးနဲ့ သြဂုတ် ၁၇ရက်က ထွက်ခွာရာမှာ ကာမိုင်းစစ်ဆေးရေးဂိတ်မှာ တားဆီးအရေးယူခံရတာဖြစ်ပါတယ်။

ဓာတ်ပုံ- CINCDS

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013