ရန်ကုန်မြို့တော်ခန်းမရှေ့ အလုံဈေးသူဈေးသားများ ဆန္ဒပြ
DVB
·
August 21, 2017

အလုံဈေးသစ် တည်ဆောက်တာနဲ့ ပတ်သက်ပြီး သြဂုတ်လ ၂၁ ရက်နေ့ နေ့လယ်မှာ ဈေးသူဈေးသားတွေက အလုံဈေးကနေ ရန်ကုန်တိုင်းဒေသကြီး စည်ပင်ရုံးအထိ ချီတက်ဆန္ဒပြ ခဲ့ကြပါတယ်။
ဈေးသစ်တည်ဆောက်တာနဲ့ ပတ်သက်ပြီး ဈေးသူဈေးသားတွေက စတင်တည်ဆောက် ကတည်းက အကြိမ်ကြိမ်ကန့်ကွက်တာတွေ ပြုလုပ်ခဲ့ပြီး အခုတကြိမ်မှာတော့ ရန်ကုန်မြို့တော် စည်ပင်ရုံးရှေ့ထိ ချီတက်ခဲ့ကြတာပါ။
လူအင်အားရာကျော်လောက်ရှိတဲ့ ဈေးသူဈေးသားတွေဟာ ဆန္ဒပြတဲ့လမ်းတလျောက်မှာ ဈေးတည်ဆောက်ရေးနဲ့ ပတ်သက်ပြီး တာဝန်ယူမှုတာဝန်ခံမှုရှိဖို့၊ မူလဆိုင်ခန်း မူလအကျယ်အ၀န်း ပြန်လည်မရဘဲ ဈေးသစ်တည်ဆောက်တာကို ကန့်ကွက်ကြောင်းနဲ့ သဘောတူညီချက်တွေကို တရားဝင်ကြေညာပေးဖို့ စတာတွေကို ကြွေးကြော် တောင်းဆိုခဲ့ကြပါတယ်။
ကန့်ကွက်တာတွေရှိနေတဲ့ အလုံဈေးသစ်တည်ဆောက်တာနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်း လွှတ်တော် ဥက္ကဋ္ဌ၊ မြို့တော်ဝန်၊ စည်ပင်သာယာရေးကော်မတီဝင်တွေနဲ့ တိုင်းလွှတ်တော် ကိုယ်စားလှယ်တွေ သြဂုတ် ၁၉ ရက်က တွေ့ဆုံခဲ့ကြပါတယ်။ ဒီတွေ့ဆုံပွဲမှာ ဈေးသစ်ဆောက်ပြီးရင် အောက်ထပ်ကို ပြန်ပေးဖို့ စည်ပင်သာယာရေးအဖွဲ့နဲ့ လူထုတွေ ကတိကဝတ်ရှိတယ်ဆိုတာကို မသိခဲ့ဘူးလို့ မြို့တော်ဝန်က ဝန်ခံ ပြောဆိုခဲ့ပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းကလည်း အလုံဈေးကော်မတီက တာဝန်ရှိသူနဲ့ ဈေးများဌာနက တာဝန်ရှိသူတွေ အငြင်းပွားနေတဲ့ ဗီဒီယိုဖိုင်တခု လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ထွက်ပေါ်လာခဲ့ပါတယ်။